” ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ မှတ်တမ်း “

Spread the love
  •  
  •  
  •  
  •  
  •  
  •  

” ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ မှတ်တမ်း ”
++++++++++++++++++++++++++++++

ကျနော်နဲ့ ကိုစိုးသူရထွန်းက ညဉ့်နက်မှ အိပ်လေ့ရှိပါတယ်..။

ဒီကနေ့မနက်စော.. နှစ်ချက်တီးမှာ စည်ပင်ရိပ်သာဝိုင်ဖိုင် စဒေါင်းသွားပါတယ်..။

မနက်သုံးနာရီ လင်းအားကြီးမှာ.. MPT ဖုံးလိုင်းတွေ သုံးမရတော့ပါဘူး..။ နောက်သိပ်မကြာခင် မနက်လေးနာရီလောက်မှာ တယ်လီနောဖုံးလိုင်းတွေပါ.. ပြတ်တောက်သွားပါတယ်..။

ထူးခြားအခြေအနေ တစ်ခုခုဖြစ်နေပြီဆိုတာ.. ကျနော်တို့နှစ်ယောက် သိလိုက်ပါပြီ..။

တပြိုင်နက်ထဲမှာ.. စည်ပင်ဧည့်ရိပ်သာဘေး လမ်းမပေါ်က.. ကားကြီးတွေ တဝေါဝေါဖြတ်မောင်းတဲ့ အသံတွေကြားလာရပြီး.. ခွေးအူသံတွေလည်း ဆူဆူညံညံ ကြားလာရပါတယ်..။

ကိုစိုးက.. သူ့တပည့်ကျော်.. ရဲဘော်မောင်ကျော်ကို ထွက်ကြည့်ခိုင်းတော့..
” ဆရာ.. စစ်ကားတွေ အများကြီးပဲတဲ့ “..။

တင့်ကားတွေတောင် ပါသေးဆိုပဲ..။ အမေရိကန်ဆင်နွဲတဲ့ ပင်လယ်ကွေ့ စစ်ပွဲတောင် အဲ့သလောက် စစ်အင်အားမသုံးခဲ့ဘူး ထင်ပါရဲ့..။

ဒါထားပါတော့.. ။

အဲ့သလိုနဲ့ မနက်ငါးနာရီလောက်စပြီး.. မအိပ်နိုင်တော့ဘဲ.. Sky Net ထထိုင်ကြည့်ရင်း Channel News Asia (CNA) က.. လူထုခေါင်းဆောင်အမေစု နဲ့ သမ္မတကြီးကို ထိန်းသိမ်းထားလိုက်ပြီဆိုတဲ့ Breaking News တောက်လျှောက် တက်လာပါတယ်..။

CNN, BBC ချန်နယ်များလည်း ကြည့်လို့ရနေသေးပေမယ့်.. အာဏာသိမ်းတဲ့ သတင်းတော့ ပါမလာသေးပါဘူး..။

တပ်မတော်ပိုင် မြဝတီချန်နယ်ကတော့ ပါချုပ်ဆရာတော်ကြီးရဲ့ ဗုဒ္ဓတရားတော်တွေထုံသင်းစွာ တင်ဆက်နေပါတယ်..။

မနက် ၆ နာရီခွဲမှာတော့.. CNN, BBC နဲ့ တခြားသတင်းချန်နယ်တွေပါ.. ပြတ်တောက်သွားပါတော့တယ်..။

ကျနော်တို့ စည်ပင်ရိပ်သာက ကိုယ်စားလှယ်များအားလုံးလည်း အဲ့ဒီအချိန်မှာ အာဏာသိမ်းလိုက်ပြီဆိုတာ သိနေကြပါပြီ..။

စည်ပင်ရိပ်သာ(၂)ရဲ့ ထွက်ပေါက်မှန်သမျှနဲ့ လေးဘက်လေးတန်မှာ.. စစ်ကားနဲ့စစ်သားတွေ နေရာယူထားတာကိုလည်း မြင်နေကြရပါတယ်..။

ဘယ်သူမှတော့.. တုန်တုန်လှုပ်လှုပ် ပူပူပန်ပန် ဖြစ်မနေကြပါဘူး..။ လမ်းလျှောက်သူကလျှောက်၊ ထုံးစံအတိုင်းအာရုံဘုရားဝတ်တက်သူကတက်၊ ဖြစ်နေတဲ့အခြေအနေအပေါ်ကို ဟိုစုစု ဒီစုစုနဲ့ပြောသူကပြောနဲ့ အေးဆေးပါပဲ..။

သို့သော်.. စိတ်ကောက်နေတာ နှစ်ရက်လောက်ရှိပြီး ဝဇီပိတ်ကျင့်နေတဲ့.. မဒမ်ကတော့ မအေးဆေးရှာပါဘူး..။

တီဗွီဖွင့်ပြီး.. ရသမျှသတင်းလိုက်ကြည့်နေတဲ့ သူ့လင်တော်မောင် ကျနော့်နားလာပြီး .. ကျောပိုးအိတ်ထဲ ပစ္စည်းတွေ တစ်ခုပြီးတစ်ခု ထည့်နေလေရဲ့..။

ဒါက.. သားတိုက်ဆေးနဲ့ သွားပွတ်တံ၊ ဒါက.. မျက်နှာသစ်ဆေး၊ ဒါက.. တော် ချောင်းဆိုးရင်သောက်ဖို့ဆေး၊ ဒါက.. ပုံမှန်သောက်ရတဲ့ အသဲဆေး၊ ဒါက သောက်နေကျ အစာအိမ်ဆေး.. တဲ့..။

အင်္ကျီ အဝတ်အစားလေး.. နှစ်စုံလောက်လည်း ထည့်အုံးမှ တဲ့..။

သူ့ဖာသာသူ တီးတိုးရေရွတ်ရင်း.. တကယ်လို့များ လာခေါ်ရင်.. လိုက်သွားရမယ့် သူ့ယောကျ်ားအတွက် ပြင်ဆင်နေလေရဲ့..။

အမယ် အင်္ကျီအဝတ်အစားရွေးတော့.. စတစ်ကော်လာအဖြူနဲ့ ကချင်လုံချည် တစ်စုံကပါသေးဗျ..။

မနေနိုင်လို့.. ဟဲ့.. ငါ ပျော်ပွဲစားသွားမှာ မဟုတ်ဘူး..။ အဝတ်အစား အကောင်းတွေ အဲ့သလောက်မထည့်ပါနဲ့ဆိုတော့.. မောင်စိုးက ဝင်ပြောတယ်..။

ခင်ဗျားလွတ်လာရင်.. သားသားနားနားဝတ်ဖို့ တစ်စုံလောက်တော့ လိုသေးတယ်လေကိုတင်ရဲ့… ဟီးဟီးဟီး တဲ့..။

ကျနော်နဲ့ကိုစိုးက ပေါ့ပေါ့ပါးပါး အဲ့သလိုရယ်မောနေပေမယ့်.. မဒမ်ကတော့.. မျက်နှာမကောင်းရှာပါဘူး..။

အဲ့ဒီအချိန်.. ကျနော့်အခန်းကို ရင်းနှီးတဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ ရောက်လာကြပြန်ပါတယ်..။

ကျနော့်ဆီလာတာ ဆိုတာထက်.. ကျနော့်အမျိုးသမီးဆီ လာကြတာပဲ..။

ပဲခူးတိုင်းက ကိုယ်စားလှယ်က.. သူ့အိတ်ထောင်ထဲက ကျစ်ကျစ်ပါအောင် လိပ်ထားတဲ့ ပိုက်ဆံလေးထုတ်ပြီး..

” ဒါလေးကို.. သူ့မိန်းမနဲ့ကလေးတွေဆီ ပို့ပေးပါတဲ့ .. တော်ကြာ ကျနော်အထဲရောက်သွားရင်.. သူတို့တွေ စားဝတ်နေရေး ကသီနေမှာစိုးလို့တဲ့..။

နောက်တစ်ယောက်က.. ဒါက ကျနော့်မိန်းမ ဖုံးနံပါတ်ပါတဲ့..။ စိတ်မပူဖို့၊ နေကောင်းအောင်နေဖို့ ပြောပေးပါတဲ့..။

ကိုယ့်တွက်ကိုယ်တာထက်.. ကျန်ရစ်ခဲ့မယ့်သူတွေရဲ့အရေးကို ပူပန်နေတာက
ပိုကြပါတယ်..။

ကျနော်တို့ကတော့.. ဒီပါတီရဲ့ ဦးဆောင်မှု၊ ဒီခေါင်းဆောင်ရဲ့ လမ်းညွှန်မှုနောက်ကို ဘာပဲဖြစ်ဖြစ် ယုံယုံကြည်ကြည် လိုက်ပါဖို့ စိတ်ပိုင်းဖြတ်ပြီးကြသူတွေမို့ ကိုယ်တွက်ကိုယ်တာ စိုးရိမ်မှု စိုးစဉ်းမျှ မရှိကြသူတွေချည်းပဲ..။

သမိုင်းဝင်မယ့် ဒီနေ့အခင်းအကျင်းကို မှတ်မိသိရှိကြစေဖို့နဲ့ ကိုယ်နဲ့ထိစပ်တဲ့အပိုင်းကို မှတ်တမ်းအဖြစ်ရှိနေစေဖို့ ဒီပို့စ်ကို ရေးပါတယ်..။

မြန်မာပြည်သူပြည်သားအားလုံး.. အာဏာရှင်စနစ်က လွတ်မြောက်ပြီး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ..။

Tin Tun Naing

 

​ဦးတင်ထွန်းနိုင် သည် တတိယအကြိမ် လွှတ်​တော်အစည်းအ​ဝေးကို တက်​ရောက်ရန်​ နေပြည်​တော် စည်ပင်ရိပ်သာတွင် ရောက်ရှိ​နေ​သော ဆိပ်ကြီးခ​နောင်တိုမြို့နယ် ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်ဖြစ်ပါသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •