George Orwell နှင့် စကားပြောခြင်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🐘”#မျက်နှာဖြူဘိုကြီးကဆင်ကြီးကိုပစ်မလို့တဲ့ကွ”

ကျနော်တို့ကလေးတစ်သိုက်ကမျက်နှာဖြူဘိုကြီးသွားရာနောက်သို့ တရုန်းရုန်းနှင့်ဝိုင်းလိုက်ကြသည်။

ကျနော်တို့တင်မဟုတ် ဝိုင်းလိုက်နေကြသည့်လူအုပ်မှာ မော်လမြိုင်တမြို့လုံးအလား လူ၂ထောင်လောက်ရှိမည်ထင်ရသည်။ လမ်းပေါ်မှာ ကူလီကုလားကြီးတစ်ယောက် ဆင်နင်းလို့ပြားနေတာတွေ့ရသည်။

“သခင်ကြီး… သခင်ကြီး… ဟို လယ်တောစပ်မှာဆင်ကြီး။” လူတစ်ယောက် အမောတကောနှင့်ပြေးလာပြီးပြောသည်။

ခပ်ဝေးဝေး လယ်တောစပ်မှာ ဆင်ကြီးတစ်ကောင် အေးအေးဆေးဆေးမြက်များကို နှုတ်စားနေသည်။ စောစောတုန်းက ကူလီကုလားကြီးကို အစွယ်နှင့်ထိုးပြီး နင်းခဲ့တာသူမဟုတ်သလိုပင်။

လက်ထဲမှာ ဆင်ပစ်သေနတ်ကြီးကိုင်ကာ မျက်နှာဖြူဘိုကြီးမှာ ဆင်ကြီးကိုအကဲခတ်ရင်း ဘာလုပ်ရမလဲ စဉ်းစားနေဟန်တူသည်။

လူအုပ်ကလည်း “ပစ်ပါ သခင်ကြီး၊ ပစ်ပါသခင်ကြီး” နှင့်မကြာခဏ ဝိုင်းအော်နေကြလေသည်။

🐘 ဆင်ကြီးကလည်း အပစ်ကင်းစင်သောကလေးပမာ သူ့အစာကိုငုံ့စားလျက်ရှိပြီး တဝုန်းဝုန်းလူအုပ်ကြီးအား စိုးစဉ်းမှ အန္တရာယ်ပြမည့်ဟန်မပြချေ။

ကျနော်တို့ကလေးများအပါအဝင် ဝိုင်းကြည့်နေသည့်လူအုပ်ကြီးမှာ မကြာခင် ကြုံတောင့်ကြုံခဲ မျက်လှည့်ပွဲကို မျက်ဝါးထင်ထင်မြင်ရတော့မည့်အလား စိတ်လှုပ်ရှားနေကြလေသည်။

မျက်နှာဖြူဘိုကြီးကတော့ ဘေးကလူများကို “ဒီဆင်ကိုနိုင်မည့်ဆင်ဦးဘယ်သူလဲ” ဟု မေးနေသည်။

🐘 ဆင်ကြီးသည် ဆင်တို့သဘာဝမှုန်ယိုနေ၍ တောစပ်တွင်ထူးခတ်ထားခြင်းဖြစ်သည်။ သို့သော်လည်းညက ထူးကြိုးပြတ်သွားသဖြင့် မြို့ထဲဝင်လာကာ သစ်သီးဆိုင်များတွင်ဝင်၍ ရှိသမျှစားခြင်း။ တဲတစ်ချို့ကို ဖျက်ခြင်းတို့ပြုခဲ့လေသည်။

ပြဿနာကိုအသေအချာ မေးမြန်းစုံစမ်းနေသော သခင်ကြီးကို ဝိုင်းကြည့်နေသော တမြို့လုံးနီးပါးလူအုပ်ကြီးက အားမရပေ။ သူတို့ကြည့်ချင်နေသည်မှာ တသက်တခါကြုံရခဲသည့် သခင်ကြီး၏ အက်ရှင်စွန့်စားခန်းဖြစ်သည်။

“သခင်ကြီး ပစ်ပါဘုရား။ သခင်ကြီးပစ်ပါတော့ဘုရား။” 🗯💭💬

“ဒီအတိုင်းထားရင် လူတွေသေကုန်မယ်ဘုရား။ မထားခဲ့ပါနဲ့ ဘုရား” ဟု ကျနော့နားမှ ဦးလေးကြီးကထအော်သည်။ ပြီးတော့ “ဟဲ့… မယ်တုတ်… ဓားနဲ့တောင်းသွားယူစမ်း”ဟု အနားမှ သူငယ်မကိုခိုင်းနေလေသည်။

ကျနော်အပါအဝင် လူအုပ်ကြီးလိုချင်နေသည်မှာ ဓာတ်ရှင်ထဲလို 💥 “ဒိန်း”ကနဲ နားကွဲမတတ် သေနတ်သံနှင့် သွေးအိုင်ထဲ “တုံးကနဲ၊ ဘုံးကနဲ” ပစ်လဲမည့် ဆင်ကြီးကိုဖြစ်သည်။

👉 တချို့ကတော့ ဒီထက်အကြံပိုသည်ကို ကျနော်မသိခဲ့ပါ။

တယောက်တပေါက်နှင့် ဝိုင်းအော်ကြရင်း အတန်ကြာတော့ မျက်နှာဖြူဘိုကြီးက ဆင်ပစ်သေနတ်ကြီးကိုမကာ အသေအချာချိန်လိုက်သည်။ ထို့နောက် ဒိန်းကနဲအသံနှင့်အတူ ဆင်ကြီး၏ခေါင်းမှ သွေးတွေထွက်လာသည်။

အသက်ပြင်းသည့်ဆင်ကြီးကို အချက်ပေါင်းများစွာဖြင့် မသေမချင်းပစ်နေလေသည်။ ကျနော်တို့ကလေးနှင့် လူအုပ်တစ်သိုက်ကတော့ သေနတ်များများပစ်ဖောက်လေကြိုက်လေဖြစ်သည်။

မျက်နှာဖြူဘိုကြီး သေနတ်ထမ်းပြီး ထွက်သွားသောအခါ ကျနော်က သူ့နောက်လိုက်သွားလေသည်။

ကျိတ်ကျိတ်တိုးဝိုင်းအော်ခဲ့သည့် လူအုပ်ကြီးကတော့ သခင်ကြီးကိုမေ့ကာ ဆင်ကြီးဆီအလုအယက်ပြေးကာ အမဲဖျက်ကြလေသည်။

💬 “လူလေး… ဝင်ခဲ့လေ” ဟု မျက်နှာဖြူဘိုကြီးက ကျနော့အားပြောလေသည်။ ကျနော်က ဘိုကြီး၏အိမ်အဝ ကဲလားပေါ်လက်တင်ရင်း မဝံ့မရဲကြည့်နေပါသည်။ ကျနော်စိတ်ဝင်စားသည်မှာ ဘိုကြီးလက်ထဲမှ ဝင်ချက်စတာ ရိုင်ဖယ်ကြီးဖြစ်သည်။

“ကျုပ်မပစ်သင့်ဘူး။ လုံးဝမပစ်သင့်ဘူး လူလေးရဲ့။”

“ခက်တာက သူ့ဦးစီးကလည်း လမ်းမှားထွက်သွားတာ နေ့ဝက်လောက်မှပြန်ရောက်မယ်။ ဒီကြားထဲမှာ သူ့ဘာသာ အစာဝလို့ လယ်ထဲကနေတောစပ်ဘက်ပြန်သွားဖို့များလေရဲ့”

🚨 “ဒါပေမယ့်လူတွေက အရမ်းကိုဝိုင်းတွန်းနေကြပြီလေ။ တို့တွေမှာလည်း လူအများတောင်းဆိုတာကို မလိုက်လျောရင် တို့မျက်နှာဖြူတွေကို ပိုအမြင်မကြည်ဖြစ်တော့မယ်။”

“အရင်ကတည်းက ကျုပ်လမ်းလျှောက်သွားရင် တံတွေးလှည့်ထွေးသူတွေ၊ ရှေ့မှာတော့ သခင်ကြီးခေါ်ပြီး အနောက်မှာ ကိုလိုနီနယ်ချဲ့လို့ခေါ်တဲ့သူတွေကလည်း အများသား။”

⁉️ “ခက်တယ်လူလေး… ကျုပ်နေရာမှာ မင်းဆိုဘာလုပ်မလဲ?”

ကျုပ်မှာ ရွေးစရာ ၂ လမ်းပဲရှိတယ်လူလေး။

1️⃣ – လူထုအကြိုက် ဆင်ကြီးကိုပစ်သတ်မလား။

2️⃣ – သစ်ထုတ်လုပ်ရေးအတွက် အရမ်းတန်ဖိုးရှိတဲ့ ယန္တရားကြီးတစ်ခုကို ထိန်းသိမ်းမလား။

1️⃣ ကျုပ်မပစ်ပဲ လူတွေကို အိမ်ပြန်ခိုင်းမလား? လူတွေရှင်းသွားရင် ကျုပ်နဲ့ ရဲသားတွေ ဆင်ဦးစီးရောက်တဲ့အထိစောင့်မယ်။ မရရင်တောင် တောဘက်ခြောက်လွှတ်မယ်။

ဒါပေမယ့် လူထုကြီးလိုချင်တာက ဆင်ကြီးကိုပစ်လိုက်တဲ့ ရပ်ကွက်ထဲအားရပါးရပြောစရာ သတင်းတစ်ပုဒ်ပဲ။ လူအုပ်ကြီးကို အိမ်ပြန်ပါဆိုဘယ်ပြန်မလဲ။

🔺 အဓိကက ဒီလူထုထဲမှာ ဆင်သားတစ်ပေါင်လောက် လိုချင်လို့ ဆင်သတ်ဖို့ဝိုင်းအော်နေကြသူတွေအများကြီး။

🔺ကျုပ်တို့အသိုင်းအဝိုင်းကလည်း မျက်နှာဖြူသခင်ကြီးက အန္တရာယ်ဆင်ကြီးကို ပစ်သတ်ပြီး လူထုကို ကယ်တင်လိုက်တယ်ဆိုတဲ့ သတင်းစာထဲမှာရေးစရာမျိုး အခုလိုအချိန်မှာ အလွန်လိုချင်နေကြတာ။

ပြီးတော့ သခင်ကြီးက ဆင်ကြီးကိုမပစ်ရဲလို့ ဆိုတဲ့ အမြင်မျိုးလူတွေမြင်သွားမှာမလိုလားဘူးလေ။ တကယ်လည်း “အလကားမျက်နှာဖြူဘိုပါကွာ” လို့ပြောမယ့်လူချည်းပဲ။

2️⃣ ဆင်ကြီးကို အားလုံးအကြိုက် ပစ်သတ်မလား?

ဒါလည်းမကောင်းပြောတဲ့လူအချို့ရှိအုံးမှာ။

မျက်နှာဖြူလူငယ်အချို့ကလည်း တန်ဖိုးရှိတဲ့ဆင်ကို မသတ်ပဲရရဲ့သားနဲ့ လက်ယားပြီးပစ်သတ်တယ်ပြောအုံးမယ်။ ဘယ်ဟာကမှ အပြောမလွတ်ဘူး။

ကဲ… လူထုအကြိုက်လိုက်လုပ်ပေးပါပြီတဲ့ကွာ။

🔺 “အခု လူလေးမြင်တဲ့အတိုင်း ကျုပ်မျက်နှာလွှဲလိုက်တာနဲ့ ဆင်ကြီးတစ်ကောင်လုံးကို အလုအယက်ဝိုင်းအမဲဖျက်နေကြပြီမလား။”

“ဆင်စွယ်လုရင်း ပြဿနာတက်ကြမယ်။ ဆင်ရေကို သူ့ထက်ငါအရင်လုကြမယ်။ ဆင်သားကိုထားတော့ ဆင်အရိုးတောင် ဒီညနေကျန်ဖို့မလွယ်ဘူး။”

🔺 “ဒီပုံအတိုင်းဆို လူလေးတို့တိုင်းပြည်ဟာ #လွတ်လပ်ရေးရပြီးရင်တောင်မှ အမွေလုကာ သတ်ဖြတ်ကြအုံးမယ်။”

“All they want is a pound of flesh!”

👉 “သတိထားလူလေး။ ပြဿနာတစ်ခုကို မင်းခေါင်းဆောင်ပြီးရှင်းရတော့မယ်ဆိုရင် နောက်ကနေ အသားလိုလို့ ဝိုင်းတွန်းကြမယ့် သူတွေကိုသတိထားကွယ့်။”

“မှတ်ထား…. A pound of flesh အသားလိုလို့ အမဲဖျက်ဖို့ ဝိုင်းအာမယ့်လူတွေက မင်းတို့တိုင်းပြည်ထဲမှာရော ပြည်ပမှာရော ရှိတယ် လူလေး။ နောက်ဆုံးတော့ တိုင်းပြည်ပဲနာ၊ မင်းတို့ပြည်သူတွေပဲ နာမှာ”

“နမူနာပြောရရင် ဒေါ်အောင်ဆန်းစုကြည် ရခိုင်အရေးဘာလုပ်နေလဲ၊ မင်းတို့ကအားမရပဲ ဝိုင်းတွန်းနေကြချိန်မှာ အနောက်နိုင်ငံတွေကလည်း သူ့ကို သူတို့အလိုကျမလိုက်လို့ မကျေနပ်ပဲ နာမည်ဖျက်ချင်နေကြတာ။”

“သူတို့ကလည်း သူမကို လူ့အခွင့်အရေး မကြည့်သူ၊ စစ်တပ်ကိုပင်းသူအဖြစ်စွပ်စွဲနေကြတာ။”

“အဲ့သလိုပဲ ပြဿနာဖြစ်တာနဲ့ တပ်ကိုမချဘူးလား၊ ဘာလုပ်နေလဲ သွားအော်တဲ့သူတွေက အော်တယ်။ ဆဲတဲ့သူတွေကလည်း ပါးစပ်သေနတ်ပဲပစ်တတ်လို့ ရခိုင်အရေးမှာရှုပ်ထွေးခဲ့ပြီးပြီ။”

“ရခိုင်လိုကိစ္စမျိုးမှာ #ဒေသခံတွေရဲ့ပြဿနာကိုသေသေချာချာနားလည်ဖို့လိုတယ်။”

👉 “ခေါင်းဆောင်ကောင်းဆိုတာ ပြဿနာတစ်ရပ်ဖြစ်လာရင် လူတိုင်းကြိုက်လုပ်ဖို့ထက် တိုင်းပြည်မနာအောင် စဉ်းစားဖို့ပိုလိုတယ် လူလေး။”

“#တစ်ချို့ပြဿနာတွေကဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ်အပြောမလွတ်တတ်ဘူး။”

“ဒေါ်အောင်ဆန်းစုကြည်”ဆိုတဲ့ အသံကြားသည်နှင့် ကျနော်သည် ၁၉၂၀ လွန်ခဲ့သောနှစ် ၁၀၀ ခန့်မှ ၂၀၁၉ ယခုခေတ်ကိုသတိပြန်လည်လာပါသည်။

ကျနော့်ရှေ့မှာ သေနတ်နှင့် ပုလိပ်ဝတ်စုံနှင့် ဂျော့ခ်ျအော်ဝဲလ် ပျောက်သွားပြီး ကျနော်အိမ်မက်မက်နေရာမှ လန့်နိုးသွားပါသည်။

📖 ညက George Orwell ၏ “Shooting an Elephant, 1936” ကိုဖတ်လျက်အိပ်ပျော်သွားခြင်းဖြစ်သည်။

👉 ကျနော်သည် နိုင်ငံရေးကို စိတ်မဝင်စားပါ။

⁉️ သို့သော် ပြဿနာတစ်ခုဖြစ်လာရင်…. ခေါင်းဆောင်နေရာမှာဆို ငါဘာလုပ်မလဲ…. စဉ်းစားရင်း… #ဆဲဖို့ထက်တိုင်းပြည်အတွက်ကိုယ်ဘာလုပ်ပေးရမလဲလို့တွေးမိပါသည်။

George Orwell ပြောခဲ့သည့် “A pound of flesh” အမဲဖျက်လိုသူများအကြောင်းကိုလည်း တွေးတောနေမိပါသည်။

Richard Myo Thant
04-Sep-2019
🐘🐘🐘🐘🐘🐘🐘🐘🐘🐘🐘


Spread the love
  •  
  •  
  •  
  •  
  •  
  •