လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် ကြယ်လိပ် ရင်ချင်းဆက်အမွှာ ပေါက်ဖွား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် ဒုတိယအကြိမ် ကြယ်လိပ်ရင်ချင်းဆက်အမွှာ ပေါက်ဖွား

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ၊ပုဂံမြို့သစ်ရှိလောကနန္ဒာဘေးမဲ့တောဥယျာဉ် တွင် ၂၀၂၀ပြည့်နှစ်၊ ကြယ်လိပ်သားပေါက်ရာသီ၌ ကြယ်လိပ်မ(၁၃၇)ကောင်က မြေကြီးတွင် ကျင်းတူးပြီး ဥထားသောဥကျင်း (၄၁၄)ကျင်းထဲရှိဥ (၃၂၀၅)လုံးအနက်မှအချိန်ကျရောက် သော်လည်း လိပ်ငယ်များသဘာဝအတိုင်းထွက်လာခြင်းမရှိသောဥကျင်းများကိုတူးဖော်၍ ရရှိ သောဥကောင်းဥသန့်များကိုမြေကြီးထည့်ထားသည့်သေတ္တာအတွင်း ပြန်မြှပ်၍ထားခဲ့ပြီးယင်း မြှပ်ထားသော ဥများကိုနေ့စဉ်ပုံမှန်စစ်ဆေးခဲ့ရာ ၃၀.၇.၂၀၂၀ရက်နေ့ ၄င်းတို့ထဲမှဥတစ်လုံး တွင် သန္ဓေသားအောင်ပြီး ဥခွံကိုခွဲ၍ ဖောက်ထွက်နေသော ကြယ်လိပ်အမွှာပူးလေးဖြစ်နေ သည်ကိုတွေ့ရှိရကြောင်း လောကနန္ဒာဘေးမဲ့တောဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင် က ပြောပြသည်။

 

အမွှာပူးလေးရှိသောဥအား ညင်သာစွာယူဆောင်ပြီး ဥအခွံအားဖယ်ရှားကြည့်လိုက်သည့်အခါ ယင်းကြယ်လိပ်ငယ်နှစ်ကောင်သည် သီးခြားတစ်ကောင်စီဖြစ်နေခြင်းမဟုတ်ပဲ ရင်းချင်းဆက်အမွှာပူးလေး ဖြစ်နေသည်ကို ထူးဆန်းစွာတွေ့လိုက်ရကြောင်း၊ ၂၀၁၇ခုနှစ်ကလည်း တစ်ကြိမ် ယခုကဲ့သို့ရင်ချင်းဆက် ကြယ်လိပ်အမွှာတွေ့ခဲ့ရဖူးကြောင်း၊ တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာတင့်လွင်မှ ခွဲစိတ်ပြီး သီးခြားစီဖြစ်အောင်ဆောင်ရွက်ပေးခဲ့ရာ၊ အောင်မြင်သော ခွဲစိတ်မှုကို ရရှိခဲ့ဖူးကြောင်း၊ ဒါပေမယ့် ယခုအခါ တိရစ္ဆာန်ဆေးကုဆရာဝန်မှာလည်း ကိုဗစ်-၁၉ ကန့်သတ်ချက်များကြောင့် မန္တလေးမှ လာရောက်ရန် အခက်အခဲရှိနေသည့်အတွက် လောကနန္ဒာဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူးမှ အတွေ့အကြုံကို အခြေခံကာ ဦးရွှေဌေးအောင် ကြီးကြပ်မှုဖြင့် ဝန်ထမ်းများနှင့်အတူ ခွဲစိတ်ခြင်းမပြုလုပ်ပဲ ၊ချက်ကိုဆေးထည့်၍ ကျက်စေသောနည်းဖြင့် စနစ်တကျပြုစု စောင့်ရှောက်ခဲ့သည့်အတွက် (၃)ရက်အကြာတွင် ရင်ခြင်းဆက် ကြယ်လိပ်အမွှာကို အသက်သေဆုံးခြင်း မရှိစေပဲ သီးခြားစီဖြစ်သွားအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယင်းသို့ပြုလုပ်ပေးနိုင်ခဲ့ခြင်းမှာလည်း လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် ကြယ်လိပ်ခြံအတွက် အတွေ့အကြုံသစ်တစ်ခုရရှိပြီး အောင်မြင်မှုတစ်ရပ်ပင်ဖြစ်ကြောင်း ဦးရွှေဌေးအောင်က ဆက်လက်ရှင်းပြသည်။

 

 

အဆိုပါကြယ်လိပ်ရင်ချင်းဆက်အမွှာသည် ကျောခွံအလျား (၄)စင်တီမီတာခန့်နှင့်အလေးချိန် (၂၀)ဂရမ်ခန့်စီရှိပြီး သီးခြားတစ်ကောင်စီဖြစ်သွားခြင်းကြောင့် လွတ်လပ်စွာနေထိုင် စားသောက်နိုင်စေရန် ပို၍ကျယ်သော မြေပြင်တွင် အကန့်ပြုလုပ်ပေးပြီး ၊လတ်တလောတွင် ချက်များမကျက်သေးသည့်အတွက် ပွတ်တိုက်မှုဖြစ်ပါက နာကျင်မှုမဖြစ်စေရန် ငှက်ပျောဖတ် (ဖက်)ပေါ်တွင်ထားပေးထားရသည်။ဆေးကိုတစ်ရက် (၂)ကြိမ်ထည့်ပေးခဲ့ရပြီး တစ်ပတ်ခန့် ကြာသောအခါ မန္တလေးမြို့မှ တိရစ္ဆာန်ဆေးကုဆရာဝန်ဒေါက်တာတင့်လွင်ရောက်ရှိလာကာ စနစ်တကျဆေးကုသပေးခဲ့ခြင်းကြောင့် အနာကျက်သွားပြီး ပုံမှန်အတိုင်းသွားလာလှုပ်ရှားနေ ပြီဖြစ်သည်။ ယခုအခါ နှစ်လသားကျော်နေပြီဖြစ်ကာ အစားအစာများကိုလည်း ကောင်းမွန်စွာ စားသောက်နိုင်ကာ ကြယ်လိပ်အမွှာကျန်းမာလျှက်ရှိနေကြောင်း၊ လောကနန္ဒာဘေးမဲ့တောဥ ယျာဉ်တွင် ကြယ်လိပ်အမွှာနှစ်စုံရှိနေပြီဖြစ်ကြောင်းသိရပြီး ကြယ်လိပ်များသည် မြန်မာတစ် နိုင်ငံထဲသာရှိသည့် ရှားပါးမျိုးစိတ်ဖြစ်ကြောင်းသိရသည်။

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •