၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ မြန်မာလူထုအတွက် မြန်မာအနာဂတ် (မျိုးသာထက်)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ မြန်မာလူထုအတွက် မြန်မာအနာဂတ်

 

မျိုးသာထက်

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈၊ ၂၀၂၀ တနင်္ဂနွေမှာ ကျင်းပပြုလုပ်သွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက်မှာ အခုဆိုရင် နိုင်ငံရေးပါတီတွေရဲ့ ရက်ပေါင်း ၆၀ မဲဆွယ်စည်းရုံးမှုတွေ စတင်ခဲ့တာ သီတင်းတပတ်တောင်ကျော်လာပါပြီ။ ရွေးကောက်ပွဲရက်ဆီရောက်ဖို့ကလည်း ရက်ပေါင်း ၅၀ သာသာပဲ ကျန်ပါတော့တယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ ကိုဗစ်-၁၉ ခေတ်မှာ ကျင်းပမှာမို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအောက်မှာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံံးရေးတွေကို ဆောင်ရွက်ကြရတာဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းနဲ့ မဲဆန္ဒရှင်တို့ကြား လူချင်းဆုံတွေ့ဖို့ထက် အွန်လိုင်းကနေပဲ ဆုံကြတွေ့ကြ မေးကြမြန်းကြပြုနိုင်တော့မှာပါ။ နယူးနော်မယ်လိုက်ဖ်စတိုင်လို့ အင်္ဂလိပ်လိုခေါ်ဝေါ်သုံးနှုန်းကြတဲ့ နေထိုင်မှုပုံစံသစ်နဲ့နေ့စဉ်ဘဝမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုလည်း ပုံစံအသစ်နဲ့စခန်းသွားကြရမှာပါ။

ဒါကိုပဲ တချို့က အင်န်အယ်လ်ဒီဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို အသာယူထားသလို ပြောသံဆိုသံတွေကိုလည်း ကြားရပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို သတ်မှတ်ရက်မှာ မကျင်းပဖြစ်ရင် ဘာတွေများဆိုးဆိုးရွားရွား ဖြစ်သွားနိုင်မှာလဲလို့ စိုးရိမ်ကြတာတွေကိုလည်း ဒီကနေ့ခေတ် ဖေ့စ်ဘုတ်စာမျက်နှာတွေပေါ် ဖတ်နေတွေ့နေရပါတယ်။ တချို့ကလည်း ပိုပိုသာသာတွေ လျှောက်ပြောနေကြသလို တချို့ကလည်း အချက်အလက်မှားတွေနဲ့ ငြင်းခုံနေကြပါတယ်။ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်နဲ့ ဆိုင်ရာတွေကလည်း ထုတ်ပြန်ထားပြီးတဲ့အချိန်ဇယားအတိုင်း အလုပ်တွေပြီးမြောက်ဖို့ကို ကိုဗစ်-၁၉ ခေတ်ကာလအတွင်းမှာ ပြီးစီးအောင်မြင်အောင် ဆောင်ရွက်ကြရမှာမို့ လိုက်ရှင်းတာတုံ့ပြန်တာတွေကို အချိန်နဲ့တပြေးညီမဆောင်ရွက်နိုင်ပါဘူး။ ဒီတော့လည်း ဖေ့စ်ဘုတ်ပေါ်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အမျိုးမျိုးထင်ကြေးပေးပြောဆိုနေတာတွေကို ဖတ်နေရပါတယ်။

အခြေအနေပုံစံသစ်မှာကျင်းပတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဘယ်သူကမှ အသာစီးရမနေတာကတော့ သေချာပါတယ်။ အားလုံးဟာ စိုးရိမ်ပူပန်မှုတွေနဲ့ ဖြတ်သန်းနေကြရတာပါပဲ။ စက်တင်ဘာလဆန်းကစပြီး ရန်ကုန်မှာဆိုရင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုနှုန်းဟာ အလွန်ကို မြန်လာများလာပါတယ်။ တရက်တရက် ပိုးကူးစက်သူအရေအတွက်ဟာ မနက်ညပေါင်းလိုက်မယ်ဆိုရင် နှစ်ရာသုံးရာအထိရှိလာပါတယ်။ ဒီတော့ ရန်ကုန်မြို့ထဲက ရပ်ကွက်တွေ လမ်းတွေမှာ ပြင်ပက လူတွေ၊ ကားတွေ အလွယ်တကူဝင်ထွက်လို့မရအောင် လမ်းကိုပိတ်ဆို့ထားတာတွေ၊ လမ်းထိပ်မှာ လမ်းသားတချို့က လမ်းကိုစောင့်ရှောက်ပြီးတော့ ဝင်ထွက်သွားလာတဲ့သူတွေကို မေးမြန်းစစ်ဆေးတာ၊ ဈေးသည်တွေဆိုလည်း ဖုန်းနံပါတ်နဲ့ နေရပ်လိပ်စာမေးမြန်းတာမျိုးကို လုပ်ဆောင်ကြပါတယ်။ ကျွန်တော်တို့ လမ်းမှာဆို လာနေကျဈေးသည်တွေဟာ နှစ်ရက်သုံးရက်ပျောက်သွားပါတယ်။ ရေသန့်ယူနေကျ ရေသည်ကိုဆို နှစ်ရက်လောက်စောင့်လိုက်ရပါတယ်။ ဒါပေမဲ့ အရင်တခေါက်လို ပြူးပြူးပြာပြာ ဝရုန်းသုန်းကားဖြစ်တာမျိုးမဟုတ်ဘဲ စနစ်တကျစိတ်ပူတာမျိုးဖြစ်ပါတယ်။ ကျွန်တော်ကတော့ သဘောကျပါတယ်။ လမ်းသူလမ်းသားတွေဟာ ကိုယ့်လမ်းကိုရောဂါပိုးမကူးစက်အောင် စောင့်ရှောက်ရမယ်ဆိုတဲ့အသိကို ရကြပါတယ်။ စောင့်ရှောက်ကြပါတယ်။ ကျွန်တော်တို့ကိုယ်စား သူတို့ဟာ လမ်းကိုစောင့်ရှောက်ပေးနေကြပါတယ်။

လမ်းပိတ်ဆို့မှုတွေနဲ့ပတ်သက်လို့လည်း ဖေ့စ်ဘုတ်ပေါ်မှာ လူတွေကထင်မြင်ချက်တွေ အမျိုးမျိုးရေးတင်ကြပါတယ်။ ကိုယ့်စိတ်နဲ့မတွေ့သလို ထင်ရာတွေပြောဆိုကြပါတယ်။ များသောအားဖြင့်တော့ ထိန်းချုပ်မှုကို လွန်ကဲတယ်လို့ ပြောကြတာများပါတယ်။ ကျွန်တော့်ဖေ့စ်ဘုတ်အကောင့်ကနေ ဖတ်ရသလောက်မှာပေါ့။ ပြည်သူတွေဟာ ဒီနေ့ခေတ်မှာ သူတို့ကို မလိုအပ်ပါဘဲ လွန်လွန်ကျူးကျူးထိန်းချုပ်တာကို မကြိုက်ကြပါဘူး။ ကျွန်တော်တို့လမ်းကတော့ စီးပွားရေးလမ်းဖြစ်ပါတယ်။ လမ်းထဲမှာ ဈေးဆိုင်တွေ၊ စာသင်ကျောင်းတွေရှိလို့ လူအဝင်အထွက် ကားအဝင်အထွက် အလွန်များပါတယ်။ ဈေးသည်တွေနဲ့ အလှူခံတွေဟာလည်း အလွန်များပါတယ်။ အခုလို ကိုဗစ်-၁၉ ခေတ်မှာ လမ်းပိတ်ပြီး လမ်းကိုအရံအတားတွေနဲ့ စောင့်ရှောက်ထားချိန်မှာ ကားအဝင်အထွက်က မရှိသလောက်ကျဆင်းသွားပါတယ်။ လမ်းမှာ လမ်းသားတွေပိုင်တဲ့ကားတွေ ရပ်ထားတာကလွဲလို့ ကားအသွားအလာဟာ မရှိသလောက်ရှင်းလင်းနေပါတယ်။ လမ်းတဘက်ကို ကားအဝင်လုံးဝပိတ်လိုက်တော့ လမ်းထဲကကားက ပြန်ဝင်မယ်ဆိုရင် လမ်းပြောင်းပြန်ကားဝင်ရပါတယ်။ လူအဝင်အထွက်ကတော့ မပြတ်ပါဘူး။ ဈေးဆိုင်တွေနဲ့ စာသင်ကျောင်းက ဝန်ထမ်းတွေဟာ အလုပ်တွေကို လာမြဲလာဆဲပါပဲ။ ဒါပေမဲ့ သူတို့နဲ့ဆက်ဆံဘက် ဈေးဝယ်တွေနဲ့ ကျောင်းသားတွေကတော့ မလာတော့ပါဘူး။ ဒါဟာ ရန်ကုန်တိုင်းအတွင်း အရပ်စုံကနေလာကြမယ့် လူတွေကို တားမြစ်လိုက်တာပဲ ဖြစ်ပါတယ်။ သူတို့ဟာ ကျွန်တော်တို့လမ်းထဲကိုလာကြမယ်ဆိုရင် သူတို့မှာ ပိုးပါလာမယ်၊ မပါလာဘူး ကျွန်တော်တို့ မသိနိုင်ပါဘူး။ အခုနောက်ဆုံး ကိုဗစ်-၁၉ ရောဂါပိုးအခြေအနေကလည်း သာမန်ဆို လူကောင်းအတိုင်း လက္ခဏာမပြဘဲ ရှိနေနိုင်တယ်လို့ ပြောကြပါတယ်။

ကျွန်တော်ဆိုအရေးတကြီးသွားစရာရှိတဲ့ကိစ္စကိုတောင် မသွားဘဲနေလိုက်ပါတယ်။ ဒါပေမဲ့ ဈေးရောင်းသူတွေအများစုကတော့ အလုပ်လာမှ လုပ်ခလစာရကြမှာမို့ သွားကြလာကြရပါတယ်။ ကျွန်တော့်ညီဆိုလည်း သူ့အလုပ်ကိုနေ့စဉ်မပြတ်သွားနေရတာပါပဲ။ တာဝန်တွေယူထားသူတွေဆိုရင် လုပ်ခလစာကြောင့်ထက် သူတို့တာဝန်တွေကို ဆောင်ရွက်ဖို့ ကိုဗစ်-၁၉ ရောဂါပိုးတွေကြားထဲမှာပဲ မဖြစ်မနေသွားလာလုပ်ကိုင်နေကြရတာပဲဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်အထူးအလေးပြုလိုတာက ကျန်းမာရေးဝန်ထမ်းတွေပဲဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီး ကျန်းမာရေးဝန်ကြီးကစပြီး ဟိုးအောက်ခြေသန့်ရှင်းရေးဝန်ထမ်းအထိ အဆင့်ဆင့်သောကျန်းမာရေးဝန်ထမ်းတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်စပြီး အခုထက်ထိ ကိုးလတိုင်တိုင် အအားမရ အနားမရကြသေးပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ကိုဗစ်-၁၉ ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့တဲ့ မတ်လဒုတိယပတ်ကစပြီးတွက်မယ်ဆိုရင် အခုဆိုရင် အသည်းအသန်ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေခဲ့တာ ခြောက်လတိုင်ခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင် မြန်မာ့ကျန်းမာရေးဝန်ထမ်းတွေဟာ ဝန်နဲ့အားမမျှမတကို ဆောင်ရွက်နေကြရပါတယ်။ သူတို့ဟာ လက်ပန်းကျနေချိန်မှာ အားသွန်ခွန်စိုက်လှော်ခတ်နေရသလိုဖြစ်နေပါတယ်။ လမ်းတွေပိတ်ပြီး ကိုယ့်လမ်းကိုယ်ကာကွယ်စောင့်ရှောက်နေသူများဟာ တနည်းအားဖြင့် ဖိအားတွေအလွန်များနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို နိုင်တဲ့ဘက်နေ ကူနေကြတာလို့ပဲ ကျွန်တော်နားလည်ပါတယ်။

တကယ်တော့ ကျန်းမာရေးဝန်ထမ်းတွေဟာ မြန်မာပြည်မှာ ကိုဗစ်-၁၉ ရောဂါပိုးကို နှိမ်နင်း ကာကွယ်စောင့်ရှောက်တဲ့နေရာမှာ သူတို့အသက်တွေ၊ ဘဝတွေ၊ မိသားစုတွေနဲ့ ချစ်ခင်သူတွေကို နောက်ထားလို့ ပြည်သူတွေရဲ့အသက်တွေကို ကာကွယ်စောင့်ရှောက်နေကြတာဖြစ်ပါတယ်။ အဲဒီအချိန်မှာ စောင့်ရှောက်ခံပြည်သူတချို့က ပေါ့ပေါ့ဆဆနေထိုင်ကြပြီး ရောဂါပိုးကိုဖြန့်ဝေကြပါတယ်။ တချို့ကျတော့လည်း ပေါ့ပေါ့ဆဆမနေကြပေမယ့် နိုင်တဲ့ဘက်က ဆောင်ရွက်နေကြသူတွေကို မျက်စိဒေါက်ထောက်ကြည့်ပြီး ဝေဖန်နေကြပါတယ်။ ဖေ့စ်ဘုတ်ပေါ်ကနေ အသာလေးပြောဆို ဝေဖန်နေကြပါတယ်။ သူတို့မှာပြောဆိုခွင့်ရှိကြပါတယ်။ လူတိုင်းဟာ လွတ်လပ်စွာထုတ်ဖော်ရေးသား ပြောဆိုခွင့်တွေရှိကြပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း ကျန်းမာရေးဌာနနဲ့ သက်ဆိုင်ရာရဲ့ အဆင့်ဆင့်သော ညွှန်ကြားချက်တွေအတိုင်း ဆောင်ရွက်လုပ်ကိုင်နေကြရတာတွေရှိပါတယ်။ ဒါကိုလည်း အသိအမှတ်ပြုတာ၊ ကျေးဇူးတင်တာ၊ လက်ခံအားပေးတာတွေကို လုပ်ဆောင်ကြရပါတယ်။ တချို့ကိစ္စတွေကို ကျွန်တော်တို့ကိုယ်တိုင်မလုပ်ဆောင်နိုင်ကြပါဘူး၊ မကူမလှူနိုင်ကြပါဘူး။ ဒါဆိုရင် ကျွန်တော်တို့ ဘာတတ်နိုင်မလဲ၊ နိုင်ငံသားတဦးအနေနဲ့ တတ်နိုင်တဲ့ဘက်နေ အကောင်းဆုံးပူးပေါင်းဆောင်ရွက်ပေးသင့်ပါတယ်။

ကိုဗစ်-၁၉ ဟာ မြန်မာအတွက်တင် ရောဂါအသစ်မဟုတ်ပါဘူး။ တကမ္ဘာလုံးအီစိမ့်နေအောင် ခံကြရတာပါ။ ယူကေနိုင်ငံမှာဆိုလည်း စည်းမျဉ်းတွေဖြေလျော့ပြီးနောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုတွေ ၆၀ ရာခိုင်နှုန်း ပြန်တိုးလာလို့ လူခြောက်ဦးအထိပဲ စုနိုင်မယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ကျွန်တော်တို့မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် လူ ၅၀ ဦးအထိ မဲဆွယ်စည်းရုံးဖို့ကို ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း လူတဦးနဲ့တဦး ရှေ့နောက်ဝဲယာ ခြောက်ပေစီခွာလို့ နေကြရမှာဖြစ်ပါတယ်။ အဲဒါကို ဘယ်ပါတီကမှ ကင်းလွတ်ခွင့်မရကြပါဘူး၊ ရွေးကောက်ပွဲဝင်မယ့် ပါတီတိုင်း ကိုယ်စားလှယ်တိုင်း လိုက်နာကြရမှာဖြစ်ပါတယ်။ ရေပြင်ညီစည်းမျဉ်းတွေဟာ အတူတူပဲဖြစ်ပါတယ်။ အာဏာရပါတီက လူထုထောက်ခံမှုပိုရနေတာကတော့ သိပါတယ်။

ဖေ့စ်ဘုတ်တခုလုံးမှာရော လမ်းပေါ်ကကားတွေမှာ အိမ်တချို့မှာ ရဲရဲတောက် အင်န်အယ်လ်ဒီအလံတော်တွေလွှင့်ထူထားတာကို မြင်သာပါတယ်။ တခြားနိုင်ငံရေးပါတီတွေလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ပါတီကို ထောက်ခံမယ့်သူတွေကို စည်းရုံးကြရမှာပါ၊ မဲဆွယ်ကြရမှာပါ။ တခြားပါတီတွေက စည်းကျော်ဘောင်ကျော်လုပ်တာတွေ့ရင်တော့ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားနိုင်ပါတယ်။ ပြည်သူတွေဟာ နှစ်ပေါင်းများစွာ စစ်အာဏာရှင်တွေအောက် ပြားပြားမှောက်နေခဲ့ရလို့ ပင်ပန်းလှပါပြီ။ အခုလည်း အင်န်အယ်လ်ဒီခေတ်မှာ နေလို့မဝသေးခင် ကိုဗစ်-၁၉ ရောဂါပိုးနဲ့ တည့်တည့်လာတိုးနေလို့ ဒုက္ခများနေရပြန်ပါတယ်။ ဒီတော့ မြန်မာလူထုရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ကျန်းမာရေးမထိခိုက်စေကြဘဲ ဖြတ်သန်းနိုင်ဖို့ကိုသာ အာရုံထားကြဖို့ပါ။ အာရုံမလွဲမှသာ အောင်လံခိုင်မှာဖြစ်ပါကြောင်း စေတနာကောင်းနဲ့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •