၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည် အမှူးပြုတဲ့ ခေါင်းဆောင်လေးဦး ပြောသွားတဲ့ မိန့်ခွန်းများ အနှစ်ချုပ် သုံးသပ်ချက်
၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည် အမှူးပြုတဲ့ ခေါင်းဆောင်လေးဦး ပြောသွားတဲ့ မိန့်ခွန်းတွေ အကုန်ကောင်းတယ်။ အချိန်ယူပြီး ပြည့်ပြည့်စုံစုံပြောကြတယ်။ ဒီအစိုးရသက်တမ်းရဲ့ နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေးညီလာခံဖြစ်နေတာကိုး။
ဒေါ်အောင်ဆန်းစုကြည်က တော်တော်မာမာထန်ထန် ပြတ်ပြတ်သားသားပြောတယ်။
စစ်တပ်အကြီးအကဲပြောတာက အရင်ပြောတာတွေထက် ပြေပြေလည်လည်ပြောတယ်။ ၈၈၈၈ ကို ဒီမိုကရေစီလှုပ်ရှားမှုလို့ ပြောသွားတယ်။
ဗိုလ်ချုပ်ကြီးယွက်စစ်က မြန်မာစကားကို တော်တော်ကြိုးကြိုးစားစားပြောတယ်၊ ကျေးဇူးတင်တာများပါတယ်။
နိုင်ငံရေးပါတီတွေကိုယ်စား အက်စ်အင်န်အယ်လ်ဒီက စိုင်းညွန့်လွင်ပြောတယ်။ သူပြောတာ အကောင်းဆုံးလို့ ထင်တယ်။ ပြည်ထောင်စုရေးပထမ၊ အမျိုးသားရေးဒုတိယဖြစ်သင့်တယ်လို့ သူက ဆိုတယ်။
ဒီစတုတ္ထအစည်းအဝေးမှာ ရှမ်းခေါင်းဆောင်တွေက တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားရော နိုင်ငံရေးပါတီကိုယ်စားပါ ပြောရတာ ထူးခြားချက်ပဲ။
ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့အထဲ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီး ဘယ်အစိုးရတက်လာတက်လာ ငြိမ်းချမ်းရေးဆက်လုပ်ဆောင်ဖို့ လမ်းပြမြေပုံတခု ပီပီပြင်ပြင်ရသွားမယ်လို့ ပြောခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်ရော စစ်တပ်အကြီးအကဲပါ မိမိတို့သွားချင်တဲ့လမ်းကြောင်းအတွက် အားထည့်စိတ်ထည့် ဆောင်ရွက်နေကြတာ မြင်သာပါတယ်။
ငြိမ်းချမ်းရေးဆောင်ရွက်ချက် မှတ်တမ်းရုပ်သံပြတော့ လေးငါးနှစ်အတွင်း ခေါင်းဆောင်တွေ ရုပ်ကျသွားတာ သတိပြုမိပါတယ်။
Myo Tha Htet