Covid ကြောင့် နောက်ဆက်တွဲရောဂါတွေဖြစ်နိုင်သလား⁉️

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🦠 Covid ကြောင့် #နောက်ဆက်တွဲရောဂါတွေဖြစ်နိုင်သလား⁉️

ကပ်ရောဂါကြီးတစ်ခုအပြီးမှာ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စတဲ့နောက်ဆက်တွဲအကျိုးဆက်တွေကတော့ ခံစားရစမြဲပါ။

Covid-19 ကြောင့်အနည်းနဲ့အများနောက်ဆက်တွဲရောဂါတွေကို ခံစားရ(နိုင်)ပါတယ်။

#ရောဂါပြင်းထန်မှုအခြေအနေပေါ်မူတည်ပြီး နောက်ဆက်တွဲဘယ်လောက်ခံရမလဲ အကြမ်းဖျင်းတွက်လို့ရပါတယ်။

သို့သော် #Covidဖြစ်သူတိုင်းဒီရောဂါတွေဖြစ်မယ်လို့လုံးဝပြောလို့မရပါ။

ပြန်ပြောပါမယ်။ Covid ဖြစ်တိုင်းအခုဖော်ပြမယ့်နောက်ဆက်တွဲရောဂါတွေဖြစ်မယ်လို့ (လုံးဝ) မပြောပါ။

အခုကျနော်ရေးရတာက #ကြောက်လန့်ကြဖို့မဟုတ်ပါ။

ဘာတွေဖြစ်နိုင်သလဲကြိုသိပြီး…..

✅ ကိုယ့်ကိုမကူးအောင်ပိုသတိထားနိုင်ဖို့နဲ့

✅ သူများတွေကိုဒုက္ခမပေးမိစေရန်၊

✅ ပိုမိုဆင်ခြင်နိုင်ဖို့နဲ့၊

✅ Covid အတွင်းနဲ့အပြီးမှာ Covid နောက်ဆက်တွဲကုသရေးစင်တာတွေဖွင့်နိုင်ဖို့ ရေးသားပါတယ်။

👉 COVID Recovery Engagement (အတိုကောက် CORE) လို ဆေးခန်းမျိုးတွေ မြန်မာပြည်မှာ တစ်နေ့ပေါ်လာမယ်လို့ မျှော်လင့်မိပါတယ်။

Covid ဟာ အသက်ရှုလမ်းကြောင်းကအဓိကကူးစက်တာမို့ အဆုတ်ထိခိုက်တာအများဆုံးတွေ့ရတာပါ။

ဒါပေမယ့်ကျန်ကိုယ်အင်္ဂါတွေကိုလည်းထိခိုက်စေပါတယ်။

▪️Covid ဟာ #ဘာကြောင့်နောက်ဆက်တွဲရောဂါတွေဝင်နိုင်တာလဲ⁉️

▪️ကိုရိုနာဗိုင်းရပ်စ်ဟာ ရောဂါရအောင်အဓိကလုပ်သူမဟုတ်ပါဘူး။

▪️သူကအခြားရောဂါတွေဝင်လာနိုင်အောင် ကျနော်တို့ရဲ့ကိုယ်တွင်းအင်္ဂါတွေကို ရောင်ရမ်းအောင်၊ ခုခံအားလျော့အောင် လုပ်ပစ်လိုက်တဲ့လက်သည်ပါ။

▪️ရန်သူတွေဝင်နိုင်အောင်လမ်းကြောင်းဖွင့်ပေးတဲ့အဓိကဒလံဖြစ်ပါတယ်။

▪️သို့သော်သူ့ကြောင့်သွေးကြောတွေ၊ ကိုယ်တွင်းအင်္ဂါတွေအပြင်းအထန်ရောင်ရမ်းမှုဖြစ်ရင် သေတဲ့အထိဖြစ်တတ်ပါတယ်။

ဥပမာ – အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ နှလုံးရပ်ပြီးသေသွားလောက်အောင် နှလုံးရုတ်တရက်ရောင်ရမ်းတာမျိုးပါ။

စင်ကာပူမှာ Covid စဖြစ်ဖြစ်ခြင်း နှလုံးရပ်ပြီးသေသွားတဲ့ အိန္ဒိယကအလုပ်သမားအနည်းငယ်ရှိခဲ့ပါတယ်။ ဘာကြောင့်မှန်းအတိအကျမသိရပါ။

Covid ကြောင့် ရေရှည် #ဖြစ်ကျန်ခဲ့နိုင်တဲ့ လက္ခဏာတွေကိုဆက်ပြောပြပါမယ်။

(၁) Brain fog or memory issues

(မှတ်ဉာဏ်လျော့တဲ့ပြဿနာပေါ့ဗျာ။)

▪️ ကိုရိုနာဗိုင်းရပ်စ်က ဦးဏှောက်ထဲကဆဲလ်တွေကိုထိခိုက်စေတာ၊ ဦးဏှောက်နဲ့ခန္ဓာကိုယ်ကို ရောင်ရမ်းစေတဲ့အခါမှာ neurologic complication လို့ခေါ်တဲ့ အာရုံကြောရောဂါတွေဝင်လာတယ်ပေါ့။

▪️ ဦးဏှောက်ထဲက အဖြူရောင် white matter တွေက electrical signal တွေကို ကူညီထုတ်လွှတ်ပေးတယ်။ အဲ့ဒီ white matter တွေရောင်တဲ့အခါမှာ မှတ်ဉာဏ်ပြဿနာ၊ စဉ်းစားတဲ့ပြဿနာတက်တော့တာပဲ။

▪️အဲ့ဒါက Covid ကနေပြန်ကောင်းလာချိန်မှာ #ကိုယ်ခန္ဓာဟာသူ့ရဲ့အသိအာရုံကိုမူလအတိုင်းပြန်မရသေးလို့ ဖြစ်နိုင်ပါတယ်။

▪️ဥပမာ – စျေးဝယ်စာရင်းရေးတာ အတော်စဉ်းစားရပြီး မိနစ် ၃၀ လောက်ကြာတတ်တာမျိုး။

(ဒါမျိုးကမိန်းမတွေမှာဖြစ်တတ်တယ်ဗျ။ 😁 နဂိုကတည်းက မပြီးကိုမပြီးနိုင်တာ။)

Hannah Davis ဆိုတဲ့ နယူးယောက်မြို့က သုသေသနလုပ်နေသူအမျိုးသမီးရဲ့အပြောအရ သူမဟာ နေပြန်ကောင်းပြီးကတည်းက brain fog ဖြစ်နေတာ ရက်ပေါင်း ၁၄၀ လောက်ရှိပြီတဲ့။

ဖုန်းကနေလာတဲ့ Text message မက်ဆေ့စာဖတ်တာတောင် အတော်ခက်ခက်ခဲခဲဖတ်ရတဲ့အခါမှာ သူဒီပြဿနာကိုသွားသတိထားမိသတဲ့။

(ဒါကလည်းအလုပ်ကပို့တဲ့ မက်ဆေ့မို့ဖြစ်မယ်ထင်ပါတယ်။ မိတ်ကပ် 70% discount တို့ Free Giveaway မက်ဆေ့မျိုးဆိုဖတ်ရတာ အခက်အခဲရှိချင်မှရှိမှာ)

🚨#ပေါ့တော့မပေါ့နဲ့ဗျ။ သူမရဲ့အပြောအရ လေးလကြာတဲ့အထိ နေ့တိုင်းနီးပါး ကိုယ်ပူချိန်တက်တယ်၊ မှတ်ဉာဏ်လျော့တယ်၊ ခေါင်းကိုက်တယ်၊ ကြွက်သားတွေအတော်ကြီးနာတယ်၊ အစာလမ်းကြောင်းပြဿနာတက်တယ်၊ နည်းနည်းလေးလှုပ်ရှားတာနဲ့ နှလုံးခုန်နှုန်းက ၁၅၀ အထက်အထိတက်လာသတဲ့။

▪️ နေ့တိုင်းနီးပါး ကိုယ်ပူချိန်တက်တာဟာ persistent fever ဖြစ်ပါတယ်။

▪️ကျနော့်အမြင်အရတော့ Covid တနိုင်ငံလုံးအကြီးအကျယ်ဖြစ်ချိန်မှာ နဂိုရောဂါအခံရှိသူတွေမှာ အကြီးအကျယ်သွားထိပုံရပါတယ်။

▪️ဒါပေမယ့် နဂိုနာတာရှည်ရောဂါအခံမရှိသူတွေမှာလည်း ထိတာတွေရှိပါတယ်။

(၂) Cardiac issues (နှလုံးပြဿနာတွေ)

▪️Columbia University Medical Center က နှလုံးရောဂါပါရဂူ Dr Jennifer Haythe ရဲ့အဆိုအရ Covid ကပြန်ကောင်းလာပြီး နှလုံးရောဂါခံစားရသူတွေကို သူမြင်ဖူးပါတယ်တဲ့။

▪️နှလုံးကအားနည်းပြီး သွေးကိုသေချာညှစ်ထုတ်မှုအားနည်းမယ်။

▪️mycarditis လို့ခေါ်တဲ့နှလုံးကြွက်သားတွေရောင်ရမ်းပြီး ရင်ဘတ်အောင့်မယ်။

▪️heart arrhythmias နှလုံးစည်းချက်ကျခုန်မှုပျက်ယွင်းမယ်။ မူမမှန်တဲ့ နှလုံးခုန်မြန်တာဘာညာဖြစ်နိုင်တယ်။

▪️ဆရာဝန်တွေက ရေတို heart arrhythmias ဖြစ်ရင်မစိုးရိမ်ရဘူးလို့ဆိုတယ်။ ရေရှည်ဖြစ်မှာကို စိုးရိမ်ကြတယ်။

(ယောက်ျားလေးတွေမှာ heart arrhythmias အဖြစ်များတယ်။ ကောင်မလေးချောချောနဲ့စကားပြောရင် 💓 ဖြစ်တတ်တယ်)

▪️JAMA Cardiology မှာရေးသားထားချက်အရ Covid လူနာ ၁၀၀ ကို ၁၀ ပတ်အကြာမှာ ပုံရိပ်စစ်ဆေးကြည့်တဲ့အခါ ၇၈ ယောက်မှာ နှလုံးမူမမှန်တာကို တွေ့ရပါသတဲ့။

▪️နှလုံးကြွက်သားရောင်နေတာကို အတွေ့ရများပါသတဲ့။

(၃) Shortness of breath, cough and tightness of the chest

(အသက်ရှုမဝတာ၊ ချောင်းဆိုးမပျောက်တာ၊ ရင်ဘက်ကိုတက်ဖိထားသလိုခံစားရတာ)

▪️ဒါကတော့အတွေ့ရအများဆုံးပြဿနာပါ။ ဒီလက္ခဏာတွေကို Covid ဖြစ်နေချိန်မှာခံစားရတတ်ပြီး Covid ပျောက်သွားတဲ့အချိန်မှာ ဆက်ကျန်နေခဲ့တာပါ။

▪️Redirect Health က Dr Janice Johnston ရဲ့အပြောအရ အသက်ကူရှုစက် ventilator တင်ရတဲ့လူတွေမှာ ဒီနောက်ဆက်တွဲပြဿနာကို သူမသတိထားမိပါသတဲ့။

▪️အဆုတ်နဲ့အသက်ရှုလမ်းကြောင်းကို ပြင်းပြင်းထန်ထန်ထိသွားတော့ #ပြန်ကောင်းဖို့အချိန်ယူရတဲ့သဘောပါ။

▪️အောက်ဆီဂျင်ပေးတာ၊ ဆေးတွေပေးတာ၊ လေ့ကျင့်ခန်းလုပ်စေတာတွေနဲ့ ပြန်လည်ကုသရတာပေါ့ဗျာ။

▪️Arizona က အသက် ၆၀ အရွယ် Sandy Rairdan ရဲ့အပြောအရ နှစ်လကြာတဲ့အထိ လမ်းကိုနာရီဝက်ထက်ပိုမလျှောက်နိုင်သေးပါတဲ့။

▪️ရေကူးတာအနည်းငယ်လုပ်နိုင်ပြီး။ ဓာတ်မှန်ထဲမှာ အဆုတ်ကကောင်းနေပြီမို့ အားရမှုရှိပါတယ်တဲ့

▪️Kristin Smith ရဲ့အပြောအရ အသက်ရှုလိုက်တိုင်း ရင်ဘတ်ကဝေဒနာခံစားနေရပြီး Covid ကိုအမှတ်ရနေပါသတဲ့။

🚨 Shortness of breath ပြဿနာဟာ Covid #ရောဂါမပြင်းထန်တဲ့သူတွေမှာလည်း နောက်ဆက်တွဲအနေနဲ့ တွေ့ရပါသတဲ့။

(၄) fatigue (အလွန်အမင်းပင်ပန်းနွမ်းနယ်မှု)

▪️ဒီလက္ခဏာကလည်း နောက်ဆက်တွဲအတွေ့ရများတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။

▪️ Redirect Health က Dr Janice Johnston ရဲ့အပြောအရ ဒီပြဿနာက သူများတွေတင်မဟုတ်ဘူး။ သူမကိုယ်တိုင်မှာပါ ခံစားရပါတယ်တဲ့။ သူမဟာ ဇွန်လမှာ Covid ဖြစ်ခဲ့ပါတယ်။

▪️ Montefiore Health System မှ တွဲဖက်ဒါရိုက်တာဖြစ်သူ Aluko A. Hope ရဲ့အဆိုအရ Covid #အပြင်းအထန်ခံစားခဲ့ရတဲ့လူနာတွေမှာ ကြွက်သားတွေအင်အားပြန်ပြည့်ဖို့ အချိန်အတော်ယူရပါမယ်တဲ့။

▪️Aluko A. Hope ရဲ့အပြောအရ နေ့စဉ်ဖုန်းလေးကိုင်ပြီး ပြန်ဖြေဖို့တောင် အခက်အခဲရှိတဲ့သူရှိပါသတဲ့။

(၅) Hearing loss (အကြားအာရုံချွတ်ယွင်းမှု)

▪️NYC Hearing Associates ရဲ့ Founder ဖြစ်သူ အထူးကု Dr Shelley Borgia ရဲ့အဆိုအရ သွေးပုံမှန်လည်ပတ်စီးဆင်းမှုက ကိုယ်တွင်းအင်္ဂါတွေအတွက် အရေးကြီးပါတယ်။

▪️သွေးကြောတွေရောင်တာ၊ သွေပျစ်လာတာ သွေးစီးဆင်းမှုပျက်စီးမှုကနေ သွေးထဲမှာ အောက်စီဂျင်လျော့ကျပြီး အကြားအာရုံချွတ်ယွင်းမှုကို ဖြစ်စေနိုင်ပါတယ်တဲ့။

▪️သူမရဲ့ Covid လူနာတွေမှာ tinnitus လို့ခေါ်တဲ့ နားထဲမှာ ဆူညံသံကြားနေရတာမျိုးရှိနေတာ တွေ့ရပါသတဲ့။

▪️အကြားအာရုံသာမက အနံ့ခံအာရုံကိုထိခိုက်တဲ့အခါမှာ လအတန်ကြာအထိ အနံ့မရတဲ့ပြဿနာကြုံနေရတဲ့သူတွေရှိပါတယ်။

▪️အမျိုးသမီးတစ်ယောက်ဆိုရင် အလုပ်မသွားခင် Victoria’s Serect က ရေမွှေးကို အမြဲဆွတ်နေကျပါ။

▪️အခုတော့ ၃ လလောက် သူမအကြိုက်ဆုံးရေမွှေးကို တစ်စက်ကလေးမှ အနံ့မရတဲ့အတွက် ငိုမိပါသတဲ့။

(၆) Hypertension (သွေးတိုး)

▪️Covid အပြင်းအထန်ဖြစ်တဲ့လူနာတွေမှာ သွေးပေါင်ချိန်အရမ်းတက်တဲ့ ပြဿနာကိုတွေ့ရပါတယ်။

▪️ရောဂါလည်းမပြင်းထန်၊ အရင်ကလည်းကျန်းမာတဲ့လူမှာတောင် သွေးတိုးပြဿနာကိုတွေ့ရပါသတဲ့။

▪️ဒီလိုဖြစ်ရခြင်းဟာ Covid ပိုးဟာ သွေးကြောတွေနဲ့ နှလုံးရဲ့ဆဲလ်တွေကို တိုက်ခိုက်လို့ဖြစ်ပုံရပါတယ်တဲ့။

(၇) other complications (အခြားရောဂါစုံ)

▪️ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်တွေနာခြင်း၊ ညဘက်အိပ်မပျော်ခြင်း စတဲ့နောက်ဆက်တွဲပြဿနာတွေကိုလည်းတွေ့ရပါသတဲ့။

▪️SARS တုန်းက diabetes လို့ခေါ်တဲ့ ဆီးချိုဖြစ်စေခဲ့တဲ့ သာဓကတွေရှိခဲ့ဖူးပါတယ်။ အခု Covid မှာလည်း ဆီးချိုဖြစ်စေနိုင်တဲ့ အချက်သွားတွေ့ပါတယ်။

▪️Covid ဗိုင်းရပ်စ်ပိုးဟာ အင်ဆူလင်ထုတ်ပေးတဲ့ဆဲလ်တွေကို ပျက်ဆီးစေတဲ့အခါမှာ ရေရှည်ဆီးချိုပြဿနာဖြစ်စေနိုင်ပါတယ်။

👉 အဲ့ဒီတော့ Covid ဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ကံပေါ်မူတည်ပြီး ဘယ်လောက်ပြင်းထန်မလဲ ဘာတွေကျန်ခဲ့မလဲကွာခြားသွားပါမယ်။

👉 ရှားရှားပါးပါး ယောက်ျားတွေမှာ မျိုးပွားအင်္ဂါတွေရောင်ခြင်းဖြစ်စေနိုင်တာကို မနေ့ကရေးတင်ပြီးပါပြီ။ အောက်က လင့်မှာ ဖတ်ကြည့်ပါ။

https://www.facebook.com/100000543557502/posts/3778255442202537/?extid=h8MgWPEFBT4UTbf1&d=n

▪️Covid ရဲ့ နောက်ဆက်တွဲပြဿနာတွေနဲ့ပတ်သက်ပြီး Yale University က Akiko Iwasaki က သုသေသနလုပ်နေတာရှိပါတယ်။ သူမစုဆောင်းထားတာ ရောဂါလက္ခဏာ ၆၂ မျိုးရှိပါတယ်။

▪️အတိုချုပ်ပြောရရင် Covid-19 ကိုဖြစ်စေတာက ဗိုင်းရပ်စ်လေးတစ်မျိုးထဲပါပဲ။ သို့သော်နောက်ဆက်တွဲရောဂါစုံဝင်စေတတ်ပါတယ်။

ကျနော့်အမြင်အရပြောရရင် Covid ဟာ ရောဂါအသစ်ဖြစ်လို့ အများကြီးလေ့လာရပါအုံးမယ်။

Covid နောက်ဆက်တွဲရောဂါတွေကို ဘယ်လောက်ဖြစ်နိုင်သလဲ၊ ဘာလို့ဖြစ်တာလဲကို အသေအချာလေ့လာနေကြပါပြီ။

ရောဂါအသစ်ဖြစ်တို့ အပိုင်မပြောရဲသေးပါ။ အခုစမ်းသပ်တွေ့ရှိသမျှကို တတ်နိုင်သမျှဖော်ပြပေးလိုက်ပါတယ်။

facebook ဟာစာရှည်လာရင် စာရိုက်ရခက်လာပြီး အမှားပြင်ရများလာတာမို့ ဒီမှာရပ်ခွင့်ပြုပါ။

အစက ကျနော်ပြောခဲ့တာကို ပြန်ပြောပါမယ်။

Covid-19 ကြောင့်အနည်းနဲ့အများနောက်ဆက်တွဲရောဂါတွေကို ခံစားရ(နိုင်)တယ်။

#ရောဂါပြင်းထန်မှုအခြေအနေပေါ်မူတည်ပြီး နောက်ဆက်တွဲဘယ်လောက်ခံရမလဲ အကြမ်းဖျင်းတွက်လို့ရပါတယ်။

သို့သော် #Covidဖြစ်သူတိုင်းဒီရောဂါတွေဖြစ်မယ်လို့လုံးဝပြောလို့မရပါ။

✍️ အခုကျနော်ရေးရတာက #ကြောက်လန့်ကြဖို့မဟုတ်ပါ။

ဘာတွေဖြစ်နိုင်သလဲကြိုသိပြီး…..

✅ ကိုယ့်ကိုမကူးအောင်ပိုသတိထားနိုင်ဖို့နဲ့

✅ သူများတွေကိုဒုက္ခမပေးမိစေရန်၊

✅ ပိုမိုဆင်ခြင်နိုင်ဖို့နဲ့၊

✅ Covid အတွင်းနဲ့အပြီးမှာ Covid နောက်ဆက်တွဲကုသရေးစင်တာတွေဖွင့်နိုင်ဖို့ ရေးသားပါတယ်။

#မကြောက်ကြပါနဲ့ (သို့သော်) #မပေါ့ကြပါနဲ့။

👉 Facebook မှာ live လွှင့်ပြီး လူတွေကိုခြောက်လှန့်ဆရာလုပ်နေတဲ့ မြင်းထိန်းငတာတွေရဲ့ စကားကိုနားယောင်မနေကြပါနဲ့။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
5-September-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •