၂၀၂၁ခုနှစ် နှစ်သစ်ကူးဓမ္မသဘင်ကို ကိုဗစ်ကာလ ဖြစ်သဖြင့် TV ချယ်နယ် ၄ ခုမှသာ Live ထုတ်လွှင့် ကျင်းပမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

၂၀၂၁ခုနှစ် နှစ်သစ်ကူးဓမ္မသဘင်ကို ကိုဗစ်ကာလ

ဖြစ်သဖြင့် TV ချယ်နယ် ၄ ခုမှသာ Live ထုတ်လွှင့် ကျင်းပမည်

 

ကိုဗစ်ကာလ နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင် Live ထုတ်လွှင့် ပြသမည်

ရန်ကုန်၊ ဒီဇင်ဘာ (၁၄)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် ၂၀၂၁ ခုနှစ် နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ကို ယခင်နှစ်များကဲ့သို့ အထူးစည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပရန် စီစဉ်ထားသော်လည်း ယခုအခါ ကိုဗစ်-၁၉ ကာလဖြစ်သောကြောင့် တရားတော်နာ ပရိသတ်များ တရားတော်နာကုသိုလ်ယူနိုင်ရန်အတွက် ဆရာတော်များ၏ ဟောကြားမှု အစီအစဉ်အား ရုပ်သံလွှင့်ဌာနများမှ တိုက်ရိုက် Live ထုတ်လွှင့်ကာ ပြသသွားမည်ဖြစ်ကြောင်း နှစ်သစ်ကူး တရားအလှူတော်ဓမ္မသဘင် ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။

 

၂ဝ၂၁ ခုနှစ် ဇန်နဝါရီ (၁) ရက်မှ (၃) ရက်အထိ ကျင်းပမည့် ၂၀၂၁ ခုနှစ် နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်မှ ဆရာတော်များ၏ ဟောကြားမှု အစီအစဉ်အား MRTV-4 (မဟာဗောဓိ) Channel ၊ SkyNet Buddha Channel နှင့် Fortune TV တို့မှ တိုက်ရိုက် Live ထုတ်လွှင့်ကာ ပြသသွား မည်ဖြစ်ကြောင်း သိရသည်။

 

“နှစ်သစ်ကူးအချိန်အခါမှာ ဆရာတော်တွေရဲ့ သြဝါဒတော် တွေကို နာကြားပြီး ပြည်သူတွေ စိတ်ဓာတ်ခွန်အားရရှိစေမှာဖြစ်တာမို့ မှန်ကန်တဲ့ ဘဝလမ်း ကြောင်းပေါ်ကို ရောက်ရှိစေမှာလည်းဖြစ်ပါတယ်။ ယခင် နှစ်သစ်ကူး တရားပွဲတွေနဲ့မတူဘဲ ထူးထူးခြားခြား ကိုဗစ်ကာလ အချိန်အခါမှာ အစဉ်အလာမပျက်ကျင်းပခြင်းဖြစ်ပြီး နှစ်ကူးအတွက် ဥက္ကဋ္ဌ ဆရာတော်၊ ပါချုပ်ဆရာတော်နဲ့ သီတဂူ ဆရာတော်ကြီးအပါအဝင် ဆရာတော် ကိုးပါး တရားဟောကြားဖို့လျာထားပါတယ်” ဟု ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။

 

၂၀၂၁ ခုနှစ် နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင် ကျင်းပပြုလုပ်ရန် အတွက်အကြို ညှိနှိုင်းအစည်းအဝေးကို Zoom Meeting ဖြင့် ဒီဇင်ဘာ (၁၂) ရက်နေ့၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင် ကျင်းပရေးကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဥက္ကဋ္ဌ ဦးရှိန်ဝင်းနှင့် နှစ်သစ်ကူးတရား အလှူတော်ဓမ္မသဘင် ဖြစ်မြောက်ရေးကော်မတီမှ တာဝန် ရှိသူများဆွေးနွေးခဲ့ကြပြီး ဒုတိယအကြိမ် ညှိနှိုင်းအစည်း အဝေးကို Zoom Meeting ဖြင့် ဒီဇင်ဘာ (၁၅) ရက်တွင် ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း နှစ်သစ်ကူးတရား အလှူတော်ဓမ္မသဘင် ပြန်ကြားရေးဆပ်ကော်မတီမှ သိရသည်။

 

Ref; သတင်း – ပွင့်သစ္စာ

#ဓာတ်ပုံ- နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင် ပြန်ကြားရေး ဆပ်ကော်မတီ


Spread the love
  •  
  •  
  •  
  •  
  •  
  •