COVID_ကာလ_လူတောထဲသွားရဲဖို့ကိစ္စ။

Spread the love
  •  
  •  
  •  
  •  
  •  
  •  

#COVID_ကာလ_လူတောထဲသွားရဲဖို့ကိစ္စ။

ကမ္ဘာမှာ COVID-19 ရောဂါကြီးစတင်ဖြစ်ပွားခဲ့တာ အခုဆိုရင် 6 လလောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

မြန်မာပြည်ကို Covid ဝင်လာခဲ့တာလည်း တရားဝင် 3 လပြည့်ပါတော့မယ်။ ဒီ့ထက်စောခဲ့သလား ဘယ်သူမှမသိပါ။

​ကျနော့်အနေနဲ့ ဧပြီတစ်လလုံးအပြင်မထွက်ပါ။ မေလထဲမှာလည်း နှစ်ကြိမ် သုံးကြိမ်လောက်ပဲ အပြင်ထွက်ပါတယ်။

အရင်က အပြင်ထွက်ရမှာ ကြောက်တဲ့အပြင် အပြင်ကပြန်လာတာနဲ့ လက်ဆေးရုံတင်မက ခေါင်းလျှော်ရေချိုးပစ်ပါတယ်။

ပြီးရင်လည်း ဖုန်းကာဗာတွေ၊ မျက်နှာပြင်တွေကို သန့်စင်ပစ်ရတာအမော။ အပြင်မှာလည်း ဘယ်သူနဲ့မှ စကားမပြောရဲသလောက်။

အခုအချိန်မှာ အပြင်ကမထွက်လို့ကို မဖြစ်တော့သလို အပြင်ကပြန်ရောက်တာနဲ့ ချက်ချင်းရေမချိုးဖြစ်တော့ပါဘူး။

#လူကခပ်ပေါ့ပေါ့ဖြစ်လာပါတယ်။

*အဲ့ဒီမှာအရေးကြီးတဲ့မေးခွန်းတွေပေါ်လာပါတယ်။*

ဒီမေးခွန်းတွေဟာ #အားလုံးလည်းသိချင်နေတဲ့ ကိစ္စတွေဖြစ်လိမ့်မယ်လို့ထင်လို့ #ကျနော်လေ့လာမိသလောက် အားလုံးအတွက်ပြန်ရှယ်ပေးလိုက်ပါတယ်။

မေးခွန်း (၁)

#ရောဂါရှိတဲ့လူတွေ_အပြင်ကလူကြားထဲမှာရှိမှာလား⁉️

​#ကျိန်းသေရှိပါတယ်။ တရုတ်ပြည်နဲ့ စင်ကာပူတို့ရဲ့ လူများများကို Test စစ်ချက်တွေအရ ရှိတယ်လို့ အသေအချာပြောနိုင်တာ ဖြစ်ပါတယ်။

နမူနာသုံးခုပြောပြပါမယ်။

♦️ #တရုတ်ပြည်ဝူဟန့်မြို့မှာ မကြာသေးခင်က ရောဂါရှိသူအစုအဖွဲ့ cluster တွေ့လာလို့ ဝူဟန့်တစ်မြို့လုံးကို Test လုပ်ခဲ့ပါတယ်။

အစက အာဏာပိုင်တွေက လူ 14 သန်းအထိ Test စစ်ရနိုင်တယ်ပြောခဲ့ပေမယ့် စုစုပေါင်း 10 သန်းနီးပါးပဲ Test စစ်ဖြစ်ခဲ့ပါတယ်။

♦️ အဲ့ဒီ ဝူဟန့်တစ်မြို့လုံးကနေ asymptomatic အယောက် 300 လောက်ပဲတွေ့ခဲ့ပါတယ်တဲ့။

👉 #မိန်းကလေးတွေကိုအသက်မမေးနဲ့ တရုတ်ပြည်ကို Covid #လူနာအရေအတွက်မမေးနဲ့လို့ ဆိုသလို တရုတ်ပြည်ရဲ့ ထုတ်ပြန်တဲ့ ရောဂါသည်အရေအတွက်ကို ယုံရခက်ပါတယ်။

Asymptomatic တို့ Pre-symptomatic တို့ဆိုတာ ဘာတွေလဲ⁉️

WHO ရဲ့ သတ်မှတ်ချက်အရ…

Asymptomatic ဆိုတာ ရောဂါပိုးရှိမရှိ PCR Test လုပ်ကြည့်ရင် *ပိုးကိုတွေ့မယ်*၊ ဒါပေမယ့် *ရောဂါလက္ခဏာလုံးဝမပြသူ*။

အခုကျနော်နဲ့ဘေးချင်းကပ်ထိုင်နေတဲ့ သူငယ်ချင်းလည်း Covid ရောဂါပိုးရှိနေပြီး လုံးဝလက္ခဏာမပြတဲ့ #လူကောင်းတစ်ယောက်ပုံပေါက်နေသူ ဖြစ်နိုင်ပါတယ်။

ရောဂါပိုးရှိပြီး ရောဂါလက္ခဏာမပြသေးလို့ Pre-symptomatic ရောဂါလက္ခဏာမပြသေးသော လူပုဂ္ဂိုလ်ကို Asymptomatic လို့သတ်မှတ်ပါတယ်။

ဝူဟန့်မြို့ဆိုတာ January လ 23 ရက်နေ့ကတည်းက lockdown သေချာချပြီး Aprilလ 8 ရက်နေ့မှပြန်ဖွင့်ပေးခဲ့တာ။

လူကြားထဲမှာ Covid ရောဂါပျောက်သွားသင့်တာပေါ့။ အခုတော့ အယောက် 300 တွေ့တယ်ပြောတယ်။

♦️ #စင်ကာပူမှာ Pre-school တွေမဖွင့်ခင် မေလထဲမှာ ပညာရေးဝန်ထမ်းပေါင်း 33100 ကျော်ကို ပိုက်စိတ်တိုက်စစ်ချလိုက်တာ 13 ယောက်ဟာ positive ဖြစ်နေပါတယ်။ ရောဂါလက္ခဏာမပြပါ။

စင်ကာပူဆိုရင် circuit breaker ကာလကို April လ 7 ရက်နေ့ကစပြီး June လ 1 ရက်နေ့မှာ ဆုံးတယ်။ လူတွေအပြင်ထွက်တာ အတော့်ကို့လျော့ကျခဲ့တယ်။

Covid positive က အခုထိဆက်ရှိနေတာပါပဲ။

♦️ အရေးကြီးတဲ့အချက်က စင်ကာပူရဲ့ Covid positive #လူနာအားလုံးရဲ့တစ်ဝက်ဟာ_ဘာရောဂါလက္ခဏာမှမပြခဲ့တဲ့သူတွေပါတဲ့။

ဒါက စင်ကာပူရဲ့ Covid Joint Task force ရဲ့အကြီးအကဲကပြောတာနော်။ ဒါ့ကြောင့် လူဘယ်လောက်များများ Covid ဖြစ်နေသလဲဆိုတာ အင်မတန်မှပြောရခက်ပါတယ်။

♦️ #အမေရိကန်ပြည်ထောင်စုက ရဲကြောင့်သေသွားတဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက် ဆိုရင် သူသေဆုံးသွားမှ ဓာတ်ခွဲခန်းပို့ကြည့်ရာမှာ Covid positive ဖြစ်နေပါတယ်။

သူ့ကိုကြည့်တော့ ဘာလက္ခဏာမှမပြဘူး။ သူ့ကိုယ်ခန္ဓာထဲမှာ သူများကိုပြန်ကူးစေမယ့် Covid ဗိုင်းရပ်စ်ပိုးကရှိနေတယ်။

👉 အထက်ပါနမူနာသုံးခုကို ကြည့်ချင်းအားဖြင့် ကျနော်တို့မြန်မာပြည်မှာလည်း အပြင်မှာ အကောင်းအတိုင်းသွားလာနေသူတွေဟာ ဘယ်သူ Covid positive လဲ ပြောရခက်ပါတယ်။

▪️လမ်းမှာ မုန့်ကြာစေ့သာကူရောင်းနေသူလည်း ဖြစ်နိုင်တာပဲ၊

▪️တက္ကဆီဒရိုင်ဘာလည်း ဖြစ်နိုင်တာပဲ၊

▪️မုန့်ခင်းခါးပန်းကန်လာချပေးတဲ့ ကလေးမလည်း ဖြစ်နိုင်တာပဲ၊

▪️ရုံးမှာအတူတူထိုင်ပြီး အတင်းတုပ်နေတဲ့လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်နိုင်တာပဲ၊

▪️ကိုယ်ကိုယ်တိုင်ရော…. ဖြစ်နိုင်တာပဲ။

👉 ဒါကြောင့်….. 😷 mask တပ်ကြပါ။ လက်ဆေးကြပါ။ Social distancing လို့ခေါ်တဲ့ ခပ်ခွာခွာနေခြင်းကို လိုက်နာကြပါလို့ပြောတာ။

မေးခွန်း (၂)

ဒါဆိုရင် #မြန်မာပြည်မှာမထိန်းချုပ်နိုင်လောက်အောင်ပြန့်နေသလား⁉️

#ထိန်းချုပ်နိုင်တဲ့ပမာဏအတွင်းမှာရှိနေပါတယ်။ အလွန်အကျွံမစိုးရိမ်ရပါ။

ဟောင်ကောင်က Professor De Kai တို့အဖွဲ့ရဲ့စမ်းသပ်လေ့လာမှုအရ 😷 mask ကိုသာ အချိန်မီ လူတွေဝတ်နိုင်ခဲ့ရင် COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုနှုန်းကို သိသာစွာ လျော့ချနိုင်ပါသတဲ့။

N95 mask မှလား အဝတ် mask ဆိုရင်ရောမရဘူးလား⁉️

အဝတ် 😷 mask တပ်တပ် N95 mask တပ်တပ် အားလုံးလိုလို တပ်နိုင်ဖို့ကပိုအရေးကြီးပါတယ်။

♦️ နိုင်ငံထဲကို Covid #စတင်ဝင်လာပြီး ရက် 50 အတွင်းမှာ အပြင်ထွက်နေတဲ့ လူတွေရဲ့ 80 ရာနှုန်းဟာ 😷 mask တပ်ခဲ့ရင် #ရောဂါကူးစက်ပြန့်နှံ့မှုနှုန်းကိုသိသာစွာလျော့ချနိုင်ကြောင်းတွေ့ရပါတယ်။

♦️Professor De Kai တို့က ကူးစက်ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးမှာသုံးတဲ့ SEIR model ကိုသုံးပြီး လူတွေဟာ အပြင်မှာ ထိတွေ့မယ့်ပုံစံကို ကွန်ပျူတာမော်ဒယ်နဲ့ တွက်ကြည့်ထားတာပါ။

♦️ မြန်မာပြည်ကို Covid-19 က March လ 23 မှာ တရားဝင်ရောက်ပါတယ်။ ကျနော်တို့အနေနဲ့ ရက် 50 အတွင်းမှာ April လထဲမှာ သင်္ကြန်ပွဲကို လူစုလူဝေးလုပ်မှုမှ အချိန်မီတားဆီးနိုင်ခဲ့သလို အဲ့အချိန်မှာ အပြင်ထွက်တဲ့လူဟာလည်း ကြောက်ကြောက်လန့်လန့်နဲ့ mask တပ်ခဲ့ကြပါတယ်။

♦️ လူထုထဲမှာ 😷 #maskတပ်သင့်တယ်ဆိုတဲ့ #အသိပညာပေးကို အတော်လေးလုပ်နိုင်ခဲ့ပါတယ်။

အဲ့ဒီအချက်တွေကြောင့် Covid-19 #လူထုထဲကိုမထိန်းချုပ်နိုင်လောက်အောင်ပြန့်နှံ့သွားမယ့်ဘေးမှ ကာကွယ်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

♦️ အနောက်နိုင်ငံသားတွေဟာ Covid ဖြစ်စမှာ #ရိုးရိုးတုပ်ကွေးလိုသဘောထားပြီး #အနေအထိုင်မဆင်ခြင်ခဲ့တာကြောင့်လည်း သူတို့ဆီမှာထိန်းမနိုင်လောက်အောင် ပြန့်သွားခဲ့တာဖြစ်ပါတယ်။

♦️ ဒါ့အပြင် ကျနော်တို့ မြန်မာနိုင်ငံသားတွေဟာ အနောက်တိုင်းသားတွေထက်စာရင် တုပ်ကွေးကိုပိုပြီးခံနိုင်ရည်ရှိကြပါတယ်။

ဒီအချက်ကလည်း ကျနော်တို့ကို ရောဂါဆိုးဆိုးဝါးဝါးမပြန့်ပွားသွားအောင် ကာကွယ်ပေးနိုင်ခဲ့ပါတယ်။

♦️ ကျနော်တို့ဆီမှာ အလုံပိတ် အဲကွန်းခန်းတွေနည်းတာကလည်း ကျနော်တို့အတွက် အထောက်အကူတစ်ခုဖြစ်ခဲ့ပါတယ်။

မေးခွန်း (၃)

ဒါဆိုရင် #မြန်မာပြည်မှာဘာကြောင့်သေနှုန်းနည်းရတာလဲ ⁉️

♦️ မြန်မာပြည်ကလူတွေမှာ သွေးကျဲဆေးသောက်ရတဲ့လူတွေ အနောက်တိုင်းသားတွေလောက်မများပါ။

♦️ Coronavirus-induced blood clots လို့ခေါ်တဲ့ #ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဆုတ်၊ ကျောက်ကပ်၊ နှလုံး၊ ခြေထောက်နဲ့ လက်ချောင်းထိပ်တွေမှာ သွေးခဲမှုဟာ Covid လူနာတွေမှာတွေ့ရပါတယ်။

နိုင်ငံခြားက ICU အထူးကြပ်မတ်ကုသဆောင်ထဲက လူနာ 14 % ကနေ 46 % မှာ ဒီပြဿနာကို တွေ့ရပါတယ်။

👉 ဒါကြောင့်သွေးကျဲဆေးဟာ Covid လူနာတွေအတွက် ထည့်စဉ်းစားရမယ့် #အသက်ကယ်ဆေးထဲမှာ ပါလာပါတယ်။

ဘာကြောင့်သွေခဲမှုဖြစ်စေသလဲဆိုတဲ့ အကြောင်းရင်းကို သေချာမသိသေးပါ။ သွေးခဲစေတဲ့ သွေးခဲပရိုတိန်းပမာဏကို များလာစေလို့ပဲ သိရပါတယ်။

👉 နောက်တစ်ချက်က အနောက်နိုင်ငံမှာ 80 ကျော် 90 ကျော် အသက်အရွယ်ကြီးသူတွေများပါတယ်။

Covid-19 ကူးစက်ခံရတာနဲ့ အသက်အရွယ်ကြီးရင့်သူအတော်များများမှာ ရောဂါပြင်းထန်ပြီး သေဆုံးစေခဲ့ပါတယ်။

မြန်မာပြည်မှာက အရက်နဲ့ ငရုတ်သီးမှို၊ ဆိုးဆေးစသည်တို့က Covid မတိုင်ခင်ကတည်းက မြန်မာလူမျိုးအတော်များများကို #လူ့သက်တမ်းစေ့မနေရအောင် အပြောင်ရှင်းထားပြီးဖြစ်ပါတယ်။

🌶️ 🦠 ငရုတ်သီးမှိုဟာ COVID-19 ထက်အဆပေါင်းများစွာကြောက်စရာကောင်းပြီး ကျနော်တို့နေ့စဉ်စားသုံးနေ တဲ့အရာထဲမှာ ​ပြေးလွတ်ဖို့ခက်ပါတယ်။

နောက်တစ်ချက်က #နိုင်ငံမတူရင်တောင်မှသေနှုန်းမတူကြပါ။ အကြောင်းရင်းများစွာရှိပါတယ်။

မေးခွန်း (၄)

​Covid Positive တွေ့ခဲ့ရင် #အဲဒီလူရဲ့အိမ်သားတွေကိုဘယ်လောက်ကူးစက်နိုင်သလဲ⁉️

အိမ်သားအားလုံးရဲ့ 23 ရာနှုန်းလောက်ကို ကူးစက်စေပါတယ်။ ဒါ့ကြောင့်အိမ်သားတွေပါ Test စစ်ရမယ့်သဘောရှိပါတယ်။

အစက အိမ်သားတွေဘာမှမဖြစ်ရင် ကံကောင်းလို့မကူးစက်ဘူးထင်ခဲ့ပါတယ်။ နောက်တော့ asymptomatic ကိစ္စတွေ တွင်တွင်ပြောလာမှ အိမ်သားတွေပါစစ်ပါတယ်။

စင်ကာပူမှာ ကျနော့်အသိဖြစ်တုန်းက အိမ်သားတွေကို Test မလုပ်ပါ။ ဖြစ်ကာစမှာ Test လုပ်နိုင်တဲ့ အရေအတွက်နည်းလို့နဲ့ တူပါတယ်။

အခုတော့ စင်ကာပူက တစ်နိုင်ငံလုံးကို စစ်ဖို့တောင် ပြင်ဆင်နေပါပြီ။

စင်ကာပူမှာ အိမ်သားတွေကိုကူးစက်မှုစာ 23 ရာနှုန်းရှိကြောင်းအခုမှ ထုတ်ပြန်လာခဲ့တာပါ။

ဒါ့ကြောင့် စိတ်မချရတဲ့သူကို Home quarantine အိမ်မှာပဲ Q ရင် ကူးမယ့်အန္တရာယ်ရှိပါတယ်။

♦️ ဒါကြောင့် အခုအချိန်အထိသုံးသပ်ချက်အရ…..

👉 ကျနော်တို့ကံကောင်းနေတယ်။ မြန်မာပြည်မှာ Covid-19 ဟာ ကောင်းကောင်းထိန်းချုပ်နိုင်နေတယ်။

👉 သို့ပေမယ့် လူထုကြားမှာတော့ ရှိနေဆဲပဲ။ ဘယ်သူ့ဆီမှာရှိလဲဆိုတာ သေချာမသိနိုင်တာမို့ #အနေအထိုင်ဆင်ခြင်ရမယ်လို့ ပြောလိုပါတယ်။

ဆက်လက်ပြီးဆွေးနွေးလိုတဲ့မေးခွန်းတွေကတော့….

မေးခွန်း (၅)

ဒါဆိုရင် #အပြင်ထွက်ရင်ဘာတွေဆင်ခြင်ရမှာလဲ⁉️

♦️ 😷 mask တပ်ဖြစ်အောင်တပ်ပါ။ mask ရဲ့အပြင်မျက်နှာပြင်ကို လက်နဲ့မထိမိအောင်ဆင်ခြင်ပါ။

♦️ mask တပ်ထားချိန်မှာ မေးအောက်ဆွဲချတာမျိုး လုံးဝမလုပ်ပါနဲ့။ မေးအောက်မှာ စုပြုံကပ်နေတဲ့ ပိုးတွေကို ကိုယ့်ပါးစပ်နဲ့ နှာခေါင်းဆီတကူးတက ယူပြီးပွတ်တိုက်ပေးတာနဲ့ အတူတူပဲဖြစ်ပါတယ်။

♦️ mask ကိုချွတ်ရင် အပြင်မျက်နှာပြင်ကို
အတွင်းဖက်ထားကာ ခေါက်ပြီးအမှိုက်ပုံးထဲထည့်ပါ။ အိမ်က ကလေးတွေ လူကြီးတွေအမှိုက်သိမ်းရင်း mask နဲ့ မထိမိအောင် သတိပေးထားပါ။

♦️ mask မတပ်တဲ့ လူတွေနဲ့ ဆက်ဆံပြောဆိုရရင် လက်ချင်းမထိမိအောင်နဲ့ မိမိမျက်လုံးကို #တိုက်ရိုက်တံတွေးမှုန်မစင်စေရန် ခပ်ဝေးဝေးကပြောဆို ဆက်ဆံပါ။

👉 မျက်လုံးဟာ အဓိကကူးစက်စေတဲ့ entry point အဖြစ်ပြောနေကြပါပြီ။

♦️ ရင်းနှီးလို့ ငါ့ကို ယုံတယ်မလားဆိုတဲ့ လူတွေကို မယုံပါနဲ့။ ကိုရိုနာပိုးက အထက်ကပြောသလို ဘယ်သူ့ဆီမှာရှိနေမှန်း လုံးဝမသိနိုင်ပါ။

♦️ လက်ကိုမကြာခန ပိုးသန့်စင်အောင် ဆေးကြောပါ။

♦️ အနောက်နိုင်ငံသားတွေရဲ့ သာမန်တုပ်ကွေးပါ နှာစေးချောင်းဆိုးနဲ့ ပြီးသွားမှာပါဆိုတဲ့ အနေအထိုင်မဆင်ခြင်မှုမျိုးကို လုံးဝရှောင်ကျဉ်ပါ။

⚰️ သူတို့ထိသွားပြီး သေလိုက်တာ သောက်သောက်လဲဆိုတာ မျက်မြင်ပါ။

⚠️ ကိုယ့်မထိရင်တောင် အိမ်ကမိသားစုဝင်တွေထိမှာကို သတိရပါ။

မေးခွန်း (၆)

လူထုကြားမှာ မထိန်းချုပ်နိုင်လောက်အောင် ကူးစက်ပြန့်နှံ့မသွားဖို့ ဘယ်လို တားဆီးကာကွယ်ခြင်း (intervention) မျိုးတွေလုပ်ဖို့ လိုအပ်သလဲ⁉️

Intervention (4) မျိုးနဲ့ လူထုကြားမပြန့်ပွားအောင် တားဆီးကာကွယ်ပါ။

♦️ 😷 Mask intervention

Mask တပ်ခြင်းဖြင့် အားလုံးညီညီညွတ်ညွတ် တားဆီးကာကွယ်ပါ။

အထက်မှာဖော်ပြထားသလို ကူးစက်မှု 80 ရာနှုန်းအထိလျော့ချနိုင်တာကို သတိပြုပါ။

♦️ Social distancing intervention

ခပ်ခွာခွာနေကြခြင်းဖြင့် တားဆီးကာကွယ်ပါ။

👉 ဥရောပမှာ Lockdown လုပ်ချလိုက်ပြီး လူတွေကို ခပ်ခွာခွာနေခိုင်းလိုက်ခြင်းကြောင့် ဥရောပမှာ လူပေါင်းသုံးသန်းလောက်သေဆုံးမယ့်ဘေးကကာကွယ်နိုင်ခဲ့ကြောင်း သုသေသနလေ့လာတွေ့ရှိရပါတယ်။

♦️ Testing intervention

တတ်နိုင်သမျှ ဖြစ်နိုင်ချေကို မှန်မှန်ကန်ကန်တွက်ဆပြီး Test ကို စစ်နိုင်သမျှစစ်ပါ။

♦️ Contact tracing intervention

ဖြစ်နိုင်ချေရှိမျှထိတွေ့ခဲ့သူတွေကို တတ်နိုင်သမျှ ကြိုးစားပမ်းစားလိုက်လံရှာဖွေပါ။

👉 ရှာဖွေလေတွေ့ရှိလေ ရောဂါပိုးကူးစက်မှုကို အချိန်မီကာကွယ်တားဆီးနိုင်လေဖြစ်ပါတယ်။

မေးခွန်း (၇)

#ဘာလိုနေထိုင်စားသောက်ရမလဲ⁉️

✔️ အိပ်ချိန်မှန်ပါစေ။ အိပ်ရေးဝအောင်အိပ်ပါ။

✔️ လူကကျန်းမာကြံ့ခိုင်အောင် အားကစားလုပ်ပါ။ Active Life Style ကိုမွေးပါ။

✔️ အစားအသောက်ကို ကျန်းမာအောင်စားပါ။ အငန်၊ အချိုတွေကို ရှောင်ပါ။ အထက်မှာဖော်ပြခဲ့တဲ့ Covid ကြောင့် သွေးခဲခြင်းဟာ ဆီးချိုသွေးတိုး နှလုံးသမားတွေမှာ ဖြစ်တာကို သတိပြုပါ။

နိဂုံးအနေနဲ့ မှာခဲ့ချင်တာကတော့….

♦️ Covid-19 ကာကွယ်ဆေးမတွေ့မခြင်း အနေအထိုင်အစားအသောက်ကို ဆင်ခြင်ကြရမှာပါ။

♦️ ကာကွယ်ဆေးကို တရုတ်ပြည်ကအ င်စပြီး အောင်မြင်ပြီလို့ကြေညာဖို့များပါတယ်။ ကိုယ့်ဆီရောက်ဖို့ လိုအုံးမှာမို့ ဆက်လက်ပြီး အနေအထိုင်ဆင်ခြင်ရမှာဖြစ်ပါတယ်။

♦️ အလုပ်ကမလုပ်လို့မရပါ။ COVID-19 ကြောင့် တိုင်းပြည်စီးပွားရေး ချောက်ထဲအကျခံလို့မရပါ။

အဲ့ဒီတော့ အိမ်မှာသက်ကြီးရွယ်အိုနဲ့ နာတာရှည်ရောဂါသည်တွေရှိရင် အဆောင်မှာ ပြောင်းနေသင့်ရင် ပြောင်းနေပါ။

♦️ ကိုယ့်အခြေအနေ၊ ကိုယ့်မိသားစုအခြေအနေကို ကိုယ်သာအသိဆုံးမို့ ကမ္ဘာ့မကြုံစဖူးကပ်ရောဂါကြီးအချိန်မှာ အသိဉာဏ်နဲ့ ယှဉ်ပြီး နေထိုင်ကြပါလို့ မှာလိုပါတယ်ခင်ဗျား။

တကယ်တော့ ဒီ Covid ကူးစက်မှုကိစ္စက အများကြီးထပ်ရေးဖို့ရှိပါတယ်။ အချိန်ရရင် ထပ်ရေးပါ့မယ်။ လောလောဆယ် ဒီနေမှာရပ်ခွင့်ပြုပါ။

☕ ကျနော်လည်း အမဖိတ်ခေါ်နေသလို အားလုံးကို ပစ်ချခဲ့ပြီး အမရဲ့ ငပလီ Ngapali Dreams မှာ စာသွားရေးမှနဲ့တူပါတယ်။

တနေ့နေ့ပေါ့လေ…

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
9-June-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •