Covid ကာလ ကားပေါ်မှ ရုပ်ရှင်ကြည့်ခြင်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

#ကားပေါ်မှ_ရုပ်ရှင်ကြည့်ခြင်း

မလေးရှားနိုင်ငံမှာ ဇူလိုင်လ ၁ ရက်နေ့ကစပြီး ရုပ်ရှင်ရုံတွေကို ပြန်ဖွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ မှောင်နေတဲ့ ရုပ်ရှင်ရုံထဲမှာ လူစိမ်းတွေနဲ့ ၂ နာရီကြာ လူတွေရှုထုတ်တဲ့ လေတွေကို ရှုမိပြီး COVID 19 ရောဂါရမှာ ကြောက်ကြလို့ ရုပ်ရှင်လာကြည့်ကြသူ အလွန်နည်းပါးတယ်။

ဒါကြောင့် မနေ့ည (ဇူလိုင်လ ၂၉ ရက်ည) က ကွာလမ်လာပူမြို့လယ်မှာ ကားတွေနဲ့ လာပြီး ရုပ်ရှင်ကြည့်လို့ ရတဲ့ ကွင်းပြင်ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပိတ်ကားဟာ အလျား ၂၇ ပေနဲ့ အနံ ၁၂ ပေရှိပါတယ်။ အစပိုင်းမှာ ရုပ်ရှင်တစ်ပွဲကို ကားအစီး ၅၀ ပဲ ဝင်ခွင့်ပေးပါတယ်။ ညနေ ၆ နာရီကစပြီး တစ်နေ့ ရုပ်ရှင်နှစ်ပွဲပြပေးပါတယ်။

 

ကွင်းထဲ ဝင်လာတဲ့ ရုပ်ရှင်ကြည့်သူတွေရဲ့ အပူချိန်ကို တိုင်းပါတယ်။ လက်မှတ်ခအဖြစ် ကြည့်သူနှစ်ယောက်အတွက် ၉၉ ရင်းဂစ် (စင်္ကာပူ ၃၂ ဒေါ်လာ) ပေးလိုက်ရင် ပွဲစီစဉ်သူက စပီကာအသေးတစ်လုံး ငှားပေးပါတယ်။ စပီကာကို နီးနီးကပ်ကပ်မှာ ထားလို့ ရုပ်ရှင်ထဲက အသံတွေကို ပီပီသသ ကြားရတယ်။ နောက်ပြီး ပန်ကာအသေးလေးတစ်လုံးလည်း ငှားပေးပါတယ်။ ကားလေအေးပေးစက်ကို သုံးဖို့ မလိုတော့လို့ ကားစက်ရပ်ထားလို့ ရပါတယ်။ လက်မှတ်ခထဲမှာ ဟမ်းဘာဂါ၊ ဒိုးနပ်၊ ခေါက်ဆွဲပြုတ်၊ ပြောင်းဖူးပေါက်ပေါက်တွေထဲက တစ်မျိုးနဲ့ အအေးတစ်ဘူးအတွက် ပါပြီးသားဖြစ်ပါတယ်။ ယာယီအိမ်သာတွေလည်း ထားပေးထားပါတယ်။

 

အဲဒီပွဲကို စီစဉ်သူ Mr Jack Gill က ခုလို ပြောပါတယ်။ “အိမ်ထဲက တီဗီမှန်သားပြင်အသေးလေးပေါ်မှာ ရုပ်ရှင်ကြည့်နေသူတွေအတွက် ပိတ်ကားကြီးကြီးပေါ်မှာ ကြည့်ပြီး ရုပ်ရှင်အရသာကို အပြည့်အဝ ခံစားနိုင်အောင် လုပ်ပေးလိုက်တာပါ။ တချိန်ထဲမှာ ရောဂါကူးမလားဆိုတာကိုလည်း တွေးကြောက်နေစရာ မလိုတော့ဘူးပေါ့”။

မလေးရှားနိုင်ငံရဲ့ တခြားမြို့တွေမှာလည်း ကားပေါ်ကနေ ရုပ်ရှင်ကြည့်တဲ့ အစီအစဉ်တွေ လုပ်နေကြပါပြီ။ တကယ်တော့ ဒီအစီအစဉ်ဟာ မလေးရှားနိုင်ငံမှာ နှစ်ပေါင်းအတော်ကြာကြာက လုပ်ခဲ့ဖူးပါတယ်။ အခုတော့ ကိုဗစ်ကြောင့် တစ်ခေတ်ပြန်လည်ဆန်းသစ်လာပါတယ်။

 

တချို့နိုင်ငံတွေကတော့ ကိုဗစ်ရောဂါကြောင့် ပေါ်လာတဲ့ အခက်အခဲတွေကို တီထွင်ဉာဏ်သုံးပြီး ဖြေရှင်းနေကြပါတယ်။

ဗန်းမော်သိန်းဖေ
၃၀-၀၇-၂၀၂၀


Spread the love
  •  
  •  
  •  
  •  
  •  
  •