“”၂၁ ရက်ကြာ နပန်းပွဲ”” (ညီပုလေး)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

“”၂၁ ရက်ကြာ နပန်းပွဲ””

(ညီပုလေး)

ဒီနေ့ခေတ်စားနေတဲ့ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ နဲ့ ကျွန်တော် ဆုံတွေ့ခဲ့ရတယ်။ ၂ဝ၁၆ခုနှစ် ဇူလိုင်လက နှလုံးသွေးကြောကျဉ်းရောဂါနဲ့ မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးနှလုံးဌာနမှာ ၄ရက်ကြာ တက်ရောက် ကုသဖူးတာကလွဲလို့၊ ဆေးရုံ၊ ဆေးခန်းနဲ့ ကိုယ်နဲ့ဘာမှ မဆိုင်သလို နေခဲ့တယ်။ မနက်တိုင်း စက်ဘီးစီးသေး တယ်။ စာပေဟောပြောပွဲခရီးတွေအနှံ့ လျှောက်သွားခဲ့တယ်။

နိုဝင်ဘာ ၂၁ ရက်မှာတော့ တုပ်ကွေးဆန်ဆန် ကိုယ်လက်မအီမသာဖြစ်တယ်။ ချောင်းလည်း နည်းနည်း ဆိုးတယ်။ နှာခေါင်းတို့ဖက်ယူစစ်ဆေးတဲ့အခါ အဖြေက မမျှော်လင့်တဲ့အဖြေ။ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကျွန်တော့်မှာ ရှိနေသတဲ့။ ပေါ့စတစ်တဲ့။ ပီတဲ့။ ကျွန်တော်က ကိုဗစ်ကာလလိုက်နာရမယ့် နေထိုင်မှုမျိုးနဲ့အညီ မနေထိုင်လို့ ရန်သူက လက်ဦးသွားတာပဲဖြစ်လိမ့်မယ်။ ကဲ သေမင်းက လက်မဦးဖို့ အရေးကြီးတယ်။ သူကတော့ တံခါး ခေါက်နေပြီ။ ကျွန်တော့်ကို ၆၂လမ်းက ခုတင် ၃ဝဝ သင်ကြားရေးဆေးရုံကို ဆေးကုသမှုခံယူဖို့ လွှတ်လိုက် တယ်။ ခုတင် ၃ဝဝ သင်ကြားရေးဆေးရုံနဲ့ ကျွန်တော်မရင်းနှီးဘူး။ လူမမာမေး သုံးလေးခေါက်ထက် ပိုမရောက် ဖူးဘူး။ ဆေးရုံရောက်တဲ့အခါ ကျွန်တော့်မိတ်ဆွေနှစ်ဦးနဲ့ မမျှော်လင့်ဘဲ တွေ့ဆုံရတယ်။ သူတို့က အရင်ရောက် နှင့်ကြသူတွေ။ တခြားတစိမ်းတွေ ဟုတ်ပါရိုးလား။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေဖြစ်ကြတဲ့ စိန်လှ အောင်နဲ့ ဒီမိုဖက်တီးတို့ပဲပေါ့။ မတွေ့အပ် မဆုံအပ်တဲ့နေရာမှာ လာဆုံရပေမယ့် သူတို့ရဲ့ နွေးထွေးအားပေးမှု ကြောင့် ပူပန်မှုတွေ လျော့ကျတာတော့ အမှန်ပါ။ နောက်ထပ် မမျှော်လင့်သူတစ်ယောက်က ကိုခင်မောင်လေး (မြန်မာ့လက်ရွေးစင်ဘောလုံးသမား)ပဲ။ အစ်ကိုက အောက်စီဂျင် ရှူနေရရှာတယ်။ ဘာပဲပြောပြော နယ်ကနေ တက္ကသိုလ်ကို ပထမဆုံးရောက်တဲ့ကျောင်းသားအသစ်တစ်ယောက်ရဲ့ အားငယ်မှုမျိုးတော့ လျော့သွားတာ အမှန်ပဲ။

ကျွန်တော့်ကို ပီပီအီးဝတ်စုံဝတ်ထားတဲ့ ဆေးရုံအမှုထမ်းတွေက ဖျားနာဆောင်အဟောင်း မြေညီထပ် အခန်း အေ၊ ခုတင်နံပါတ် သုံး၊ အေသရီးမှာ နေရာချတယ်။ ဘာလို့ အဲဒီနေရာရောက်ရသလဲဆိုတော့ အောက်စီဂျင် ပေးတဲ့ ဆက်လမ်းကြောင်းရှိတဲ့ ခုတင်မို့ အဲဒီနေရာကို ပို့ထားတာလို့ နောက်တော့ တဖြည်းဖြည်း သဘောပေါက်လာတယ်။

ကျွန်တော်ဟာ အသက်ခုနစ်ဆယ်အတွင်းကို ချဉ်းနေသူ၊ နှလုံးမှာလည်း Stent စတင့်တစ်ချောင်းထည့် ထားလိုက်သေး။ ကိုဗစ်-၁၉ မျက်စိကျလောက်တဲ့ လူနာစိမ်းလေးတစ်ယောက်ဖြစ်နေတာပေါ့။ အခန်းအေထဲမှာ ရှိနေနှင့်ကြတဲ့ လူနာတွေက ကျွန်တော့်ကို စူးစမ်းကြတယ်။ ဘယ်လိုလူနာလဲ။ ငါတို့နဲ့ သဟဇာတဖြစ်မယ့် လူနာလား။ အသည်းအသန်အထူးကြပ်မတ်ဆောင် ပို့ရမယ့်ပုံတော့ မပေါ်သေးဘူး။ညတိုင်းအိပ်ရင် ဟောက်တတ်သလား။ ဘုရားတရားနဲ့ နေမယ့်လူနာလား။ နံဘေးပတ်ဝန်းကျင်ကို ပြဿနာရှာမယ့်လူနာလားဆို တာမျိုးတွေ ဖြစ်မှာပေါ့။ သူတို့အတွေ့အကြုံ ပေတံတွေ၊ သူတို့ခံစားမှု ကိုက်တံတွေနဲ့ ကျွန်တော့်ကို စိတ်ကူးထဲ ထွာကြ၊ တိုင်းကြပါလိမ့်မယ်။
ပီပီအီးဝတ်စုံဝတ်ထားသူတွေရဲ့ ဘွတ်ဖိနပ်သံက ကျွန်တော်ကျခံခဲ့ရဖူးတဲ့ အကျဉ်းစံကာလတွေကို ပြန် သတိရစေတယ်။ သူတို့ဝတ်စုံတွေ၊ စီးထားရတဲ့ဖိနပ် တွေ၊ အကာအကွယ်အပိတ်အစည်းတွေနဲ့။ သူတို့နေရာ ကိုယ်ချင်းစာကြည့်မိတော့ ပင်ပန်းရှာမှာပဲ။ ဘယ်သက် သာလိမ့်မတုံး။ ပြီးတော့ လူမျိုးတစ်ရာ့တစ်ပါးဆက်ဆံ ရရှာသူတွေခမျာများ လကမ္ဘာပေါ် လမ်းလျှောက်နေကြသလိုလို။ ကာတွန်းဇာတ်ကောင်တွေလိုပဲ သွားသွားနေ ကြသလိုလို။

ပီပီအီးဝတ်စုံ ဖို့ယိုဖားယားနဲ့ ဝန်ထမ်းတစ်ယောက်က ကျွန်တော့်လက်ထဲက အနက်ရောင်ကြွပ်ကြွပ်အိတ် ကြီးတစ်လုံးပေးတယ်။ ဖွင့်ကြည့်လိုက်တော့ ကာဘော်လစ်ဆပ်ပြာတစ်တုံး ပိုကာရီစွက် သံဘူးတစ်ဘူး၊ တစ် သျှူးတစ်လိပ်၊ နှာခေါင်းစည်းဆယ်ခု၊ ရေသန့်တစ် ပုလင်း၊ အော်ရာမင်းစီဆယ်လုံးနဲ့ အေးဖိုးစက္ကူအရွယ်ကို ထက်ဝက်ပိုင်းထားတဲ့ စာရွက်တစ်ရွက်ပါတယ်။ လူနာများ လိုက်နာရန် စည်းကမ်းချက် ၈ ချက်ရေးထားတယ်။

၁။ သတ်မှတ်ထားသော လူနာခုတင်များတွင်သာ နေထိုင်ရမည်။ မိမိသဘောအတိုင်း ပြောင်းရွှေ့ခြင်းမပြု လုပ်ရ။
၂။ Face Mask ကို တတ်နိုင်သမျှ အမြဲတပ်ဆင်ထားရမည်။
၃။ စားကြွင်းစားကျန်များကို အမှိုက်အိတ်တွင် ထည့်၍ စနစ်တကျစွန့်ပစ်ရမည်။
၄။ ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရ။
၅။ ပြတင်းပေါက်များမှတစ်ဆင့် ရေနှင့်အမှိုက်များ သွန်မချရ၊ ပစ်မချရ။
၆။ ကလေးလူနာများအတွက် ထိခိုက်အန္တရာယ် ရှိနိုင်ပါသဖြင့် အလွန်အကျွံမဆော့ရ။
၇။ ဆေးရုံဆင်းသည့်အချိန်တွင် မိမိ၏ တစ်ကိုယ်ရည်သုံး စောင်၊ အိပ်ရာခင်း၊ ခေါင်းဦးစွပ်နှင့် ခြင်ထောင်တို့ကို အိတ်အမည်းတွင်ထည့်၍ ချည်ပြီး ခုတင်ခြေရင်းတွင် ထားခဲ့ပါရန်နှင့် ခေါင်းအုံးကို မိမိအိပ်ရာတွင် စနစ်တကျ ထားခဲ့ပါ။
၈။ သွေးပေါင်ချိန်စက်၊ အောက်စီဂျင်တိုင်းသည့် စက်များသည် အရေးကြီးပါသဖြင့် အသုံးပြုပြီးတိုင်း သတ်မှတ် နေရာတွင် စနစ်တကျထားပါ။

ပြီးတော့ ဆက်သွယ်ရမယ့် တာဝန်ခံဆရာဝန်၊ သူနာပြုတွေရဲ့ ဖုန်းနံပါတ်တွေရေးထားတယ်။ ဒီလို စီစဉ် ထားတာဟာ အကြောင်းမဲ့မဟုတ်တာ သေချာတယ်။ ၂ဝ၂ဝမတ်လကတည်းက အခြေလာချတဲ့ ကိုဗစ်အတွက် ခုခံဖို့အတွေ့အကြုံတွေကနေ ပေါ်ထွက်လာတဲ့စည်းကမ်းတွေလေ။ ကျွန်တော်ဘာမှ မလိုက်နာစရာ အကြောင်း မရှိဘူး။

အခန်းထဲမှာ ကြားလောက်တဲ့အသံနဲ့ နောက်ရောက်တဲ့လူနာတွေ ဆရာဝန်တွေကို ဆက်သွယ်ဖို့နှိုးဆော်တဲ့ အခါ ကျွန်တော်တယ်လီဖုန်းခလုတ်တွေကို နှိပ်လိုက်တယ်။ တစ်ဖက်က ကျွန်တော့်ရောဂါရာဇဝင်ကို မှတ်တမ်း ယူသူက ကျွန်တော့်ကို ဆက်ဆံတာ တုံ့ပြန်တာ အံ့သြဝမ်းသာဖို့ကောင်းတယ်။ ဆရာဝန်က စိတ်ရှည်တယ်။ လူသားစင်စစ်မှ ဟုတ်ရဲ့လား အောက်မေ့ရတယ်။ ကိုဗစ်အကြောင်းနဲ့ နောက်ပိုင်း ကုထုံးအသစ်တွေ ကမ္ဘာ့ ကျန်းမာရေးဌာနက လက်ရှိကုထုံးတွေကို စိတ်ရှည်လက်ရှည်ရှင်းပြတယ်။ ကျွန်တော့်ကို နှစ်သိမ့်တယ်။ ကျွန်တော် ခံစားနေရတာ (စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်း) တစ်ဝက်လောက် သက်သာသွားတယ်။ ကိုယ့်ကိုယ်ကို လည်း ဒီလို ကျန်းမာရေးဝန်ထမ်းတွေရှိနေရင် ငါမသေနိုင်ဘူးဆိုတဲ့ ယုံကြည်စိတ်၊ အားကိုးစိတ်လည်း ဖြစ်ပေါ်မိတယ်။

သူများတွေ ဆေးရုံမှာ ကိုးရက်လောက် တက်ကြ၊ ဆေးကုသမှုခံယူကြ၊ သက်သာတော့ ဆေးရုံက ဆင်း သွားကြ။ နောက်ထပ်လူနာအသစ်တွေ ရောက်လာကြ။ ဒီလို သံသရာကြီးထဲမှာ ကျွန်တော် ၂၁ ရက်ကြာ ကုသမှု ခံယူခဲ့ရတယ်။ ရောက်ခါစက ကျွန်တော်ခင်မင်ခွင့်ရတဲ့ ဦးမာဆိုတဲ့ပုဂ္ဂိုလ်က ကျွန်တော့်လိုပဲ သူ့နောက် မှ ဆေးရုံတက်ရတဲ့ ကိုကတုံးကို သြဝါဒပေးပုံက မှတ်သားလောက်တယ်။ ”ဒေါ်အောင်ဆန်းစုကြည်တောင် နေအိမ်အကျယ်ချုပ်နဲ့ နှစ်တွေအကြာကြီး တစ်ယောက်တည်း နေသွားတာ။ ကျုပ်တို့ ဒီကိုးရက် ဘာလို့မနေနိုင် ရမှာလဲ” တဲ့။

ဆေးရုံဟာ အိမ်မဟုတ်သလို ရိပ်သာလည်းမဟုတ်ဘူး။ ခုတင်တစ်လုံးကို ကိုယ့်အိမ်လုပ်နေရတာ။ ဒီခုတင်မှာပဲ အိပ်၊ ဒီခုတင်မှာပဲစား၊ ဒီခုတင်ပေါ်မှာပဲ ဆေးထိုး၊ သွေးပေါင်ချိန်၊ ကိုယ်အပူချိန်တိုင်း၊ သွေးချို မှတ်တမ်းယူရ တာ၊၊ မန္တလေးတိုင်းဒေသကြီးသာမက ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးက လူနာတွေလည်း ပါတယ်။ ဖြစ်ပွားတဲ့ လူဦးရေများပြားလွန်းလို့ အမျိုးသား၊ အမျိုးသမီးလူနာ ခွဲခြားမထားနိုင်တော့ဘူး။ လူနာစောင့်ပါ သူလည်းပါ။ တစ်ကိုယ်တော်တွေလည်း ရှိတယ်။ လူနာစောင့်ခမျာ ဖြစ်သလို အိပ်ကြရရှာတာ။

ဆေးရုံက မနက်စာ၊ နေ့လယ်စာနဲ့ ညစာသုံးနပ် ကျွေးတယ်ဆိုတာ နည်းတဲ့တာဝန်မဟုတ်ဘူး။ ပြည်သူသာ အဓိကဆိုတဲ့အတိုင်း ပြည်သူ့ထံမှ ပြည်သူ့ထံသို့ ဖြစ်ပါလိမ့်မယ်။ ဘာသာခြားတွေလည်း အဆင်ပြေသလို ထမင်းမစားလိုဘဲ ဆန်ပြုတ်နဲ့နေရမယ့်လူနာတွေလည်း အဆင်ပြေအောင် ဆေးရုံအုပ်ချုပ်ရေးအဖွဲ့က စီစဉ်ပေး ထားတယ်။ အလှူရှင်တွေကို သာဓုခေါ်သံတွေက နေ့စဉ်နဲ့အမျှ ကြားခဲ့ရတယ်။ ထမင်းသုံးနပ်၊ မဝမရှိစေရဘူး။ ကြက်သားဆိုရင် မကြည့်ချင်၊ မကြားချင်တော့ပါဘူး ဆရာမရယ်လို့ ရယ်သွမ်းသွေးသူလည်းရှိတယ်။

ကြက်ဥကုန်အောင် မစားနိုင်ဘူး။ ဒီကာလမှာ အာဟာရ ပြည့်မီဖို့အရေးကြီးတာမို့ အလှူရှင်လည်း ဒါနမြောက် အောင် ကြက်ဥ၊ ကြက်သားအပါအဝင် ဆေးရုံနဲ့ အလှူ ရှင်တွေ စီစဉ်သမျှ ဝင်အောင်စား၊ ကုန်အောင်စားခဲ့ တယ်။ အလှူရှင်မရှိတဲ့ရက် ဆေးရုံက စီစဉ်ရလိမ့်မယ်။ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လိုအပ်တဲ့လူနာတွေကို ဆေးထိုးကုသပေးတယ်။
ကိုဗစ်-၁၉ဗိုင်းရပ်စ်ဟာ သွေးတိုးရောဂါရှိသူတွေ၊ နှလုံးရောဂါရှိသူတွေ၊ ဆီးချိုရောဂါရှိသူတွေနဲ့ အသက် အရွယ်ကြီးသူတွေကို သဘောကျစိတ်ဝင်စားလေ့ရှိသတဲ့။ ကမ္ဘာပေါ်မှာတောင်မှ မျက်မမြင်ပုဏ္ဏားခြောက် ယောက် ဆင်စမ်းသလို ကိုဗစ်ကို ထောက်ဆနေကြချိန်မှာ ဆေးရုံပေါ်မှာ ၂၁ ရက်ကြာ ကိုယ်တွေ့ကြုံခဲ့ရ တယ်။

ကျွန်တော်တက်ရောက်ကုသခံယူနေတဲ့ အခန်းထဲက လူနာနှစ်ယောက် အနိစ္စရောက်တာ ကြုံရတယ်။ သေခြင်း တရားက ကိုယ်ထင်ပြတယ်။ တရားသံဝေဂရစရာကြီး ဆေးရုံအမှုထမ်းတွေ ပေါ့လျော့မှုကြောင့် မဟုတ်ဘဲ တစ်ယောက်က (မြင်းခြံနယ်) လေဖြတ်ဝေဒနာခံစားနေရသူ၊ နောက်တစ်ယောက်က ဆီးချိုရောဂါ ရုတ်တရက် အတိုက်အခိုက်ခံလိုက်ရသူတွေက ကျန်းမာအောင်နေ၊ စည်းနဲ့ကမ်းနဲ့နေလို့ သင်သွားပြတယ်။ တခြားဆေးရုံ တွေကနေ ခုတင် ၃ဝဝ ကို ပြောင်းလာကြတဲ့လူနာတွေရဲ့ ပြောစကားတွေအရ ဒီဆေးရုံမှာ ကုသမှုခံယူရတာ အများကြီးကျေနပ်အားရသတဲ့။ တချို့ဆေးရုံတွေမှာ လူနာတွေ ပြည့်ကျပ်ပြီး မနိုင်မနင်းတွေ ကြုံတွေ့ရသတဲ့။ ဝေဒနာရှင်အခြေအနေက ဆိုးလွန်းပြီး စိတ်မချမ်းသာခဲ့ရဘူးတဲ့။ ကျန်းမာရေးကိစ္စမှာ ညစ်ပတ်သတဲ့။ စိတ်မချမ်းသာစရာတွေနဲ့ ပြည့်နှက်နေသတဲ့။

တခြားဆေးကုသတဲ့ စင်တာတွေ၊ ဆေးရုံတွေကို ထိခိုက်ရေးသားလိုစိတ်မရှိပေမယ့် နှိုင်းယှဉ်ပြောကြားသံတွေတော့ မှတ်တမ်းရေးပါရစေ။

တကယ်တော့ ကျွန်တော်ဟာ မီးသင်္ဂြိုဟ်စက်ဝကနေ လှည့်ပြန်လာရသူပါ။ ခုတင် ၃ဝဝ က သမားတော်ကြီး တွေ၊ သမားတော်လေးတွေ၊ ဆရာဝန်၊ ဆရာမတွေက ကျွန်တော့်လည်ကုပ်ကနေ ပြန်ဆွဲခေါ်လာပြီး ကြပ်ကြပ် မတ်မတ်ကုသပေးလို့ အိမ်ပြန်ရောက်ခဲ့တာလေ။ သူတို့ စေတနာမေတ္တာကြောင့် ကျွန်တော်ဆက်လုပ်ချင်တဲ့ အလုပ်တွေ လုပ်ခွင့်ရပြီ။ ကျန်းမာရေးဝန်ကြီးဌာနနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားမှုတွေအတိုင်း နေထိုင်သွားကြမယ်ဆိုရင်ဖြင့် ကျွန်တော့် လို ဝေဒနာမခံစားနိုင်ကြောင်း ပြောပါရစေ။

ဆေးရုံက ဘယ်လောက်ကောင်းတယ်ဆိုပေမယ့် ကိုယ့်အိမ်လောက်တော့ ဘယ်မှာမှာ မကောင်းတာ သေချာ တယ်။ စာဖတ်သူများ ကိုဗစ်-၁၉ ကပ်ရောဂါ ဘေးကင်းဝေးစေကြောင်း ဆန္ဒမွန်နဲ့ ဒီစာကို ရေးပါတယ်။ စည်းကမ်းတကျ လိုက်နာနေထိုင်ကြစေလိုပါတယ်။

#ညီပုလေး
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •