အင်းလေးကန် ပြုပြင် ထိန်းသိမ်းရေး အတွက် ယခုနှစ်တွင် ကျပ်သန်း ၅၀၀ သုံးစွဲမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အင်းလေးကန် ပြုပြင် ထိန်းသိမ်းရေး အတွက် ယခုနှစ်တွင် ကျပ်သန်း ၅၀၀ သုံးစွဲမည်

နေပြည်တော် ဇွန်လ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန် ပြုပြင်ထိန်းသိမ်းနိုင်ရေး အတွက် ယခုနှစ်တွင် ငွေကျပ် သန်း ၅၀၀ သုံးစွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော် က ပြောသည်။

အင်းလေးကန်အား ထိန်းသိမ်းရန် အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်နှင့် အညီ (၁၀) နှစ်တာ စီမံကိန်းဖြင့် ဆောင်ရွက်မည် ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ခုနှစ်မှ စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

“ဘတ်ဂျက် ကတော့ (၁၀) နှစ်ကိုတော့ ပျှမ်းမျှ လျာထားတာပေါ့။ ဒီနှစ်ကိုတော့ ကျပ်ငွေ သန်း ၅၀၀ လောက်ကို လျာထားပါတယ်” ဟု ဒေါက်တာ ညီညီကျော်က ပြောသည်။

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ရုံးတွင် ပြုလုပ်ခဲ့သော နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ တစ်နှစ်တာ ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ အပြီးတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဆောင်ရွက်နိုင်ရန် အတွက် အစိုးရ ရံပုံငွေဖြင့် ဆောင်ရွက်မည် ဖြစ်ပြီး ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) မှလည်း ထောက်ပံ့မှုများ ရှိကြောင်း သိရသည်။

“ဒီ စီမံကိန်းကလည်း အင်းလေးကန်ကို အဓိက ထိန်းသိမ်းတယ်။ အဓိကကတော့ ကျွန်တော်တို့ သစ်တောဦးစီးဌာန ဆိုတော့ သစ်တော ထိန်းသိမ်းရေး ကိစ္စတွေ ပေါ့။ အင်းလေးကန်ထဲကို စီးဝင်လာတဲ့ ချောင်းတွေ ရဲ့ ရေပိုရေလွှဲ သစ်တောတွေ ရှိဖို့။ နောက်တခါ ဒေသခံ ပြည်သူတွေကလည်း သူတို့ရဲ့ လူမှု စီးပွားရေး အခြေအနေ တိုးတက် မြင့်မားအောင် ထိန်းသိမ်းရင်းနဲ့ ဖွံ့ဖြိုးရေးကိုလည်း ညီမျှအောင် မြေ အသုံးချမှု တွေလည်း ပြောင်းသွားအောင် ဆက်စပ် ဌာနတွေနဲ့ ဆောင်ရွက်နေပါတယ်” ဟု ဒေါက်တာ ညီညီကျော်က ဆက်လက်ပြောသည်။

အင်းလေးကန်သည် ပြည်ပ ခရီးသွား ဧည့်သည်များ အများအပြား ဝင်ထွက် သွားလာနေသည့် နေရာတစ်ခု ဖြစ်ပြီး လက်ရှိ နွေရာသီတွင် ရေခမ်းခြောက်မှုများနှင့် ကြုံတွေ့နေဆဲ ဖြစ်သည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •