Covid-19 အတွက် နောက်ဆုံးတွေ့ရှိချက်များ(၁)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Richard Myo Thant

#တရုတ်သိပ္ပံပညာရှင်တွေဟာအရေးပါတဲ့ကိုယ်ခံအားနှစ်မျိုးကိုတွေ့ရှိခဲ့ပါတယ်

♦️ Covid-19 ကာကွယ်ရေး (prophylactic) အနေနဲ့ရော ကုထုံး (therapeutic) အတွက်ပါ နှစ်မျိုးအသုံးချနိုင်​ခြေရှိတဲ့ အရေးပါတဲ့ ကိုယ်ခံအား (antibody) နှစ်မျိုးကို တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

💡 အခုလိုလေ့လာမှုဟာ သွေးရည်ကြည်ကုထုံးမှ စိတ်ကူးရပြီး ကြံစည်လေ့လာခဲ့တာဖြစ်ပါတယ်။

တရုတ်ပြည်ကူးစက်ရောဂါထိန်းချုပ်ရေးဌာနမှ ဒါရိုက်တာ George Fu Gao နဲ့အဖွဲ့ဟာ ရောဂါဖြစ်ပြီးပြန်ကောင်းလာတဲ့ လူနာရဲ့ သွေးရည်ကြည်ထဲကို B Spike protein ထည့်ပေးခဲ့ပါတယ်တဲ့။

အဲ့ဒီကနေ သူတို့ဟာ memory B cell တွေကနေ ခုခံစွမ်းအား တုန့်ပြန်လာအောင်လုပ်ယူတာဖြစ်ပါတယ်။

Memory B cell ဆိုတာ ကျနော်တို့ ကိုယ်ခန္ဓာထဲမှာ ရောဂါပိုးဝင်လာပြီးရင် အဲ့ဒီပိုးကို မှတ်မိကာ နှစ်အတော်ကြာအောင် ပြန်ခံချမယ့် ကိုယ်ခံအားကို ထုတ်ပေးတဲ့ ဆဲလ်တွေဖြစ်ပါတယ်။

အခု Gao တို့အဖွဲ့ဟာ လူနာတစ်ယောက်အတွက် မတူညီတဲ့ ကိုယ်ခံအား (antibody) ဘယ်နှစ်မျိုးလိုလဲစမ်းသပ်ကြည့်တာ ဖြစ်ပါတယ်။⁉️

အဲ့ဒီ ပြန်ကောင်းလာတဲ့လူနာရဲ့သွေးထဲမှာ ကိုယ်ခံအား 4 မျိုးကိုတွေ့ခဲ့ပါတယ်။ အားလုံးက B cell ကနေထုတ်ပေးတာဖြစ်ပါတယ်။

အဲ့ဒီ 4 မျိုးထဲမှာ 2 မျိုးက အစွမ်းထက်ပြီး ကျန် 2 မျိုးကသိပ်အစွမ်းမထက်ပါဘူးတဲ့။

အဲ့ဒီအစွမ်းထက်တဲ့ နှစ်မျိုးဟာ ခက်ရင်းခွပုံမော်လီကျုးတွေရှိပြီး B38 နဲ့ H4 လို့ နာမည်ပေးထားပါတယ်။

အဲ့ဒီ B38 နဲ့ H4 တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ဆီကို တိုက်ရိုက်သွားကာ သူ့ရဲ့ Spike protein ကို ချုပ်နှေင်လိုက်တဲ့အတွက် ဗိုင်းရပ်စစ်ဟာ အိမ်ရှင်ဆဲလ်ထဲကို ဝင်ဖို့ခက်သွားပါတယ်။

(ဗိုင်းရပ်စ်ရဲ့ Spike protein ဟာ ချိတ်ဖြစ်ပြီး လူကိုယ်ခန္ဓာထဲက ACE2 protein နဲ့ ချိတ်ချိတ်ခြင်းချိတ်ကာ လူ့ဆဲလ်ထဲဖောက်ဝင်ကာ ဒုက္ခပေးတတ်တာဖြစ်ပါတယ်။)

အခု B38 နဲ့ H4 ကိုယ်ခံအားနှစ်မျိုးဟာ ဗိုင်းရပ်စ်ရဲ့တူညီတဲ့နေရာကို တိုက်တာတူညီကြပေမယ့် သူတို့အချင်းချင်းပြန်မချကြပါဘူးတဲ့။

သဘောကတော့ဗျာ ရောဂါပိုးရဲ့ ကျနော်တို့ကို ဒုက္ခပေးမယ့်လက်တံတွေကို B38 နဲ့ H4 နှစ်မျိုးကအတူပူးပေါင်းပြီး လိုက်လံတုပ်နှောင်ပစ်တာပေါ့ဗျာ။

