လူစုလူဝေးဖြစ်ပေါ် နိုင်တဲ့ အခြေအနေများအားယာယီဆက်ပိတ်ထားမယ်လို့ မန်းဝန်ကြီးချုပ်ပြော

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

လူစုလူဝေးဖြစ်ပေါ် နိုင်တဲ့ အခြေအနေများအားယာယီဆက်ပိတ်ထားမယ်လို့ မန်းဝန်ကြီးချုပ်ပြော

(COVID-19) ကာလအတွင်း စီးပွားရေးနှင့်ဆက်နွယ်သည့်လုပ်ငန်းများ ထပ်မံဖြေလျော့နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်။

မန္တလေးတိုင်းဒေသကြီးအတွင်း စီးပွားရေးပြန်လည်ဦးမော့လာစေရေးနှင့် ကုန်စည်စီးဆင်းမှု ပြန်လည်ကောင်းမွန်ရေးတို့အတွက် (COVID-19) ကာလအတွင်း ထပ်မံဖြေလျော့ပေးနိုင်မည့် စီးပွားရေးနှင့်ဆက်နွယ်သည့်လုပ်ငန်းများကို Physical Distancing နှင့်အညီ New Normal ပုံစံဖြင့် ပြင်ဆင်ဆောင်ရွက်စေပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျဆောင်ရွက်သွားရမည်ဖြစ်သည့်အပြင် သက်ဆိုင်ရာစိစစ်ရေးအဖွဲ့မှ စိစစ်ပြီးခွင့်ပြုချက်ရရှိမှသာလျှင် ဖွင့်လှစ်ခွင့်ပြုသွားရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က အမှာစကားတွင် ထည့်သွင်းပြောသည်။

၂ဝ၂ဝပြည့်နှစ်၊ ဇွန်လ ၂၈ ရက်နေ့ နံနက် ၁၁ နာရီက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင်ပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီး Corona virus Disease 2019 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်ကစီးပွားရေးနှင့်ဆက်နွယ်သည့်လုပ်ငန်းများဖြစ်သည့်ကိုယ်ကာယကြံ့ခိုင်မှု ဝန်ဆောင်မှုလုပ်ငန်းများ၊ Spa အလှပြင်ဆိုင်၊ အကြောပြင် လုပ်ငန်းစသည့်ဖြေလျော့နိုင်မည့် လုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ရန်အတွက် သက်ဆိုင်ရာမြို့နယ်စိစစ်ရေးအဖွဲ့ထံ လျှောက်လွှာတင်သွင်းပြီး စိစစ်ရေးအဖွဲ့၏ စစ်ဆေးမှုခံယူကာ ခွင့်ပြုချက်ရရှိမှသာလျှင် ပြန်လည်ဖွင့်လှစ်သွားရန်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း Corona virus Disease 2019 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အတိုင်းအတာတစ်ရပ်အထိ ဆောင်ရွက်နိုင်သည်ဖြစ်သည့်အတွက် ပုဂ္ဂလိကအဖွဲ့ အစည်း/အရပ်ဖက်အဖွဲ့ အစည်းများမှ ဖွင့်လှစ်ထားသည့် သင်တန်းများအနက် Capacity Building မဖြစ်မနေဖွင့်လှစ်ရန် လိုအပ်သည့်သင်တန်းများကို Social/Physical Distancing နှင့်အညီ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာညွှန်ကြားချက်၊ သတိပေးချက်၊ စည်းကမ်းချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပြုပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း လူစုလူဝေးဖြစ်ပေါ်နိုင်သည့် အခြေအနေ များအား ဆက်လက်၍ ခေတ္တယာယီပိတ်သိမ်းထားရမည်ဖြစ်ကြောင်းစသည်ဖြင့်ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတွင်းရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူးများက (COVID-19) ထိန်းချုပ်ဆောင်ရွက်နေမှုများ၊ စီးပွားရေးနှင့်ဆက်နွယ်သည့်လုပ်ငန်းများပြန်လည်စတင်နိုင်ရန်အတွက် ဖြေလျော့ပေးနိုင်မည့် လုပ်ငန်းများကို အသီးသီးတင်ပြဆွေးနွေးကြရာ ယင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

MRG
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •