ICJ ၌ တရားရင်ဆိုင်ရာတွင် ကုန်ကျသည့် အသုံးစရိတ်အား စာရင်းစစ်အဖွဲ့ထံ အစစ်ဆေးခံမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) ၌ တရားရင်ဆိုင်ရာတွင် ကုန်ကျသည့် အသုံးစရိတ် ရှင်းတမ်းအား စာရင်းစစ်အဖွဲ့ထံ အစစ်ဆေးခံမည်

နေပြည်တော်၊ ဇူလိုင် ၁၅

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ၌ ကုန်ကျသည့် အသုံးစရိတ် ရှင်းတမ်းအား စာရင်းစစ်အဖွဲ့ထံ အစစ်ဆေးခံမည် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောသည်။

ယနေ့ ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မိတ္ထီလာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်သင်း၏ မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး၌ ဂမ်ဘီယာ နိုင်ငံက တရားလို ပြုလုပ်၍ တရားစွဲဆိုမှုကို ရင်ဆိုင် ဖြေရှင်းရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးရာ ဦးစီးဌာနမှ လုပ်အားအတွက် ကုန်ကျစရိတ် အဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဖြည့်စွက် ခွင့်ပြုငွေ တောင်းခံသည့် လိုငွေ ကျပ်သန်း ၆၈၀ တောင်းခံရာတွင် ကျွမ်းကျင် ပညာရှင် ရှေ့နေများ ငှားရမ်းခြင်း၊ သီးသန့် တရားသူကြီး ငှားရမ်းခြင်း၊ ဥပဒေအကြံပေး ခန့်အပ်ခြင်းများအား တစ်ဦး ချင်းစီအလိုက် မည်မျှ ကုန်ကျသည်ကို အသေးစိတ် ရှင်းလင်းပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ခရီးစရိတ် ကုန်ကျငွေနှင့် လေးလံပစ္စည်း သယ်ယူစရိတ်များ အတွက် ငွေကျပ် ၃၅၁ ဒသမ ၆၀၀ သန်း ကိုလည်း စနစ်တကျ အသေးစိတ် ရှင်း လင်းပေးရန် အစီအစဉ် ရှိ၊ မရှိ တို့နှင့် စပ်လျဉ်းသည့် မေးခွန်းအား ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ICJ မှာ တရား ရင်ဆိုင်ရာတွင် ကုန်ကျတဲ့ အသုံးစရိတ် ရှင်းတမ်း၊ ခရီးစရိတ် ကုန်ကျငွေနှင့် လေးလံပစ္စည်း သယ်ယူစရိတ်များ၏ အသေးစိတ် ရှင်းတမ်းတွေကို ဘဏ္ဍာရေး စည်းမျဉ်း လုပ်ထုံး လုပ်နည်းနဲ့ အညီ စာရင်းစစ် အဖွဲ့မှာ စစ်ဆေးခံသွားမှာ ဖြစ်တဲ့ အတွက်ကြောင့် မို့လို့ ပြည်သူ့လွှတ်တော်မှာ သီးခြား ရှင်းလင်းတင်ပြရန် အစီအစဉ် မရှိပါကြောင်း ရှင်းလင်း တင်ပြ အပ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ICJ တွင် တရားရင်ဆိုင်ခြင်း ကိစ္စသည် နိုင်ငံတော်နှင့် ပြည်သူ တစ်ရပ်လုံး၏ အကျိုးစီးပွား၊ နိုင်ငံတော်၏ ပုံရိပ် တို့နှင့် သက်ဆိုင်သော အရေးကြီးကိစ္စ ဖြစ်သည့် အတွက် တရားရင်ဆိုင်ရာတွင် ကုန်ကျသည့် ကျွမ်းကျင် ပညာရှင်၊ ရှေ့နေများ ငှားရမ်းခြင်း၊ ဥပဒေ အကြံပေးများ ခန့်အပ်ခြင်း စသည့် အသုံးစရိတ် များသည် နိုင်ငံတော် ဘဏ္ဍာငွေမှ ကျခံသုံးစွဲခွင့် ရှိသည့် ကိစ္စများ ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ယင်းအသုံးစရိတ် များသည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သာမန် အသုံးစရိတ်များ ဖြစ်သည့် အပြင် ရသုံး ခန့်မှန်းခြေ ငွေစာရင်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ၊ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန အောက်ရှိ ကော်မတီ သုံးရပ် ၊ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယသမ္မတ အဆင့်ထိ တစ်ဆင့်ပြီး တစ်ဆင့် စိစစ် စစ်ဆေးကာ ယင်းမှ တစ်ဆင့် ပြည်ထောင်စုလွှတ်တော် ၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ တို့က အသေးစိတ် အဆင့်ဆင့် စိစစ် အတည်ပြု ခွင့်ပြုခဲ့ပြီးသည့် အသုံးစရိတ်များ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး၌ ဂမ်ဘီယာ နိုင်ငံက တရားစွဲဆိုမှုကို ဖြေရှင်းရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးရာ ဦးစီးဌာနများ လုပ်အားခအတွက် ကုန်ကျစရိတ် အဖြစ် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာနှစ် ဖြည့်စွက် ခွင့်ပြုငွေ ကျပ်သန်း ၆၈၀ တောင်းခံခဲ့သည့် ကိစ္စနှင့် စပ်လျဉ်း၍ မေလ ၂၇ ရက်က ကျင်းပ ပြုလုပ်ခဲ့သည် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဥ္စမနေ့တွင် ယင်းသို့ ဖြည့်စွက် တောင်းခံရခြင်း ကိစ္စအား ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းကို ရှင်းလင်း တင်ပြခဲ့ပြီး ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက် ပြောကြားသည်။

“နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သာမန်အသုံးစရိတ် ခေါင်းစဉ်အောက်မှ သက်ဆိုင်ရာ ဘဏ္ဍာနှစ် အတွင်း ကျခံ သုံးစွဲတဲ့ အသုံးစရိတ် ဖြစ်တဲ့အတွက် ဌာနရဲ့ အတွင်းစာရင်းစစ်အဖွဲ့နဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စာရင်းစစ်အဖွဲ့မှ ဘဏ္ဍာရေး စည်းမျဉ်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနဲ့အညီ သုံးစွဲမှု ရှိ၊ မရှိ ၊ ရှေ့နေခ အသုံးစရိတ် အပါအဝင် အသုံးစရိတ်များ မှန်ကန်မှု ရှိ၊ မရှိ တို့ကို စစ်ဆေးခံသွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောဆိုသည်။

ထို့ပြင် ခရီးစရိတ် ကုန်ကျငွေနှင့် လေးလံပစ္စည်း သယ်ယူစရိတ်များ အတွက် ကျပ် ၃၅၁ ဒသမ ၆၀၀ သန်း တောင်းခံခြင်းနှင့် ပတ်သက်၍ အဆိုပါ ကုန်ကျစရိတ်များသည့် ICJ ကိစ္စနှင့် သက်ဆိုင်ခြင်း မရှိဘဲ တာဝန်အရ ခရီးများ ထွက်ခွာခြင်း၊ လေးလံပစ္စည်းများ သယ်ယူပို့ဆောင်ခြင်း အပါအဝင် ပို့ဆောင်ရေး ဆိုင်ရာ အသုံးစရိတ်များနှင့် သက်ဆိုင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သာမန် အသုံးစရိတ် ခေါင်းစဉ်အောက်မှာ သက်ဆိုင်ရာ ဘဏ္ဍာနှစ် အတွင်း ကျခံသုံး စွဲခဲ့သည့် အသုံးစရိတ်များ ဖြစ်ခြင်းကြောင့် ဝန်ကြီးဌာန၏ အတွင်း စာရင်းစစ်အဖွဲ့နဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ၏ စာရင်းစစ်အဖွဲ့မှ ဘဏ္ဍာရေး စည်းမျဉ်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ သုံးစွဲမှု ရှိ၊ မရှိနှင့် အသုံးစရိတ်များ မှန်ကန်မှု ရှိ၊ မရှိ အသေးစိတ် စစ်ဆေး ခံသွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောဆိုသည်။

အဆိုပါ အသုံးစရိတ်များ သုံးစွဲမှုနှင့် စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်း၊ ဘဏ္ဍာရေး စည်းမျဉ်းစည်း ကမ်းများ နှင့် မညီညွတ်ကြောင်း တွေ့ရှိပါက ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည့် ၎င်း၏ စာရင်းစစ် အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြမည် ဖြစ်သည့် အပြင် ICJ ၌ ရင်ဆိုင်နေရသည့် အမှုအတွက် ငှားရမ်းထားသည့် နိုင်ငံတကာ ရှေ့နေကြီးများ၏ ဝင်ငွေ အခကြေးငွေများ၊ အသုံးစရိတ်များကို အသေးစိတ် ထုတ်ဖော် ပြောကြားခြင်း မပြုသည့် ကျင့်ဝတ်ကို လိုက်နာရန် တာဝန်လည်းရှိကြောင်း ဝန်ကြီးက ရှင်းလင်း ပြောကြားခဲ့သည်

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •