“ပထမဆုံးမဲပေးမည့် လူငယ်မဲဆန္ဒရှင်များ (First Time Voters) အရွေးမှန်ဖို့ လိုပါသည်” (စစ်မော်)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ပထမဆုံးမဲပေးမည့် လူငယ်မဲဆန္ဒရှင်များ (First Time Voters) အရွေးမှန်ဖို့ လိုပါသည်”

 

စစ်မော်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူသို့ပြောကြားခြင်း (၁) နဲ့ (၂)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခရီးရှည်အကြောင်းကို ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒုတိယဥက္ကဋ္ဌ (၂) ဖြစ်တဲ့ဒေါက်တာဇော်မြင့်မောင်တို့ အပြန်အလှန် ဆွေးနွေးကြတဲ့ ဗီဒီယိုတွေကို ကြည့်ပြီး အတွေးရှိမိတာက ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပထမဆုံးမဲပေးမယ့် လူငယ်မဲဆန္ဒရှင်(First Time Voters)တွေကို သမိုင်းဆိုင်ရာ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မှန်မှန်ကန်ကန် ရှင်းပြ၊ ပြောပြဖို့ဟာ အလွန်အရေးကြီးတယ်ဆိုတာပါပဲ။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပထမဆုံးမဲပေးမယ့် လူငယ်မဲဆန္ဒရှင်(First Time Voters) ၅ သန်းကျော်ရှိ တယ်လို့ သိရပါတယ်။ ဒီလူငယ်တွေရဲ့ ရွေးချယ်မှု မှန်ကန်ဖို့ လိုပါတယ်။ ဒီလူငယ်တွေ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့ဆိုရင် သူတို့အနေနဲ့ သတင်းအချက်အလက်တွေကို မှန်မှန်ကန်ကန်နဲ့ ပြည့်ပြည့်စုံစုံ သိနားလည်ထားဖို့ လိုမှာလည်းဖြစ်ပါတယ်။ မြောက်များလှစွာသော သတင်းအချက်အလက်တွေထဲကမှ အရေးကြီးတဲ့ တစ်ချက်ကတော့ သမိုင်းဆိုင်ရာ အကြောင်းအရာတွေကို သိနားလည်ခြင်းပါပဲ။ ပထမဆုံး မဲပေးမယ့် လူငယ်မဲဆန္ဒရှင်တွေဟာ ၂၁ ရာစု အစပိုင်းမှာ မွေးဖွားလာခဲ့တာဖြစ်လို့ သူတို့ မမွေးဖွားခင်က စတင်ခဲ့တဲ့ ဒီမိုကရေစီခရီးရှည်ချီတက်မှုကို ကိုယ်တွေ့ သိနိုင်မယ်မဟုတ်ပါဘူး။

၂၀၀၀ ခုနှစ်မှာ မွေးတဲ့ ကလေးတစ်ယောက်ဟာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ အသက် ၇ နှစ်သာ ရှိသေးတာမို့ ခပ်ရေးရေးပဲ သိခဲ့မှာပါ။ မေးစရာရှိလာတာက မမွေးဖွားခင်က အဖြစ်အပျက်တွေကို လူငယ်တွေ သိဖို့၊ စိတ်ဝင်စားဖို့ မလိုတော့ဘူးလား? ဒီလိုတော့လည်းမဟုတ်ပါဘူး။ ဒါဆိုရင် ဒီလူငယ်တွေကို ဒီမိုကရေစီ ခရီးရှည်ရဲ့ သမိုင်းဆိုင်ရာ အကြောင်းအရာတွေကို ဘယ်လိုရှင်းပြကြမလဲ?

ပထမဆုံး နားလည်ရမှာက လူငယ်တွေနဲ့ လူကြီးတွေကြားမှာရှိတဲ့ ဆက်နွယ်နေမှုတွေကိုပါ။ ပထမဆုံးမဲပေးမယ့် လူငယ်မဲဆန္ဒရှင်တွေဟာ ၂၁ရာစု အစပိုင်းလောက်မှာ မွေးဖွားလာကြတယ်ဆိုပေမယ့် သူတို့ ချည်းပဲ တသီးတသန့် ရှိနေကြတာတော့မဟုတ်ပါဘူး။ သူတို့ရဲ့ နေ့စဉ်ဘဝတွေဟာ သူတို့အရင် မွေးဖွားလာကြတဲ့ လူကြီးတွေရဲ့ အပြောအဆို၊ အရေးအသား၊ ဖန်တီးမှု၊ ဆန်းစစ်သုံးသပ်မှု အထွေထွေနဲ့ ချိတ်ဆက်နေကြပါတယ်။ တစ်နည်းပြောရရင် လူငယ်တွေဟာ လူကြီးတွေဆီက သင်ယူကြသလို၊ လူကြီးတွေကလည်း လူငယ်တွေဆီက သင်ယူကြရတာပါပဲ။ အဲဒီလို အညမည သဘောနဲ့ အပြန်အလှန် သင်ယူနေကြတဲ့ သဘောရှိတာမို့ လူငယ်တွေ စိတ်မဝင်စားဘူးလို့ ယူဆခံရတဲ့ သမိုင်းဆိုင်ရာ ဖြတ်သန်းမှုတွေ၊ အကြောင်းအရာတွေကို ပြန်လည်မျှဝေပေးဖို့ဟာ အဲဒီလူငယ်တွေနဲ့ ဆက်စပ်နေကြတဲ့ လူကြီးတွေရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ဒီထက်ကျယ်ကျယ်ပြန့်ပြန့်ပြောရရင် ရှေ့မျိုးဆက်က ဘာတွေဘယ်လို လုပ်ခဲ့ကြရတယ်၊ ဘယ်လိုတွေ ဖြတ်သန်းကြရတယ်ဆိုတာကို နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းပေးဖို့အတွက် မျိုးဆက်တိုင်းမှာ တာဝန်ရှိပါတယ်။ ဒါကြောင့်လည်း အစိုးရတွေကိုယ်တိုင်က သမိုင်းဘာသာရပ်ကို ကျောင်းသင်ခန်းစာတွေထဲမှာ ထည့်သွင်းသင်ကြားပေးကြရတာပါ။ သမိုင်းမှန်တွေ၊ ဖြစ်ရပ်မှန်တွေ တော့ ဖြစ်ဖို့လိုတာပေါ့။ ဒါကြောင့် ပထမဆုံးမဲပေးမယ့် လူငယ်မဲဆန္ဒရှင်တွေ မှန်မှန် ကန်ကန်ရွေးချယ်နိုင်ဖို့ သတင်းအချက်အလက် မှန်မှန်ကန်ကန်ပေးနိုင်ဖို့၊ သမိုင်းဆိုင်ရာ အကြောင်းအရာ တွေကို သိနားလည်လာကြဖို့ လူကြီးတွေအနေနဲ့ ရှင်းပြကြဖို့၊ မျှဝေကြဖို့ အလွန်အရေးကြီးလာပါတယ်။

ဒုတိယ အချက်ကတော့ လူငယ်တွေဖက်ကလည်း သမိုင်းဆိုင်ရာ အကြောင်းအရာတွေကို သိရှိလာအောင် အားထုတ်ကြဖို့ပါ။ အခုဆိုရင် ဒီမိုကရေစီခရီးရှည်ချီတက်မှုရဲ့ အသီးအပွင့်အချို့ကို စတင်ခံစားလာနေရတာ လူငယ်တွေပါပဲ။ ပညာရေးဖက်ကကြည့်ကြည့်၊ အလုပ်အကိုင်ဖက်က ကြည့်ကြည့်၊ ဖျော်ဖြေရေးဖက်က ကြည့်ကြည့် အခုခေတ်လူငယ်တွေက အရင်က လူကြီးတွေ အိပ်မက်ထဲမှာတောင် ထည့်မက်ခွင့်မရှိတဲ့ အသီးအပွင့်တွေကို ဆွတ်ယူစားသုံးနေကြရတာပါ။ လိုအပ်ချက်တွေ ရှိနေသေးပေမယ့် လူငယ်တွေ ကြိုးစားရင် ကြိုးစားသလောက် လူမှုစီးပွား ဖွံ့ဖြိုးစေအောင် လုပ်နိုင်မယ့် ဝန်းကျင် တစ်ခုကိုတော့ စပြီးမြင်တွေ့နေရပါပြီ။ ဒီအသီးအပွင့်တွေဟာ မိုးပေါ်ကကျလာတာလည်းမဟုတ်သလို၊ မြေကြီးထဲက ထိုးထွက်လာတာလည်း မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ အရင်းအနှီးကြီးကြီးမားမားပေးခဲ့ရတဲ့ ရုန်းကန်မှုအထွေထွေရဲ့ ရလဒ်ဆိုတာကို လူငယ်တွေ သိအောင် ကြိုးစားသင့်ပါတယ်။ ဒါမှလည်း ကိုယ်ရနေတဲ့ အခြေအနေအရပ်ရပ်ကို တန်ဖိုးထားပြီး ဆက်လက်တိုးတက်သွားအောင် ကြိုးပမ်းနိုင်ကြမှာဖြစ်ပါတယ်။

အခုတလောမှာ ကြားလာရတာက ပထမဆုံး မဲပေးမယ့် လူငယ်မဲဆန္ဒရှင်တွေဟာ သမိုင်းဆိုင်ရာ အကြောင်းအရာကို မသိချင်ကြဘူး၊ စိတ်မဝင်စားကြဘူး စသည်ဖြင့် ဖြစ်ပါတယ်။ ဒီလိုအပြောအဆိုတွေဟာ ယစ်မူးဖွယ်ကောင်းတာတော့ မဟုတ်ပါဘူး။ ဒါတွေကို ဒီအတိုင်းပဲ လက်ခံထားလိုက်မယ်ဆိုရင်၊ လူငယ်တွေ သမိုင်းမသိကြတာကို မသိတဲ့အတိုင်းပဲ လက်ခံထားလိုက်ကြမယ်ဆိုရင် ဘယ်လိုလုပ်များ ပိုမိုတိုးတက်တဲ့ လူ့ဘောင်ကို ဖန်တီးနိုင်ပါ့မလဲ။ ဒီလိုအခြေအနေ မဆိုက်အောင် အလွယ်ကူဆုံးလုပ်နိုင်တာကတော့ (၁) လူကြီးတွေဟာ မိမိတို့ရဲ့ သား၊ သမီး၊ တူ၊ တူမ၊ မြေး၊ မြေးမ တွေနဲ့ စကားပြောကြပါ။ အချိန်ရရင် ရသလို ရွေးကောက်ပွဲနဲ့ဆက်စပ်ပြီး မေးမြန်းကြပါ။ ရုန်းကန်ဖြတ်သန်းခဲ့ရ၊ ဖြတ်သန်းနေရဆဲ ဖြစ်တဲ့ ဒီမိုကရေစီခရီးရှည် အကြောင်းကို ပြောပြကြပါ။ စာဖတ်ကြဖို့ တိုက်တွန်းပေးကြပါ။ (၂) လူငယ်တွေဖက်ကလည်း မိမိတို့စိတ်အားထက် သန်ရာ ကိစ္စတွေကို လုပ်နေကြတဲ့တစ်ချိန်တည်းမှာပဲ ဒီနေ့ဒီအချိန်မှာ ရရှိနေတဲ့ အသီးအပွင့်တွေ ဘယ်ကနေ ဘယ်လိုရောက်လာသလဲ ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြပါ။ လူကြီးတွေကို မေးမြန်းခြင်းအားဖြင့် ဖြစ်စေ၊ စာအုပ်စာပေဖတ်ရှုခြင်းအားဖြင့်ဖြစ်စေ၊ ရှင်းပြ၊ ပြောပြတဲ့ ရုပ်သံ ဗီဒီယိုတွေကို ယုံကြည်ထိုက်ဖွယ်ဖြစ် တဲ့နေရာတွေမှာ သွားရောက် နားထောင်လေ့လာကြပါ။ TikTok ဗီဒီယိုတစ်ခုရိုက်ဖို့ အချိန် မိနစ် ၃၀ လောက် ပေးနိုင်ရင် သမိုင်းတန်ဖိုးနားလည်ဖို့ အနည်းဆုံး တစ်နေ့ကို ၁၅ မိနစ်လောက်တော့ အချိန်ပေးကြပါ။ ဘာလို့ ဒီလိုတွေ လုပ်ဖို့ လိုသလဲလို့ မေးလာရင်တော့ “ရွေးချယ်မှု မှန်ကန်ဖို့” ပါလို့ပဲ ဖြေရပါမယ်။

#TheMandalayNewsJournal
#2020Election


Spread the love
  •  
  •  
  •  
  •  
  •  
  •