Happy Earth Day

Spread the love
  •  
  •  
  •  
  •  
  •  
  •  

သက်နိုင်စိန်

 

အမှတ်တမဲ့ကြုံကြိုက်ရင်း ကြည့်ဖြစ်ခဲ့တဲ့ ဗွီဒီယိုလေးထဲမှာ လူဖြူတစ်ယောက် သူ့နေအိမ်ခြံဝင်းအတွင်းမှာ စိုက်ထားတဲ့ အသီးအနှံတွေပျက်စီးရခြင်း အကြောင်းအရင်းက ရှဉ့်ကလေး တစ်ကောင်ကြောင့် ဆိုတာကို စီစီတီဗွီကင်မရာ တပ်ပြီးကာမှ သိလိုက်ရတယ်။ ရှဉ့်ကလေးကခြံထဲဝင်ပြီး အသီးအနှံတွေစားတဲ့အခါ စီစီတီဗွီကင်မရာရှေ့မှာပဲလာစားတာကိုလည်း သတိထားမိတယ်။ သူ့ခြံထဲကအသီးအနှံတွေပျက်စီးပေမယ့်လည်း အားရပါးရ မြိန်ရည်ရှက်ရည်နဲ့ သွားရည်တွေကျ အသံတပျတ်ပျတ်မြည်အောင် ကင်မရာကိုကြည့်ပြီး စားသောက်တတ်တဲ့ ရှဉ့်ကလေးကို ချစ်ခင်သနားတဲ့စိတ်တွေ ဖြစ်ပေါ်လာပါသတဲ့။ နောက်ပိုင်းမှာရှဉ့်ကလေးက အဖော်နောက်တစ်ကောင်ကိုပါ ခေါ်လာပြီး ထုံးစံအတိုင်းပဲ စီစီတီဗွီကင်မရာရှေ့မှာပဲ စားသောက်ပါသတဲ့။ နွေရာသီကုန်ဆုံးပြီး ဆောင်းဦးရာသီရောက်လာတဲ့အခါ ခြံထဲမှာစားစရာအသီးအနှံတွေ ရှားပါးလာတော့ ရှဉ့်က‌လေး ကြိုက်တတ်တဲ့ မုန်လာဥနီ‌တွေနဲ့ပန်းသီးတွေကို အပြင်ကဝယ်လာပြီး ချကျွေးပါတယ်။
ဆောင်းရောက်လာတော့ ဆောင်းခိုတဲ့သဘာဝအတိုင်း အစားအစာတွေထွက်မစားတော့တာကြောင့် ရှဉ့်ကလေးကို ထပ်မတွေ့ရတော့ဘူး။
ဒါပေမယ့် နွေဦးရာသီရောက်ရင် ရှဉ့်ကလေး ပြန်ရောက်လာမယ်ဆိုတာကို သိ‌နေတယ်။ ရှဉ့်ကလေး သူ့ခြံထဲမဝင်နိုင်အောင် အရံအတားတွေတော့လုပ်မယ်တဲ့။ ဒါမှလည်းသူ့ခြံလေးလည်း သစ်ပင်သစ်သီးတွေနဲ့ ဝေဝေဆာဆာမြင်ရမှာကိုး။
ဒါပေမယ့်လည်း ရှဉ့်ကလေးဝင်ထွက်သွားလာနိုင်မယ့် နေရာလေး သတ်သတ်ကိုလည်း တကန့်ကန့် ဖန်တီးထားပြီး စားသောက်စရာတွေရှိအောင် စီစဉ်ထား‌ပေးမယ်လို့ဆိုပါတယ်။
ဘာကြောင့်လည်းဆိုတော့ သတ္တဝါတွေအားလုံးဟာ ကမ္ဘာမြေကြီးကို အတူတူပိုင်ဆိုင်ကြတာပါတဲ့။
လှပပြီးချစ်စရာကောင်းလိုက်တဲ့စိတ်ကူးပေါ့။

ကျွန်တော်တို့မြန်မာပြည်မှာလည်းရှိပါတယ်။
မန္တလေးတိုင်း ပြင်ဦးလွင်မှာကော်ဖီစိုက်ပျိုးနေတဲ့ သူတစ်ဦးဆီကကြားဖူးတာပါ။ သူရဲ့စိုက်ပျိုးခြံထဲကို တောသတ္တဝါကောင်လေးတွေ ဝင်ရောက်ကျက်စားတတ်ကို သူသတိထားမိတဲ့အခါမှာ အဲဒီအကောင်လေးတွေလာတတ်တဲ့ခြံနယ်မြေအစွန်ဖျားဘက်က နှစ်ဧက သုံးဧကလောက်ကို လူတွေအသုံးမပြုတော့ပဲ သဘာဝအတိုင်းထားပေးထားပါသတဲ့။ တောသတ္တဝါအကောင်လေးတွေ လွတ်လွတ်လပ်လပ်နဲ့ ကျက်စားလို့ရအောင်လည်း သူ့ခြံအလုပ်သမားတွေကို အကြောင်းကိစ္စမရှိပဲ အဲဒီဘက်အခြမ်းကို သွားလာခြင်းမပြုဖို့အထိ ပြောထားပါ‌သေးတယ်။
သဘာဝတရားကြီးကို သက်ရှိသတ္တဝါအားလုံး မျှဝေအသုံးပြုဖို့အတွက် မေတ္တာထားပုံက မုဒိတာပွားစရာပေါ့။

အဲသလိုပါပဲ လူသားအချင်းချင်းဖြစ်တဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေရဲ့ အနာဂါတ်ဖက်ဒရယ်နိုင်ငံတော်ကြီးမှာလည်း အချင်းချင်းမျှဝေခံစားတဲ့ စိတ်လေးတွေ ကိုယ်စီကိုယ်ငှ ထားရှိမယ်ဆိုရင် ဘယ်လောက်များ အေးချမ်းသာယာတဲ့ နိုင်ငံတော်ကြီး ဖြစ်မလဲဆိုတာ တွေးကြည့်ယုံနဲ့တင် ကြည်နူးစိတ်တွေ စပြီးဖြစ်လာမှာပါ။
မြေသိမ်း၊ လယ်သိမ်း၊ ယာသိမ်းတွေနဲ့ မောင်ပိုင်စီးနေတာတွေကို ရပ်တန့်စွန့်လွှတ်ပြီး ပြည်ထောင်စုရဲ့ အမွေအနှစ်အစစ်တွေကို သာတူညီမျှ အတူတူမျှဝေပိုင်ဆိုင်တဲ့ နေ့တစ်နေ့ ပေါ်ထွန်းလာအောင် ဝိုင်းဝန်းကူညီ အားပေးကြပါစို့။

Thet Naing Sein


Spread the love
  •  
  •  
  •  
  •  
  •  
  •