​ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျေးဇူးတင်စကား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဒီကျေးဇူးတစ်ခုလေးကို ရေးချင်တာ နိုဝင်ဘာ ၉ ရက် ညကတည်းကပါ။ ဒါပေမယ့် ရေးလို့ မရနိုင်သေးတဲ့အတွက် အချိန်စောင့်ခဲ့ရပါတယ်။ စောင့်ဆိုင်းနေရတာကိုလည်း အားမလိုအားမရ ဖြစ်ခဲ့တာ အမှန်ပါ။ အခုတော့ ရေးသားခွင့် ကျေးဇူးတင်ခွင့် ရပြီမို့ Post တင်လိုက်ရပါတယ်။

နောက်ကျသွားတဲ့ အတွက်လည်း တောင်းပန်ချင်ပါတယ်။

NLD ကို တစ်နိုင်ငံလုံးမှာရှိတဲ့ မဲဆန္ဒရှင်များက ထောက်ခံ အားပေးလိုက်တဲ့ အတွက် ၂၀၁၅ ခုနှစ်ကလိုပဲ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း သောင်ပြိုကမ်းပြိုနိုင်ပြီး NLD အစိုးရဖွဲ့ပိုင်ခွင့် ရသွားပါပြီ။ အာဏာသည် ပြည်သူ့ထံက ဆင်းသက်သည် ဟူသော အဆိုအမိန့်ကို မြန်မာနိုင်ငံသူ နိုင်ငံသားများက သက်သေပြချလိုက်ခြင်း ဖြစ်ပါသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ ပြည်သူ့အောင်ပွဲ အဖြစ် ကမ္ဗည်းတင်သွားပြီ ဖြစ်ပါတယ်။

ဒီအထွေထွေရွေးကောက်ပွဲ ရလဒ်ကိုလည်း နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ပြည်တွင်း အဖွဲ့အစည်းများကလည်း အသိအမှတ်ပြုနေခဲ့ကြပြီး အနိုင်ရ NLD ကို ဂုဏ်ပြုစာများ ပေးပို့ခဲ့ကြပြီးလည်း ဖြစ်ပါတယ်။ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေရဲ့ ကနဦး အစီရင်ခံစာများကလည်း လွပ်လပ်၍ တရားမျှတသည်ဟု ဖော်ပြခဲ့ကြပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း အနိုင်ရ ကိုယ်စားလှယ်များကို ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့မှု အတွက် မဲဆန္ဒရှင်ပြည်သူများ အားလုံးနဲ့ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်အောင် ဆောင်ရွက်ပေးကြတဲ့ တာဝန်ရှိသူများနဲ့ သက်ဆိုင်ရာဌာနများ အားလုံးကို ကျေးဇူးတင် ဂုဏ်ပြုကြောင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ ထို့အတူ NLD အောင်နိုင်ရေးအဖွဲ့ဝင်များ အားလုံးနဲ့ NLD မှ ဝင်ရောက်အရွေးခံကြတဲ့ ကိုစားလှယ်များကိုလည်း ကျေးဇူးတင်၊ မှတ်တမ်းတင်၊ ဂုဏ်ပြုပါကြောင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း တိုင်းလုံးကျွတ် အနိုင်ရရှိပြီး အောင်ပွဲ ဆင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ ပြည်သူ့လွတ်တော် ၂၈ နေရာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ၂၈ မြို့နယ်လုံး အနိုင်ရခဲ့ပါတယ်။ ထို့အတူ အမျိုးသားလွှတ်တော် ၁၀ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၁၀ နေရာစလုံး အောင်ပန်း ဆင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီး လွှတ်တော်နေရာ ၅၆ နေရာစလုံးကိုလည်း ရာနှုန်းပြည့် အောင်ပန်း ဆွတ်ခူးနိုင်ခဲ့ပါတယ် အလားတူ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်အတွက်လည်း အနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့် ရာနှုန်းပြည့် အနိုင်ရခဲ့ခြင်း ဖြစ်တယ်လို့ ကြွေးကြော် နိုင်ခြင်းဖြစ်ပါတယ်။ အခက်အခဲ အမျိုးမျိုးကြားကနေ ပြည်သူများက စည်းရုံးပေးခြင်း၊ ပြည်သူများက မဲဆွယ်ပေးခြင်း၊ ပြည်သူများက ဝန်းရံပေးခြင်း၊ ပြည်သူများက ထောက်ခံမဲပေးခဲ့ခြင်းတွေကြောင့် ၁၀၀ ရာခိုင်နှုန်း နိုင်တာဖြစ်တယ်လို့ မှတ်တမ်းတင် ဂုဏ်ပြုရင်း ကျေးဇူးတင်ရှိပါကြောင်း NLD တာဝန်ရှိသူတစ်ဦး အနေဖြင့် ဝန်ခံချင်ပါတယ်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် တိုင်းလုံးကျွတ် အနိုင်ရရှိပြီး နောက် နှစ် ၃၀ အကြာ ဒုတိယအကြိမ် ရာနှုန်းပြည့် တိုင်းလုံးကျွတ် အောင်ပွဲဆင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက ရှုံးခဲ့တဲ့ မိတ္ထီလာ၊ ပျော်ဘွယ်၊ သာစည်၊ ရမည်းသင်းတို့မှာ ယခုတစ်ကြိမ် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြန်လည် အနိုင်ရရှိခြင်းကလည်း မန္တလေးတိုင်း ရွေးကောက်ပွဲသမိုင်းကို လင်းလက်စေခဲ့ပါတယ်။ အဲ့ဒီမြို့နယ်များက မဲဆန္ဒရှင်ပြည်သူများရဲ့ မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ကြိုးပမ်းမှုများကြောင့် ဖြစ်တယ်လို့ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါတယ်။

ကျွန်တော်တို့ မန္တလေးဟာ သမိုင်း အစဉ်အလာ ကြီးမားတဲ့ မြို့ဖြစ်ပါတယ်။ ယဉ်ကျေးမှု အမွေအနှစ် ပေါများသလို ထိန်းသိမ်းထားတဲ့မြို့လည်း ဖြစ်ပါတယ်။ မန္တလေးသူ၊ မန္တလေးသားများကလည်း စည်းလုံးပြီး ညီညွှတ်သောသူများ ဖြစ်ကြပါတယ်။ မန္တလေးတိုင်းအတွင်းမှာ ရှိတဲ့ ပြည်သူလူထုရဲ့ နိုင်ငံရေးယုံကြည်မှုများကြောင့် လည်းကောင်း၊ ညီညွှတ်မှုများကြောင့် လည်းကောင်း ရာနှုန်းပြည့် အနိုင်ရရှိခြင်း ဖြစ်တဲ့အတွက် လွှတ်တော် အသီးသီးရှိ ကိုယ်စားလှယ်များကလည်း ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသ၍ ပြန်လည်ပေးဆပ်ပါမည် ဖြစ်ကြောင်း ကတိပေးရင်း မဲဆန္ဒရှင်ပြည်သူအပေါင်း Covid-19 ရောဂါမှ ကင်းဝေးပြီး နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •