ကျားရဲ ငါ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကျားရဲ ငါ
======

နေပြင်းရင် နှင်းမှုန်ရင်
ဆွေ့ဆွေ့ခုန် အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း

အခန်းကျဉ်းကျဉ်း
အလင်းမဝင် လေမဝင်
နေမမြင် လမမြင်
လူမမြင် သူမမြင်
ထိုင်ရင်ထိုင် မထိုင်ရင်ငေး
အိပ်ရင်အိပ် မအိပ်ရင်တွေး
သတင်းမေးဖို့ ဝေးစရာ
သီချင်းလေးမှ မဆိုရ
စာဖတ်ဖို့ ဝေးရော

ကဗျာလေးမှ မစပ်ရ
တရားဟောဖို့ ဝေးရော
စကားလေးမှ မပြောရ
အဟောသိကံက သံသရာ
ငါ့ကမ္ဘာ ပိစိကွေး
အခန်းကျဉ်းလေးထဲ ပတ်လျှောက်လိုက်
သံတံခါးဝ ရပ်လိုက်
တမတ်တပ်တပ် တနေကုန်
မနက်ဖြန်လည်း ကုန်ဦးမယ်
ကုန် ကုန် ကုန်..
ကုန်ချင်သလောက် ကုန်စမ်း။

တစ်ရက်ကုန်မလား-တစ်သက်ကုန်မလား
တစ်လကုန်မလား-တစ်ဘဝကုန်မလား
တစ်နှစ်ကုန်မလား-တစ်ခေတ်ကုန်မလား
အားမလျှော့ဘူး မပျော့ဘူး
ပေဖြစ်တော့ခံမယ် တူဖြစ်တော့ နှံမယ်
အမှန်တရား ဒို့ဘက်မှာရှိတယ်
ပြည်သူအများ ဒို့ဘက်မှာရှိတယ်
ကလယန္တရား ဒို့ဘက်မှာရှိတယ်
ရှင်တော်ဘုရား ဒို့ဘက်မှာရှိတယ်
သိကြရဲ့လား .. ဟား ဟား ဟား။

တိရစ္ဆာန်ရုံက ကျားလို
လှောင်အိမ်ထဲမှာ တလွန့်လွန့်နဲ့
ကျားညွန့်တုန်းတွေ ထင်သလား။
မှားလိုက်တဲ့ အမြင်
ဟားတိုက်လို့ ရယ်ချင်စရာ
မှတ်ထားဟေ့။
အဝါပေါ်မှာ အနီဆင်း
မပျက်မယွင်း ကွက်ကွက်ကွင်း
အရှင်းသား မလွဲသရွေ့
အထင်းသား စွဲသရွေ့
ကျားရဲ ဟာ ကျားရဲ
ငါလဲ အဲဒီလိုဘဲကွ။

ဟံသာဝတီ ဦးဝင်းတင် (၁၉၃၀ – ၂၀၁၄)

(၁၉၈၉ ဇူလိုင်မှ ၂၀၀၈ စက်တင်ဘာ အထိ အကျဉ်းထောင်အတွင်း
နိုင်ငံရေးအကျဉ်းသား အဖြစ် နေထိုင်ခဲ့ရစဉ်ရေးစပ်ခဲ့သော ကဗျာ)

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •