ကျွဲ၊ နွားအရှင်များကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှစပြီး တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်​တော့မည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မူဆယ်     ဒီဇင်ဘာ    ၁၂

မြန်မာနိုင်ငံဘက်က ကျန်းမားထောက်ခံချက်များနှင့်အညီ ကျွဲ၊ နွားအရှင်များကို ယခင်(၂၀၁၇) ခုနှစ်မှ စတင်၍ မူဆယ်မြို့၊ နယ်စပ်ဒေသမှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ (တရားဝင်) တင်ပို့လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံဘက်က လာရောက်ဝယ်ယူမှု မရှိသည့်အတွက် ကျွဲ၊ နွားများနှင့်ဆိတ်ရှင်အပါအဝင် စုစုပေါင်း(၁)သောင်းခွဲကျော် မူဆယ်မြို့နှင့် (၁၀၅)မိုင်ကြားရှိ နွားကွင်းတွင် သောင်တင်ပိတ်မိနေကြောင်း ကျွဲ၊ နွားကုန်သည်များ ၏ ပြောကြားချက်အရ သိရသည်။

မူဆယ်မြို့နှင့် (၁၀၅)မိုင်ကြားရှိ နွားကွင်း၌ ကျွဲ၊ နွားနှင့်ဆိတ်အရှင်များ ရက်ကြာ သောင်တင်မှုကြောင့် ကျွဲ၊ နွားကုန်သည်များအနေဖြင့် ကျွေးမွေး၊ စောင့်ရှောက်မှု ကုန်ကျစရိတ် မတတ်နိုင်သည့်အတွက် မြန်မာနိုင်ငံ၊ ပြည်တွင်းဘက်သို့ ပြန်လည်သယ်ဆောင်ရန် မူဆယ်မြို့၊ (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့ တင်ပြမှုများရှိလာကြောင်း မူဆယ်မြို့၊ (၁၀၅)မိုင် ကုန်သွယ်ရေးဇုန် တာဝန်ခံ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောကြားသည်။

“ဒါတွေနဲ့ပတ်သက်ပြီးတော့ တရုတ်နိုင်ငံက (MOU)ပြီးမြောက်မှုမရှိသေးတဲ့အတွက် ဒီမှာရပ်နေတဲ့အချိန်မှာ ကျွဲ၊ နွားတွေရဲ့ ကျွေးမွေးစရိတ်ကို မတတ်နိုင်တဲ့အတွက် မြန်မာနိုင်ငံ ပြည်တွင်းဘက်ကို ပြန်သယ်ချင်တယ်ဆိုပြီးတော့ တင်ပြမှုတွေရှိပါတယ်၊ ကျွဲ၊ နွားတင်ပို့မှုက ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ကုန်သွယ်ရေးဦးစီးဌာနက တစ်ဌာနထဲ လုပ်နေတာမဟုတ်ပါဘူး၊ ကုန်စည်တစ်ခုခုတင်ပို့တော့မယ်ဆိုရင် အဲ့ကုန်သွယ်ရေးရဲ့ အရင်းအမြစ်၊ တာဝန်ယူ၊ တာဝန်ခံသူတွေနဲ့ ညှိနှိုင်းရအုံးမယ်၊ ပြီးတော့ ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းရပါတယ်၊ အားလုံးညှိနှိုင်းပြီးမှ နိုင်ငံတော်ကို တင်ပြရပါတယ်၊ နိုင်ငံတော်က ခွင့်ပြုချက်ရမှသာလျှင် တရားဝင်တင်ပို့ရတာဖြစ်ပါတယ်၊ ဒါကြောင့် ဒီတင်ပို့တဲ့ ပစ္စည်းတွေကို အကြောင်းကြောင်းကြောင့် ပြည်တွင်းဘက်ကို ပြန်သယ်မယ်ဆိုရင် အဆင့်ဆင့်လမ်းညွှန်မှုခံ ရပါတယ်၊ ဒီကျွဲ၊ နွားတွေကို ပြန်ပြီးသယ်ဆောင်လိုတာနဲ့ ပတ်သက်ပြီးတော့ ကုန်သွယ်ရေးဇုန်အနေနဲ့ ရုံးချုပ်ကို ပြန်ပြီးတင်ပြထားပါတယ်၊ ကုမ္ပဏီ(၄၃)ခုကနေ ကျွဲ၊ နွားအကောင်ရေ(၄)ထောင်ကျော်ကို ပြည်တွင်းဘက်ပြန်လည် သယ်ယူဖို့ တင်ပြထားတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ရုံးချုပ်ကနေပဲ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီး ညှိနှိုင်းဆောင်ရွက်ပြီးတော့ ညွှန်ကြားချက်တစ်ခုခုရမှာပါ၊ ခွင့်ပြုတယ် ဆိုရင် ကျွဲ၊ နွားတွေကို တင်ပို့ခဲ့တဲ့ (ED)တွေ အထောက်အထားတွေ စိစစ်ပြီးတော့ ပြန်ပြီးသယ်ဆောင်နိုင်အောင် လုပ်ပေးမှာပါ” ဟု ကျွဲ၊ နွားများပြန်လည် သယ်ဆောင်ရန် တင်ပြလာမှုအပေါ် ပြောကြားသည်။

တရုတ်နိုင်ငံဘက်သို့ တရားဝင်ပို့နိုင်တော့မည်

မြန်မာနိုင်ငံ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများကို ခွာနာ၊ လျှာနာ ရောဂါကင်းစင်ကြောင်း စီစဉ်လျက်ရှိပြီး စီစဉ်ဆောင်ရွက်မှုအခြေအနေကို (ACC)အဖွဲ့က တရားဝင်လာရောက်စစ်ဆေးပေးမည်ဟု သိရသည်။ “ဒါနဲ့ပတ်သက်ပြီးတော့ ဒီလအတွင်းမှာ (ACC)ကအဖွဲ့တွေက လက်ရှိ ကိုဗစ်-၁၉ ရောဂါကြောင့် မလာနိုင်သေးဘူး၊ ဒါပေမယ့် စစ်ဆေးမယ့် ကိစ္စတွေကို အွန်လိုင်းကတစ်ဆင့် စစ်ဆေးမယ်ဆိုပြီး သိရတဲ့အတွက် သတင်းကောင်းပါ၊ (၂၀၂၀)ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ တရုတ်နိုင်ငံဘက်က စစ်ဆေးပြီးသွားပြီဆိုရင်  လာမယ့် (၂၀၂၁)ခုနှစ်၊ ဇန်နဝါရီလက စတင်ပြီးတော့မှ နှစ်နိုင်ငံကျွဲ၊ နွားတင်ပို့မှုဟာ မြန်မာနိုင်ငံဘက်က တရားဝင်ပို့ကုန်/တရုတ်နိုင်ငံဘက်က တရားဝင်သွင်းကုန်ဖြစ်လာမယ်”လို့ မူဆယ်မြို့၊ (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တာဝန်ခံ ညွှန်ကြားရေးမှူးက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံဘက်က တရားဝင်တင်ပို့ခွင့်ရရှိသော်လည်း တရုတ်နိုင်ငံဘက် တရားဝင်သွင်းကုန်အဖြစ် ခွင့်မပြုခြင်းကြောင့် မူဆယ်မြို့၊ နွားကွင်းသို့ တရုတ်ကုန်သည်များ လာရောက်၍ အရောင်းအဝယ် ပြုလုပ်ပြီး တရုတ်ကုန်သည်များက သူတို့အစီအစဉ်ဖြင့် ကျွဲ၊ နွားများကို တရုတ်နိုင်ငံဘက်သို့ သယ်ဆောင်သွားကြောင်း သိရသည်။ ကျွဲ၊ နွားကျွေးမွေးစောင့်ရှောက်စရိတ်သည် မူဆယ်မြို့၊ နယ်စပ်ဒေသထက် ပြည်တွင်းဘက်တွင် ပိုမိုသက်သာခြင်းကြောင့် သောင်တင်ပိတ်မိနေသည့် ကျွဲ၊ နွားများကို ပြန်လည် သယ်ဆောင်လိုခြင်းဖြစ်ကြောင်း သိရသည်။

 “မူဆယ်မြို့ရောက်တဲ့အထိတော့ တရားဝင်ပေါ့၊ တရုတ်နိုင်ငံဘက်က တရားဝင်မဟုတ်တဲ့အတွက် တရုတ်နိုင်ငံဘက်က ဝယ်လက်တွေဆင်းလာပြီး လာဝယ်တယ်၊ သူတို့အစီအစဉ်နဲ့ သူတို့နိုင်ငံထဲကို သယ်သွားတယ်၊ အခုတစ်ကြိမ်လည်း တရုတ်နိုင်ငံဘက်က တရားဝင်ဖြစ်လိမ့်မယ်ဆိုပြီး ကျွဲ၊ နွားတွေ သယ်လာတယ်၊ ဒီရောက်တော့ အရင်အတိုင်းပဲ မူဆယ်မှာပဲ သောင်တင်ပိတ်မိနေတယ်၊ ဒီမှာကုန်ကျစရိတ်နဲ့ ပြည်တွင်းဘက်က ကျွေးမွေးကုန်ကျစရိတ်တွေက အများကြီးကွာဟတယ်၊ ပြည်တွင်းဘက်မှာဆိုရင် ကျွဲ၊ နွားထိန်းသိမ်းစောင့်ရှောက်တဲ့ ကျေးရွာတွေရှိတယ်၊ မူဆယ်မြို့၊ နယ်စပ်ဒေသလိုမျိုးအခက်အခဲမျိုးလည်း မရှိတဲ့အတွက် ပြည်တွင်းဘက်ကို ပြန်သယ်ဆောင် ချင်တာပါ၊ ကျွဲ၊ နွားဈေးကွက်ပျက်သွားတာကတော့ (၇)လကတည်းက ဈေးကွက်ပျက်သွားပါတယ်” ဟု နတ်မောက်မြို့နယ်မှ ကျွဲ၊ နွားကုန်သည်ကိုစိုးမိုးက ပြောကြားသည်။ မူဆယ်မြို့၊ နယ်စပ်ဒေသ၌ ကျွဲ၊ နွားတစ်ကောင်၏ တစ်ရက်လျှင်ပျှမ်းမျှအားဖြင့် (၄)ထောင်ကျော်ကုန်ကျကြောင်းလည်း သိရသည်။

ကျွဲ၊ နွားများကို လာမည့် (၂၀၂၁)ခုနှစ်၊ ဇန်နဝါရီလ၌ တရုတ်နိုင်ငံဘက်သို့ တရားဝင်တင်ပို့ခွင့် ရရှိမည့်အပေါ် ကျွဲ၊ နွားကုန်သည်များက လက်ခံကြိုဆိုကြပြီး နှစ်နိုင်ငံ စည်းမျဉ်း/စည်းကမ်းအတိုင်း စနစ်တစ်ကျဆောင်ရွက်စေလို ကြောင်းပြောကြားသည်။ “တရားဝင်တင်ပို့ခွင့် (MOU) လက်မှတ်ထဲမှာပါရှိတဲ့အတိုင်း စည်းမျဉ်း/စည်းကမ်း အတိုင်း အပြန်အလှန်အလုပ်လုပ်မယ်ဆိုရင် ကျွန်တော်တို့အတွက်လည်း အဆင်ပြေသလို နိုင်ငံတော်အတွက်လည်း အကျိုးအမြတ်ရှိမယ်၊ ကြားထဲမှာ အခွန်အခတွေလဲ အလေအလွင့်မရှိတော့ဘူးပေါ့၊  တရုတ်နိုင်ငံဘက်ကို တရားဝင် တင်ပို့နိုင်မှသာ ကျွန်တော်တို့က စိတ်ချမ်းသာမှုရှိမယ်၊ တရားဝင်တင်ပို့ခွင့်ရတဲ့အခါကျရင် အခုလိုပုံစံမျိုး မဟုတ်ဘဲနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ ကုန်သွယ်မှုမျိုးဖြစ်စေချင်ပါတယ်” လို့ ကျွဲ၊ နွားကုန်သည် ရဲမောင်မောင်က ပြောကြားသည်။

မူဆယ်မြို့၊ နယ်စပ်ဒေသ၌ ကျွဲ၊ နွားနှင့် ဆိတ်အရှင်များသောင်းကျော်သောင်တင်ပိတ်မိနေကြောင်း ကုန်သည်များအနေဖြင့် ကြားသိရသော်လည်း လိုင်စင်သက်တမ်း ကုန်ဆုံး မည်စိုးခြင်းကြောင့် ပိတ်မိနေချင်းအတူတူ ကြိုးစားရောင်းထွက်နိုင်မည့် မျှော်လင့်ချက်များကြောင့် ဆက်လက်တက်လာခြင်း ဖြစ်ကြောင်းသိရသည်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခြင်းကြောင့် မူဆယ်မြို့၊ နယ်စပ်ဒေသကုန်သွယ်ရေးစီးဆင်းမှုသည် ပုံမှန်ကုန်သွယ်မှုထက် သုံးပုံတစ်ပုံ လျော့နည်းလာကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


Spread the love
  •  
  •  
  •  
  •  
  •  
  •