COVID- 19 ရောဂါကုသရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအား အထူးအသိအမှတ်ပြု ကျေးဇူးတင်ကြောင်း ကျန်းမာရေးဝန်ကြီးဖော်ပြ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

COVID- 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို လက်တွေ့မြေပြင်၌ ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအား အထူးအသိအမှတ်ပြု ကျေးဇူးတင်ကြောင်း ကျန်းမာရေးဝန်ကြီးဖော်ပြ

 

(၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာလ (၁၂)ရက်
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင် COVID- 19 ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ဆောင်ရွက်နေသည်မှာ  (၈)လကျော် အချိန်ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ ယခုအချိန်တွင် ကြိုတင်ခန့်မှန်းတွက်ဆထားသည့် အတိုင်း ရောဂါကူးစက်မှုများ ပြန်လည်ဖြစ်ပေါ်လာ၍ လျင်မြန်စွာပျံ့နှံ့လျက်ရှိရာ ဆေးရုံများတွင် ရောဂါအတည်ပြုလူနာနှင့် သံသယလူနာများ အလွန်များပြားလျက်ရှိပြီး ကုသရေးဆိုင်ရာ တာဝန်ယူနေကြသည့် ဆရာဝန်များ၊ အလုပ်သင်ဆရာဝန်များ၊ သူနာပြုဆရာမများ၊ ဆေးရုံဝန်ထမ်းများအားလုံးသည် ဆေးပညာရှင်များ၏ ကျင့်ဝတ်နှင့်အညီ နေ့ရောညပါ စေတနာအပြည့်ဖြင့် အလုပ်တာဝန်များကို တာဝန်ထမ်းဆောင်လျက် ရှိပါသည်။

ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ (health care providers) အနေဖြင့် ကိုယ်တိုင် ရောဂါကူးစက်ခံရနိုင်ချေ မြင့်မားသူများဖြစ်ပြီး မိသားစုဝင်များအပေါ် စိုးရိမ်ပူပန်မှုများရှိသော်လည်း မိမိတို့၏ကိုယ်ကျိုးကိုမကြည့်ဘဲ အနစ်နာခံကာ နေ့မအား ညမအား တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆေးရုံ အသီးသီးမှ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ဆိုင်ရာပညာရှင်ဝန်ထမ်းများ၊ ဓာတ်ခွဲပညာရှင်ဝန်ထမ်းများနှင့် အခြားဝန်ထမ်းများ၊  ဗဟိုနှင့် ပြည်နယ်/ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ တိုက်နယ် အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်သူ့ကျန်းမာရေးပညာရှင်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ၊ COVID 19  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို တစ်ထောင့်တစ်နေရာမှတာဝန် ထမ်းရွက်လျက်ရှိကြသောကျန်းမာရေး ဝန်ထမ်း တစ်ဦးတစ်ယောက်စီတိုင်းအား အထူးကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။
ယခုအချိန်၌ တာဝန်ထမ်းဆောင်ရင်း ရောဂါကူးစက်ခံနေရသော ကျန်းမာရေး ဝန်ထမ်းများ၊ Quarantine ဝင်နေရသော ကျန်းမာရေးဝန်ထမ်းများ ရှိလာသည့်အတွက် မိမိ၏ သားသမီးများသဖွယ်ဖြစ်သော လုပ်ဖော်ကိုင်ဖက်များအတွက် အထူးစိုးရိမ်ပူပန်မိ ပါသည်။ သို့ပါ၍  ရောဂါပိုးကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ (Infection Prevention and Control Measure) များကို ဂရုပြုလိုက်နာကြရန် မှာကြားလိုပါသည်။ မိမိတို့အနေဖြင့် လိုအပ်သည့်ပစ္စည်းများကို ဆက်တိုက် ပံ့ပိုးပေးလျက်ရှိပြီး ဆက်လက်၍လည်း အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။

မိမိ၏လုပ်ဖော်ကိုင်ဖက် ကျန်းမာရေးဝန်ထမ်းများ၏ အန္တရာယ်ကင်း လုံခြုံရေးသည် မိမိတို့၏ဦးစားပေးရည်ရွယ်ချက်ဖြစ်ပြီး ယခုကဲ့သို့ ကပ်ရောဂါ ဖြစ်ပွားနေသည့် အချိန်ကာလတွင် မိမိတို့၏ ကျန်းမာရေးဝန်ထမ်းများ အန္တရာယ်ကင်း၊ ကျန်းမာစွာတာဝန်ထမ်းဆောင်နိုင်မှသာ ကျန်းမာရေးစနစ်ကြီးတစ်ခုလုံး ပုံမှန် ဆက်လက်  လည်ပတ်နိုင် ပြီး  ဤကပ်ရောဂါကို အမြန်ထိန်းချုပ်နိုင်မည် ဖြစ်ပါသည်။
မိမိတို့၏နိုင်ငံတွင် အရင်းအမြစ်များ အကန့်အသတ်ရှိသော်လည်း COVID-19 ပထမလှိုင်းကို အောင်မြင်စွာ ကျော်လွှားဖြတ်ကျော်နိုင်သကဲ့သို့ ယခုဒုတိယလှိုင်း တွင်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သော Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုဖြင့် အစိုးရတစ်ရပ်လုံး ပါဝင်ချဉ်းကပ်ဆောင်ရွက်မှု၊ ပြည်သူတစ်ရပ်လုံး ပါဝင်ချဉ်းကပ် ဆောင်ရွက်မှုပုံစံဖြင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ နှီးနွှယ်ဌာန/ အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ၊ အလှူရှင်များ၊ ပြည်သူများနှင့် ပူးပေါင်းကာ ရဲရင့်မွန်မြတ်သော ကျန်းမာရေး ဝန်ထမ်း များ၏ အင်အားဖြင့် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်၍ ဤ COVID-19 ကပ်ရောဂါ ကို အောင်မြင်စွာ ကျော်လွှား နိုင်မည်ဟု အလေးအနက် ယုံကြည်ပါသည်။

“အားလုံး COVID-19 ကပ်ရောဂါဘေး ကင်းဝေးကြပါစေ”

ပြည်ထောင်စုဝန်ကြီး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန


Spread the love
  •  
  •  
  •  
  •  
  •  
  •