COVID-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းမပေါ်ပေါက်စေရေး ပြည်သူသို့ ပန်ကြား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

COVID-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းမပေါ်ပေါက်စေရေး ပြည်သူသို့ ပန်ကြား

၁။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၁၈.၈.၂၀၂၀)နေ့၊ နံနက်ပိုင်း မြန်မာစံတော်ချိန် (၀၉:၃၀)နာရီတွင် ထုတ်ပြန်ထားသော သတင်းအချက်အလက်များအရ ကမ္ဘာတွင် (COVID-19)ရောဂါ ဖြစ်ပွားသူ (၂၁.၅) သန်းခန့်ရှိ၍ သေဆုံးသူ (၇.၆)သိန်းကျော် ရှိနေပြီဖြစ်ကာ ဖြစ်ပွားသူနှင့် သေဆုံးသူ အရေအတွက်မှာ အချိန်နှင့်အမျှ တိုးတက်များပြားလျက်ရှိနေပါသည်။

၂။ မိမိတို့နိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်လျက်ရှိသည့် အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားသူ (၂.၆)သန်းခန့်နှင့် သေဆုံးသူ (၅၀,၉၂၁)ဦးဖြင့် ကမ္ဘာတွင်ဖြစ်ပွားမှု တတိယအများဆုံးနိုင်ငံဖြစ်နေပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်လည်း ဖြစ်ပွားသူ (၂.၇)သိန်းကျော်နှင့် သေဆုံးသူ (၃,၆၅၇)ဦး ရှိနေပါသည်။ အဆိုပါနိုင်ငံများ တွင် ဖြစ်ပွား/ သေဆုံးသူဦးရေမှာ နေ့စဉ်ဆက်လက်မြင့်တက်နေသည်ကို တွေ့ရှိနေရပါသည်။

၃။ မိမိတို့နိုင်ငံတွင် (COVID-19) ကူးစက်ဖြစ်ပွားမှုပထမလှိုင်း၏ အကျပိုင်းသို့ရောက်ရှိနေပြီး ပထမ လှိုင်းမကြာမီပြီးဆုံးတော့မည်ဟု ဆိုနိုင်သည့်အခြေအနေဖြစ်ပါသည်။ ယနေ့နံနက်ပိုင်းအထိ ရောဂါ ဖြစ်ပွားသူ (၃၇၆)ဦးရှိကာ ၎င်းတို့အနက် (၆)ဦးသေဆုံးခဲ့ပြီး ရောဂါပိုးကင်းစင်သူ (၃၃၁)ဦးရှိပြီဖြစ်ပါသည်။ (၁၈-၆-၂၀၂၀) ရက်နေ့မှစ၍ ယနေ့အထိပိုးတွေ့ရှိသူ (၁၁၄)ဦးရှိသည့်အနက် (၂)ဦးသာ ပြည်တွင်း ကူးစက်မှုဖြစ်ပြီး ကျန် (၁၁၂)ဦးသည် ပြည်တွင်းကူးစက်မှုမဟုတ်ဘဲ နိုင်ငံခြားမှပြန်လည်ဝင်ရောက် လာသူများတွင် ပိုးတွေ့ရှိရခြင်း ဖြစ်ပါသည်။ ဤသို့ထိန်းချုပ်နိုင်ခဲ့ခြင်းမှာလည်း ပြည်သူသာလျှင် အဓိကဖြစ်သည့်အတွက် ပြည်သူအားလုံးက ပူးပေါင်းပါဝင်မှု၊ လိုက်နာခဲ့မှုကြောင့် ဖြစ်ပါသည်။

၄။ အထူးသတိပြုရမည့်အချက်မှာ မိမိတို့နိုင်ငံတွင်ရောဂါပိုးတွေ့ရှိရသူများအနက် ထက်ဝက်ကျော် ဖြစ်သည့် (၆၁%) ခန့်သည် အမြင်အားဖြင့် နေကောင်းကျန်းမာပြီး ရောဂါလက္ခဏာ တစ်စုံတစ်ရာ ပြသခြင်း မရှိသူများဖြစ်ပါသည်။ အကယ်၍ ရပ်ကွက်/ ကျေးရွာအတွင်း၊ လူထုအတွင်း ရောဂါလက္ခဏာ တစ်စုံတစ်ရာမရှိဘဲ COVID-19 ဗိုင်းရပ်စ်ပိုးရှိနေသောသူများရှိနေပါက ထိုသူတို့ထံမှ တိတ်တဆိတ် ကူးစက်ပြန့်ပွား၍ ရောဂါဖြစ်ပွားမှုဒုတိယလှိုင်းအဖြစ် အရှိန်အဟုန်မြင့်မားစွာဖြင့် ပေါ်ပေါက်လာနိုင် သည့် အလားအလာများစွာရှိပါသည်။ ဤကဲ့သို့ ရောဂါဒုတိယလှိုင်းအဖြစ် ရောဂါပြန်လည်ဖြစ်ပွား/ သေဆုံးနေမှုများကို အိမ်နီးနားချင်းနိုင်ငံအချို့နှင့် ရောဂါကိုအောင်မြင်စွာထိန်းချုပ်နိုင်ခဲ့သည်ဟု ဆိုခဲ့ သော ကမ္ဘာ့နိုင်ငံကြီးအချို့တွင်တွေ့ရှိနေရပြီး ခက်ခဲစွာ ပြန်လည်ထိန်းချုပ်နေရသည်ကိုလည်း တွေ့ရှိရပါသည်။

၅။ မိမိတို့ပြည်သူများအကြားတွင် COVID-19 ကာကွယ်ရေးအတွက် အဓိကလိုက်နာဆောင်ရွက် ရမည့်အချက်များကို နိုင်ငံတွင်းကူးစက်မှုများခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ၊ ဧပြီလနှင့် မေလတို့တွင် လိုက်နာမှု အားကောင်းခဲ့သော်လည်း ဇွန်လအလယ်ခန့်မှစတင်၍ လိုက်နာမှုအားနည်းနေသည်ကို တွေ့ရပါသည်။

၆။ အကယ်၍ မိမိတို့နိုင်ငံအတွင်း ရောဂါဖြစ်ပွားမှုများ ရုတ်တရက်များပြားစွာပေါ်ပေါက်လာပြီး ထိန်းချုပ်ရန်ခက်ခဲသောရောဂါဖြစ်ပွားမှု ဒုတိယလှိုင်းအဖြစ်ပေါ်ပေါက်လာပါက ကျန်းမာရေး၊ စီးပွား ရေး၊ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင်ရရှိရေး၊ စားဝတ်နေရေးစသည့် ကဏ္ဍမျိုးစုံတွင် ဆိုးကျိုးများ စွာ ဖြစ်ပွားပေါ်ပေါက်လာနိုင်ပါသည်။

၇။ ရောဂါကာကွယ်ရေးနည်းလမ်းများကို ပြည်သူအားလုံးက လိုက်နာလျှင်လိုက်နာသကဲ့သို့ နောက်ဆက်တွဲဆိုးကျိုးများစွာ ဖြစ်ပေါ်လာနေနိုင်သည့် COVID-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းကို တားဆီးကာကွယ်နိုင်မည်ဖြစ်ပါသည်။ COVID-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းမဖြစ်ပေါ်စေရန် အောက်ဖေါ်ပြပါ အဓိကအချက် (၅)ချက်ကို တိတိကျကျလိုက်နာပြီး မိမိတို့ပြည်သူအားလုံး အတူတကွ ဝိုင်းဝန်းကာကွယ်ကြပါရန် တိုက်တွန်းအပ်ပါသည် –

(က) တတ်နိုင်သမျှ လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲ (လုံးဝ) မသွားကြပါရန်။

(ခ) တစ်ဦးနှင့်တစ်ဦးတတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြပါရန်၊ ဖြစ်နိုင်ပါက အနည်းဆုံး (၆)ပေ အကွာမှသာ နေထိုင်ပြောဆို ဆက်ဆံကြပါရန်။

(ဂ) အပြင်ထွက်တိုင်းနှင့် လူစုလူဝေးရှိသည့် နေရာများသို့ သွားသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်း စည်း (Mask) ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ကြပါရန်။

(ဃ) လက်တွင် ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် ဆေးကြောကြပါရန်။

(င) နိုင်ငံခြားမှ ပြန်ရောက်လာသူများအား အသွားအလာတားမြစ်ပိတ်ပင်၍ သီးသန့်ထားရှိ စောင့် ကြပ်ကြည့်ရှုခြင်း (Quarantine) လုပ်ငန်းစဉ်များတွင် အပြည့်အဝပူးပေါင်းပါဝင်ပါရန်၊ တရားမဝင် ပြန်လည် ဝင်ရောက်လာသူများတွေ့ရှိပါက မဖြစ်မနေသတင်းပို့ပါရန်။


Spread the love
  •  
  •  
  •  
  •  
  •  
  •