covid ကိစ္စကလည်း နိုင်ငံရေးပါပဲ၊ နိုင်ငံအတွက် ကြီးမားတဲ့ အရေးပါ။ ကျန်းမာရေး၊ လူမှုရေး၊ စီးပွါးရေး စသဖြင့် ခွဲခြားပြီးစဉ်းစားလို့ မရပါဘူး(ဒေါ်အောင်ဆန်းစုကြည်)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Covid နဲ့ပတ်သက်တဲ့ video ဆွေးနွေးပွဲတွေ စီစဉ်တဲ့အခါ ပထမဆုံး လုပ်ရတာကတော့ အကြောင်းအရာ ရွေးရပါတယ်။ ဘယ်ကိစ္စတွေဟာ ရောဂါတားဆီး ကာကွယ်ရေးအတွက် အရေးကြီးလဲ။ ဘာတွေကိုပြည်သူတွေ စိတ်ဝင်စား၊ သိချင်နေလဲ။ ပြည်သူတွေ ပူးပေါင်း ပါဝင် လာဖို့ ဘာတွေ အသိပေးဖို့လိုလဲ။ တစ်ခါတလေလည်း ကျွန်မ ဘာပြောချင်တာများရှိလဲ ဆိုတာလဲ စဉ်းစားမိပါတယ်။

Covid လောက် ကျယ်ပြန့်တဲ့ကိစ္စ မရှိသလို၊ covid လောက် ကျဉ်း မြောင်းတာလည်း မရှိပါဘူး။ လူအားလုံး၊ အရာအားလုံးနဲ့ဆိုင်သလို၊ လူတစ်ယောက်ချင်းနဲ့လည်း ဆိုင်နေပါတယ်။ ရောဂါ ကာကွယ်ရေးအတွက် သိကောင်းစရာတွေက များသလောက် ပြည်သူတွေသိချင် တာတွေကလည်း များပြီး၊ မနူးမနပ်၊ မမှန်မကန် သတင်းတွေကလည်း ပျံ့နှံ့နေတာကြောင့် တတ်နိုင်သမျှ ဘက်စုံက ဆွေးနွေးနိုင်ဖို့ကြိုးစားပါတယ်။ ပြည်သူတွေ ပူးပေါင်း ပါဝင်တယ်ဆိုတာ နားလည် သဘောပေါက်ခြင်းအပေါ် အခြေခံမှသာ အာနိသင် ပြည့်ဝမှာပါ။

ကျွန်မပြောချင်တာတွေကို စဉ်းစားလိုက်ရင်တော့ အများကြီးပါပဲ။ မိန့်ခွန်းတစ်ခုမှာ ဖေဖေက ပြောဖူးပါတယ်၊ နိုင်ငံရေးနဲ့ပတ်သက်လို့ပြောချင်တာ “ဝမ်းထဲမှာ အများကြီးပဲ၊ ပုံနေတာပဲ” တဲ့။ အဲ့ဒါကို ဖတ် လိုက်တဲ့အခါ၊ ဪ၊ လွတ်လပ်ရေးကြိုးပမ်းနေရတဲ့အချိန် ဆိုတော့ပြောစရာတွေကလည်း များမှာပဲလို့ တွေးမိပါတယ်။ အခုတော့နိုင်ငံရေးနဲ့ပတ်သက်လို့ ပြောစရာကတော့ အစဉ်များနေမှာပဲဆိုတာကို သဘောပေါက်နေပါပြီ။

ယခု covid ကိစ္စကလည်း နိုင်ငံရေးပါပဲ၊ နိုင်ငံအတွက် ကြီးမားတဲ့ အရေးပါ။ ကျန်းမာရေး၊ လူမှုရေး၊ စီးပွါးရေး စသဖြင့် ခွဲခြားပြီးစဉ်းစားလို့ မရပါဘူး။ အားလုံးကို စုပေါင်းပြီး၊ နိုင်ငံရေး၊ နိုင်ငံရေးစိန်ခေါ်မှုကြီးလို့ မြင်ဖို့ လိုပါတယ်။ ပူးပေါင်းဆောင်ရွက်ဖို့ အများကြီးလိုပါတယ်။

ဖေဖေ ဘုန်းကြီးကျောင်းသား လေသံနဲ့ မိန့်ခွန်း တစ်ခုကို နိဂုံးချုပ် လိုက်သလို ၊ “တုမှေ – သင် ပရိသတ်အပေါင်းတို့သည် ဂဏှထ – မမေ့မလျော့ မပေါ့ သတိနှင့် မှတ်သား သွားကြကုန်လော့။”


Spread the love
  •  
  •  
  •  
  •  
  •  
  •