ICC ၏ အစီရင်ခံစာနှင့် ပတ်သက်သည့် အဆိုဆုံးဖြတ်ချက်ကို မြန်မာ သဘောမတူ၊ မြန်မာနိုင်ငံကိစ္စကို ICC သို့ လွှဲပေးရန် တောင်းဆိုမှုများကို ပြင်းထန်စွာ ကန့်ကွက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ICC ၏ အစီရင်ခံစာနှင့် ပတ်သက်သည့် အဆိုဆုံးဖြတ်ချက်ကို မြန်မာ သဘောမတူ၊ မြန်မာနိုင်ငံကိစ္စကို ICC သို့ လွှဲပေးရန် တောင်းဆိုမှုများကို ပြင်းထန်စွာ ကန့်ကွက်

ကုလသမဂ္ဂဆိုင်ရာ ဒုတိယအမြဲတမ်းကိုယ်စားလှယ်မှ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (ICC) ၏ အစီရင်ခံစာနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြား
(၂-၁၁-၂၀၂၀ ရက်၊ နယူးယောက်)

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၇၅) ကြိမ်မြောက် အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေး၌ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (ICC) ၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို ဆွေးနွေးခဲ့ကြပါသည်။ ယင်းအစီရင်ခံစာတွင် ICC က မြန်မာနိုင်ငံအပေါ် တရားဥပဒေနှင့် လျော်ကန်ခြင်းမရှိဘဲ ဆောင်ရွက်မှုနှင့် ပတ်သက်၍ ထည့်သွင်းဖော်ပြထားမှုအပေါ် အထွေထွေညီလာခံသို့ တက်ရောက်လျက်ရှိသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ကုလသမဂ္ဂဆိုင်ရာ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ဦးတင်မောင်နိုင်က မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပါသည်။

ယင်းမိန့်ခွန်းတွင် ဒုတိယအမြဲတမ်းကိုယ်စားလှယ်က အောက်ပါအချက်များကို ထည့်သွင်းပြောကြားခဲ့ပါသည်-

– ယခုအစည်းအဝေးတွင် အတည်ပြုမည့် အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (ICC) ၏ အစီရင်ခံစာနှင့် ပတ်သက်သည့် အဆိုဆုံးဖြတ်ချက်သည် မိမိတို့အနေဖြင့် သဘောတူညီမှုမရှိကြောင်းနှင့်  မထောက်ခံကြောင်း (dissociate) ပြောကြားလိုပါကြောင်း၊

– မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကိစ္စအပေါ် စုံစမ်းစစ်ဆေးရန် Pre-Trial Chamber III က ICC ဥပဒေချုပ်ကို  ၁၄-၁၁-၂၀၁၉ ရက်နေ့၌ ခွင့်ပြုခဲ့သည်ကိုလည်းကောင်း၊ မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့်ရှိသည်ဟု ဆုံးဖြတ်ထားသည်ကိုလည်းကောင်း လုံးဝပယ်ချပါကြောင်း၊

– ICC ဥပဒေချုပ်အနေဖြင့် ရခိုင်ပြည်နယ်ကိစ္စအပေါ် တရားစီရင်ခွင့်ရရှိရန် ကြိုးစားနေခြင်းသည် ရောမစာချုပ်၊ ၁၉၆၉ခုနှစ် အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများဆိုင်ရာကွန်ဗင်းရှင်း အပါအဝင် ကောင်းစွာတည်ရှိပြီးဖြစ်သည့် အပြည်ပြည်ဆိုင်ရာဥပဒေ ‘မူ’ ကြီးများကို ဗြောင်ကျကျချိုးဖောက်ခြင်းဖြစ်ပါကြောင်း၊ ၎င်း၏ လုပ်ရပ်သည် ကုလသမဂ္ဂပဋိညာဉ် စာတမ်းပါ ‘မူ’ ကြီးများနှင့်လည်း ဆန့်ကျင်လျက်ရှိပါကြောင်း၊

– ရောမစာချုပ်၏ ဥပဒေအနှစ်သာရကို နိုင်ငံတစ်နိုင်ငံ (သို့မဟုတ်) နိုင်ငံအုပ်စုတစ်ခု၏ နိုင်ငံရေးအကျိုးစီးပွားအတွက် အလွဲသုံးစား မပြုသင့်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းသည် ICC ၏ တရားဝင်ဖြစ်မှုနှင့် ဂုဏ်သိက္ခာကို ပျက်ယွင်းစေကာ နိုင်ငံတကာအသိုင်းအဝိုင်း၌ ICC ၏ ပုံရိပ်ကို ပိုမိုကျဆင်းစေမည်ဖြစ်ပါကြောင်း၊

– ICC ၏ တရားစွဲဆိုဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေတည်တံ့မှုနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို တိုက်ရိုက် စိန်ခေါ်ခြိမ်းခြောက်နေသည့်အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် တရားမျှတမှုမရှိသည့် ICC ဆောင်ရွက်ချက်ကို ပြင်းထန်စွာ ကန့်ကွက်ပါကြောင်း၊

– ရခိုင်ပြည်နယ်အတွင်း ကြုံတွေ့ရလျက်ရှိသည့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းမှာ အာဆာအကြမ်းဖက်အဖွဲ့က မြန်မာလုံခြုံရေး တပ်ဖွဲ့များကို အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း၊ အာဆာအကြမ်းဖက်အဖွဲ့မှ မူဆလင်လူမျိုးများအပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ လူနည်းစု ဟိန္ဒူလူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် ရက်စက်မှုများကို မမေ့ရန် လိုအပ်ပါကြောင်း၊

– ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများ၌ အာဆာအကြမ်းဖက်အဖွဲ့တည်ရှိကြောင်း  ညွှန်ပြနေသည့် သက်သေများစွာရှိပါကြောင်း၊ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက်လိုသူများကို နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အဓမ္မခေါ်ဆောင်ခြင်း၊ အကြမ်း ဖက်ခြင်း၊ သတ်ဖြတ်ခြင်းတို့ ဆောင်ရွက်ခြင်းဖြင့် နေရပ်ပြန်ရေးလုပ်ငန်းစဉ်ကို အဟန့်အတားပြုလျက်ရှိပါကြောင်း၊

– မကြာသေးမီကပင် ဒုက္ခသည်စခန်းများအတွင်း မူးယစ်ဂိုဏ်းများ တိုက်ခိုက်မှုကို ဟန့်တားရန်အတွက် ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့များစေလွှတ်ခဲ့ရကြောင်း၊ ယင်းတိုက်ခိုက်မှုများတွင် အာဆာအကြမ်းဖက်သမားများပါဝင်သည်ကို ဒုက္ခသည်စခန်းရှိ လူအချို့၏ ပြောကြားချက်များအပေါ် AFP သတင်းဌာနမှ ရေးသားထားသော သတင်းဆောင်းပါးကို  Dhaka Tribune မှ ၇-၁ဝ-၂ဝ၂ဝ ရက်နေ့တွင် ဖော်ပြခဲ့ကြောင်း၊

– ဘင်္ဂလားဒေ့ရှ်ဘက်မှ မိမိတို့ဘက်သို့ ပထမအသုတ်အဖြစ် ပြန်လည်လာရောက်မည့် လူဦးရေ ၇၈၈၃ ဦး၏ အမည်စာရင်းနှင့် ဒုတိယအသုတ်အဖြစ် ပြန်လည်လာရောက်မည့် လူဦးရေ ၂၂၄၃၂ ဦး၏အမည်စာရင်းတို့ပေးပို့လာရာ၌ အကြမ်းဖက်သမား ၁၈၀ ဦးပါဝင်နေသည်ကို စိစစ်တွေ့ရှိရသည့်အတွက် ၎င်းတို့၏ အချက်အလက်များကို ၂၀၁၈ ခုနှစ်၊ မတ်လနှင့် နိုဝင်ဘာလအတွင်း၌လည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း၌လည်းကောင်း ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးအပ်ခဲ့ပါကြောင်း၊

– မြန်မာအစိုးရအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို သည်းခံမည် မဟုတ်သည်ကို ထပ်တလဲလဲ ပြောကြားထားပြီးဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှုကို ယုံကြည်သည်နှင့်အညီ အပြည်ပြည်ဆိုင်ရာဥပဒေ ‘မူ’ ကြီးများအပေါ် ခိုင်ခိုင်မာမာရပ်တည်လျက်ရှိပါကြောင်း၊ သက်သေခိုင်လုံသည့် မည်သည့် စွပ်စွဲမှုမျိုးကိုမဆို စုံစမ်းစစ်ဆေး၍ ကျူးလွန်သူများကို ဥပဒေနှင့်အညီအရေးယူသွားမည်ဖြစ်ပါကြောင်း၊

– ပြည်ထောင်စုရှေ့နေချုပ်အနေဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ၏ အစီရင်ခံစာပါ ပြစ်မှုကျူးလွန်သူ အရပ်သားများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိသကဲ့သို့ တပ်မတော်ပိုင်းမှလည်း ဖြစ်ရပ်နှစ်ခုအတွက် စစ်ခုံရုံးဖွဲ့ စစ်ဆေးပြီးဖြစ်ကြောင်း၊ ICOE အစီရင်ခံစာပါ ဖြစ်ရပ်တစ်ခုအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် တတိယမြောက် စစ်ခုံရုံးဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ ပြည်တွင်းတရားစီရင်ရေးလုပ်ငန်းများကို ပြည်ပမှစွက်ဖက်မှု၊ ကြားဝင်ဆောင်ရွက်မှု၊ နိုင်ငံရေးသွတ်သွင်းမှု မပြုလုပ်သင့်ပါကြောင်း၊

– ယခုအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့၏ ပါဝင်ဆွေးနွေးခြင်းနှင့် သဘောထားမှတ်ချက်ပြုခြင်းတို့နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး(ICC)ကို အသိအမှတ်ပြုသည်ဟုလည်းကောင်း၊ ရောမစာချုပ်အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ICC မှ မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့်ရှိသည်ဟုလည်းကောင်း မည်သည့် အကြောင်းပြချက်နှင့်မျှ အဓိပ္ပါယ်မကောက်ယူနိုင်ဟု ပြတ်သားစွာ ပြောကြားလိုကြောင်း၊
– ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့က မြန်မာနိုင်ငံကိစ္စကို ICC သို့ လွှဲပေးရန် ဥပဒေအရ လျော်ကန်မှုမရှိစွာ တောင်းဆိုမှုများကို ပြင်းထန်စွာ ကန့်ကွက်ပါကြောင်း၊


Spread the love
  •  
  •  
  •  
  •  
  •  
  •