ကမ္ဘာတဝှမ်းက သိပ္ပံပညာရှင်တွေက ကိုယ်ခံအားနဲ့ ကုသနည်းကို ကြိုးစားနေကြတာဖြစ်ပေမယ့် ကိုယ်ခံအားတစ်မျိုးပဲ (single antibody) ကိုသုံးနေကြတာဖြစ်ပါတယ်။

အဲ့ဒီအတွက် အကယ်လို့ ဗိုင်းရပ်စ်က မျိုးသန္ဓေကွဲခြင်း (mutation) ဖြစ်သွားရင် ထုတ်ထားတဲ့ဆေးက အသုံးမဝင်ဖြစ်သွားနိုင်ပါတယ်။

✔️ အခု Gao တို့အဖွဲ့ဟာ 🐁 ကြွက်တွေမှာ စမ်းကြည့်တာ ထူးခြားတဲ့တိုးတက်မှု အနေနဲ့ ကိုယ်အလေးချိန်ပြန်တိုးလာခြင်း၊ အဆုတ်ပြန်ကောင်းလာခြင်း၊ ရောဂါပိုးကျဆင်းလာခြင်းတို့ကို တွေ့ရပါတယ်တဲ့။

ကိုယ်ခံအားတွေကို ကောက်တေးစပ်သလိုစပ်ဖို့ စဉ်းစားကာ #သမားရိုးကျမဟုတ်တဲ့ကုသခြင်းနည်းဗျုဟာဖြင့် ဖြစ်လာနိုင်တဲ့လွတ်ထွက်ခြင်းတွေကိုတားဆီးနိုင်ပါလိမ့်မယ်တဲ့။

💉 အခုလိုတွေ့ရှိခြင်းဟာ ကာကွယ်ဆေးကို ဒီဇိုင်းထုတ်ရာမှာ အသုံးဝင်မှာဖြစ်ပါတယ်။

ဒါပေမယ့် သိထားစရာတွေရှိပါသေးတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ #အရင်ကသူတို့ဖောက်ဝင်ကူးစက်လို့မရတဲ့ ဆဲလ်တွေကို သူ့ရဲ့ Spike protein မှာတွဲချုပ်လာတဲ့ ကိုယ်ခံအား (antibody) ကိုသုံးပြီး #ဖောက်ဝင်ကူးစက်သွားနိုင်ပါသတဲ့

👉 သဘောကသူ့လက်တံကိုချုပ်ထားတဲ့ကြိုးကို #သော့အဖြစ်သုံးပြီး သူအရင်ကဖောက်ဝင်လို့မရတဲ့ လူရဲ့ဆဲလ်ကို ဖောက်ဝင်သွားနိုင်ပါသတဲ့။

အဲ့ဒါက အမေရိကန်နဲ့ တရုတ်သိပ္ပံပညာရှင် စုပေါင်းအဖွဲ့က ဖေဖဝါရီလကတည်းကတွေ့ထားတာပါ။

🦠 ကိုရိုနာဗိုင်းရပ်စစ်ဟာ ကိုယ်ခံအား (antibody) ကို ပြန်အသုံးချကာ ကိုယ်ခံန္ဓာရဲ့ခုခံရေးတုန့်ပြန်မှု (immune response) ကို ရှောင်တိမ်းနိုင်တဲ့ အစွမ်းရှိပါတယ်။

♦️ အဲ့လိုဖြစ်ခြင်းကို ADE (antibody-dependent enhancement) လို့ခေါ်ကာ ရောဂါကိုပိုဆိုးစေပါသတဲ့။

ဒါကြောင့် အဲ့လို ဗိုင်းရပ်စ်ရဲ့ လုပ်နိုင်စွမ်း ADE ဟာ #ဆေးကိုအဆိပ်အဖြစ်ပြောင်းစေနိုင်တဲ့အတွက် ကာကွယ်ဆေးနဲ့ကုသဆေးလုပ်ဆောင်နေသူတွေအတွက် အိမ်မက်ဆိုးတစ်ခုပါပဲတဲ့။

Covid-19 ရောဂါအလွန်ဆိုးရွားနေတဲ့လူနာတွေမှာ ကိုယ်ခံအား (antibody) လိုတာထက်များစွာပို ထွက်လာပြီး လူမှာအလွန်ရောင်ရမ်းမှုတွေဖြစ်စေပါတယ်။

ဒါဟာ ADE ဖြစ်တဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်တယ်လို့ Yale University က သိပ္ပံပညာရှင်တွေဖြစ်တဲ့ Akiko Iwasaki နဲ့ Yezin Yang တို့ကပြောပါတယ်။

#ဒါဆိုရင်ဘာဖြစ်နေတာလဲဗျာ⁉️

ရှုပ်မသွားပါနဲ့ ကျနော်ရှင်းပြပါမယ်။

👉 သဘောက ဗိုင်းရပ်စ်နဲ့ လူသားတို့ ပညာပြိုင်နေကြခြင်းပါပဲ။

ဗိုင်းရပ်စ်က လူကို သူ့ရဲ့လက်တံ Spike protein နဲ့ ဖောက်ဝင်ဖို့ကြိုးစားတယ်။ (စပိုက်ပရိုတိန်း လက်သိုင်းနဲ့ ချတယ်ပေါ့ဗျာ)

လူတွေက လူရဲ့သဘာဝကိုယ်ခံအား antibody ကိုသုံးပြီးအဲ့ဒီလက်တံတွေကို ချုပ်ဖို့လုပ်တယ်။ (လက်သိုင်းကိုချုပ်သိုင်းနဲ့ပြန်ချတယ်။)

အဲ့ဒီမှာ Gao တို့အဖွဲ့က ချုပ်နည်းနှစ်မျိုးတွေ့လာတာက သတင်းကောင်းပဲ။ အရင်က တစ်မျိုးတည်းနဲ့ပဲ ချုပ်ဖို့ကြိုးစားနေတာ။

ကိုရိုနာဗိုင်းရပ်စ်က အဲ့ဒီချုပ်တဲ့ antibody ကို သော့တံအဖြစ်သုံးပြီး သူအရင်ကဖောက်ဝင်လို့မရတဲ့ လူ့ဆဲလ်ထဲကို ထပ်ဖောက်ဝင်နိုင်သတဲ့။ (သူက သိုင်းပြောင်းပြန်နဲ့ပြန်ချတတ်တယ်ပေါ့)

#အဲ့ဒီတော့ဘယ်လိုလုပ်ကြမလဲ⁉️

လူလုပ်ကိုယ်ခံအား (man-made antibodies) ဟာ #ဒီဇိုင်းကောင်းရင် ကိုရိုနာဗိုင်းရပ်စ်ကို အန္တရာယ်မပေးအောင် ထိန်းချုပ်နိုင်ပါမယ်တဲ့။ အသေအချာတော့ အန္တရာယ်တွေကိုထည့်စဉ်းစားရမှာပေါ့။

👉 လူနဲ့ဗိုင်းရပ်စ်အားစမ်းပွဲဖြစ်ပါတယ်။

အန္တရာယ်ကင်းပြီးထိရောက်တဲ့ကိုယ်ခံအားကို မကြာခင်လပိုင်းအတွင်းမှာ အမြောက်အမြားထုတ်လုပ်ဖြန့်ချီနိုင်ဖို့ လမ်းစရနေပါပြီတဲ့ခင်ဗျား။

♦️ စကားချပ်♦️

#ကိုရိုနာဗိုင်းရပ်စ်အတွက်နည်းပေါင်းစုံစပ်ပေါင်းပြီးသုံးရမယ့်သဘောရှိပါတယ်

🧼💊💉နည်းပေါင်းစုံ၊ တွေ့ရှိချက်အစုံကနေ ခြေရာခံပြီး အစုံသုံးနည်းနဲ့ ဆေးဆိုလည်း ဆေးတစ်မျိုးတည်းမဟုတ်ပဲ ဆေး နှစ်မျိုးသုံးမျိုးစပ်ပြီး ချရမယ့်သဘောရှိနေပါတယ်ခင်ဗျား။

👉 ကျနော့်အနေနဲ့ Covid-19 နဲ့ပတ်သက်တဲ့ အားရတဲ့ တွေ့ရှိချက်များကို “Covid-19 အတွက် နောက်ဆုံးတွေ့ရှိချက်များ” ဆောင်းပါးအစဉ်အလိုက် နံပါတ်နဲ့ ရက်စွဲထိုးကာ ရေးသားသွားပါမယ်။

🔬ဒါတွေဟာ ကုသဆေး၊ ကာကွယ်ဆေးတွေ့ရှိတဲ့ သတင်းထက် “သိပ္ပံပညာပညာရှင်တို့ရဲ့ သိထားသင့်တဲ့ကြိုးစားအားထုတ်မှုနဲ့ တွေ့ရှိချက်များကို ဂုဏ်ပြုသောအားဖြင့်” #အားလုံးသိအောင်မျှဝေပေးခြင်းဖြစ်ပါတယ်

✍️ အမှတ်စဉ် (၂) (၃)…… များကို တွေ့ရှိချက်ပေါ်မူတည်ပြီး အလျဉ်းသင့်သလို ဆက်ရေးသွားပါမယ်ခင်ဗျား။

Richard Myo Thant
9-May-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •