“Covid အလွန်ကမ္ဘာ” ( ဒေါ်အောင်ဆန်းစုကြည် )

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“Covid အလွန်ကမ္ဘာ” ဆိုတဲ့ အသုံးအနှုန်းက အတော်ကျယ်ပြန့်လာပါတယ်။ ၂၀၁၉ ခုနှစ်ကုန်အထိ သိခဲ့ကြတဲ့ ကမ္ဘာကြီးပုံစံ ပြန်လည်မဖြစ်နိုင်တော့ဘူးဆိုတဲ့ အဓိပ္ပါယ်လား။ ထိရောက်တဲ့ ကာကွယ်ဆေးကို သုံးစွဲနိုင်တဲ့အခါမှာတောင် အရင်လို ပြန်မဖြစ်နိုင်ဘူးလား။ ဘာတွေက ပြန်မပြောင်းနိုင်ဖြစ်နေမှာလဲ။

အင်မတန် ပြင်းထန်တဲ့ အတွေ့အကြုံတွေကြောင့် လူတွေ၊ နိုင် ငံတွေ၊ကမ္ဘာကြီးတစ်ခုလုံး၊ ပြန်လှန်လို့ မရနိုင်လောက်အောင် အကြီးအ ကျယ် ပြောင်းလဲခဲ့တာတွေ ရှိပါတယ်။ ကျွန်မတို့နိုင်ငံသမိုင်းကို ကြည့်ရင်ပဲ တွေ့နိုင်ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင်၊ (၂၀) ရာစုနှစ်အတွင်းမှာကို ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်၊ စစ်အေးခေတ်၊ စစ်အေးလွန်ခေတ်၊ ဆက်သွယ်ရေးနည်းပညာတော်လှန်ရေးခေတ်တို့ကို မြင်နိုင်ပါတယ်။

တစ်ခေတ်တစ်ခေတ်အလွန်မှာ တိုးတက်တဲ့ဘက်ကို ပြောင်းသွားတာတွေ၊ ဆုတ်ယုတ်တဲ့ဘက်ကို ပြောင်းသွားတာတွေ၊ နှစ်မျိုးလုံး မြင်ရပါတယ်။ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းဆိုတာ ကာယကံရှင်တွေအပေါ် အများကြီးတည်ပါတယ်။ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကိုအကောင်းဆုံး ကိုင်တွယ်နိုင်ဖို့ အားထုတ်ရပါမယ်။ ကံ၊ (‘ကံ’ ကို “ကမ္မ=အလုပ်” ဆိုတဲ့အခြေခံအဓိပ္ပါယ်နဲ့သုံးပါတယ်)၊ ဥာဏ်၊ ဝီရိယတို့စိုက်ထုတ်ပြီး အကောင်းဆုံးလမ်းရွေးပြီး လျှောက်ဖို့ပါပဲ။

လမ်းကလည်း ကြမ်းတဲ့အပိုင်းတွေရှိတော့ ကျွန်မတို့တွေအချင်းချင်း ကူညီဖို့လိုပါတယ်။ Covidကာလမှာ အခက်အခဲတွေ ကျော်လွှားနည်းကောင်းတွေ၊ ပြင်ပကမ္ဘာကြီးနဲ့ခြားပြီး အိမ်တွင်းမှာပဲ နေရချိန်တွေကိုတန်ဖိုးရှိရှိ သုံးစွဲနည်းတွေ တွေ့ရှိထားရင် မျှဝေကြပါ။ ကျွန်မလည်းအလျဉ်းသင့်သလို ကျွန်မရဲ့အတွေ့အကြုံတွေအကြောင်း ဆွေးနွေးပါ့မယ်။

ကျွန်မအတွက် covid ကြောင့် အမြတ်ကတော့ unicode သုံးတတ်လာခြင်းပါပဲ။ Keyboard နှိပ်တာလည်း စကာစကထက် နှစ်ဆလောက််မြန် လာပါပြီ။ တိုးတက်မှုလေ။ (Smile ပုံတော့ မထည့်တတ်သေးပါ။)


Spread the love
  •  
  •  
  •  
  •  
  •  
  •