JICM အစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အဖွင့်အမှာစကားပြော

Spread the love
  •  
  •  
  •  
  •  
  •  
  •  

❐နေပြည်တော်တွင် ယနေ့ သြဂုတ် ၁၃ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် (၉)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

ယင်းသို့ ပြောကြားခဲ့ရာတွင် ပြည်ထောင်စု သဘောတူစာချုပ် အပိုင်း ၃ မူကြမ်းနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သည်။

 

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ညှိနှိုင်းလို့မရတဲ့ အခြေအနေ၊ NCA ရပ်ဆိုင်သွားရမယ့် အခြေအနေကနေ ၂၁ ရာစု ပင်လုံညီလာခံမှ တစ်ဆင့် နိုင်ငံရေးသဘောတူညီချက် ရယူနိုင်တဲ့အနေအထားကို ရောက်ရှိလာပြီဖြစ်
——————-
ယနေ့ရရှိထားသော အပြန်အလှန် နားလည်ယုံကြည်မှုများက ရှေ့ဆက်မယ့်ခရီးအတွက် ခိုင်မာမှန်ကန်တဲ့ ခြေလှမ်းသစ်ကို ဆက်ပြီးလှမ်းနိုင်မည်ဟု ယုံကြည်
==========================

နေပြည်‌တော်၊ သြဂုတ်လ ၁၃ ရက်။
ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ညှိနှိုင်းလို့မရတဲ့ အခြေအနေ၊ NCA ရပ်ဆိုင်သွားရမယ့် အခြေအနေကနေ ၂၁ ရာစု ပင်လုံညီလာခံမှ တစ်ဆင့် နိုင်ငံရေးသဘောတူညီချက် ရယူနိုင်တဲ့အနေအထားကို ရောက်ရှိလာပြီဖြစ်ကာ ယနေ့ရရှိထားသော အပြန်အလှန် နားလည်ယုံကြည်မှုများက ရှေ့ဆက်မယ့်ခရီးအတွက် ခိုင်မာမှန်ကန်တဲ့ ခြေလှမ်းသစ်ကို ဆက်ပြီးလှမ်းနိုင်မည်ဟု ယုံကြည်ကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ကျင်းပသည့် ၉) ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် ပြောကြားလိုက်သည်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသည် အားလုံးပူးပေါင်းပြီး ရေရှည် ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်သလို ကိုဗစ် 19 ဖြစ်စဉ်တွင် မြန်မာနိုင်ငံ၏ စည်းလုံးညီညွတ်မှုကို ပြနိုင်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးစိန်ခေါ်မှုများကို လက်တွေ့ ပူးပေါင်း ရင်ဆိုင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူကြောင်းလည်း ပြောကြားသည်။

 

“ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတာ ရေရှည်သဘောဆောင်တဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံအနေနဲ့ မရရှိနိုင်သေးတဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကိုလည်း တစ်ချိန်တည်း တစ်ပြိုင်တည်း ကြိုးပမ်းနေရပါတယ်။ ဒီလိုမျိုး ရေရှည်သဘောဆောင်တဲ့ လုပ်ငန်းစဉ်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ချိတ်ဆက်စဉ်းစားပြီးတဲ့နောက် ဒီလုပ်ငန်းစဉ်တွေအားလုံး ခြုံငုံအကျုံးဝင်တဲ့ ဖြည့်စွက်သွားရမယ့် အဆင့်အလိုက် လုပ်ငန်းတွေကို ဖော်ထုတ်ရရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီလမ်းကြောင်းဟာ ကျွန်မတို့နိုင်ငံရဲ့ အတိတ်က ခါးသီးတဲ့အတွေ့အကြုံတွေကို ဖြေဖျောက်ပေးနိုင်ဖို့ ဒီကနေ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်ထောင်စုရဲ့ အခက်အခဲတွေကို ပြေလည်စေဖို့ ကျွန်မတို့တိုင်းရင်းသားတွေ အားလုံးရဲ့ အနာဂတ်ပြည်ထောင်စုအိပ်မက်ကို အကောင်းဆုံး ပုံဖော်နိုင်ဖို့ အားလုံးဆက်ပြီးတော့ ကြိုးပမ်းကြရဦးမှာဖြစ်ပါတယ်
“ကိုဗစ် 19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကို ကမ္ဘာ့နိုင်ငံအားလုံး ရင်ဆိုင်တုံ့ပြန်ကြရမှာ နိုင်ငံတိုင်းက အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းကြတာကို တွေ့မြင်နိုင်ပါတယ်။ စိန်ခေါ်မှုက တစ်ခုတည်းပါပဲ။ ဒါပေမယ့် တုန့်ပြန်မှု စီမံဆောင်ရွက်မှု မတူညီတဲ့ အနေအထားမှာ အကျိုးသက်ရောက်မှုတွေလည်း မတူညီကြပါဘူး။ ကျွန်မတို့နိုင်ငံလို နွမ်းပါးတဲ့နိုင်ငံ ပဋိပက္ခတွေနဲ့ နိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း မြင့်မားခြင်းမရှိသေးတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု အသိစိတ်ဓာတ်ရှိရှိ လိုက်နာဆောင်ရွက်မှုတွေကြောင့် ကိုဗစ် 19 ကပ်ရောဂါကို ကောင်းကောင်းမွန်မွန် ရင်ဆိုင်တုန့်ပြန်နိုင်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ခဲ့လို့လည်း အတော်များများက အသိအမှတ်ပြုတဲ့ ချီးကျူးစကားတွေလည်း ပြောလာခဲ့ကြပါတယ်။ ဒါကိုကျွန်မတို့ ဂုဏ်ယူပါတယ်။ ကျွန်မတို့နိုင်ငံ ကျွန်မတို့ပြည်သူတွေအတွက် ဂုဏ်ယူတယ်လို့ ပြောချင်ပါတယ်။ ဒါပေမယ့် ကပ်ရောဂါမပြီးသေးတဲ့အတွက် ကျွန်မတို့ပြည်သူတွေကို ထပ်ခါတလဲလဲ သတိပေးနှိုးဆော်နေရတုန်းပဲ ဖြစ်ပါတယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ညှိနှိုင်းလို့မရတဲ့ အခြေအနေ၊ NCA ရပ်ဆိုင်သွားရမယ့် အခြေအနေကနေ ၂၁ ရာစု ပင်လုံညီလာခံမှ တစ်ဆင့် နိုင်ငံရေးသဘောတူညီချက် ရယူနိုင်တဲ့အနေအထားကို ရောက်ရှိလာပြီဖြစ်ကြောင်း ဆိုသည်။
” ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အစည်းအဝေးတွေ ခေါ်လို့မရ တွေ့ဆုံဖို့ ညှိနှိုင်းလို့မရတဲ့ အခြေအနေ NCA ရပ်ဆိုင်သွားရမယ့် အခြေအနေကနေ ဒီကနေ့ဆိုရင် ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပနိုင်တဲ့အနေအထားကို ရောက်လာပါပြီ။ ဒါတင်ပဲလား မကပါဘူး။ နိုင်ငံရေး သဘောတူချက်တွေ ရယူနိုင်တဲ့အနေအထားကို ရောက်ရှိလာခဲ့ပါပြီ။ ဒါတင်မကသေးပါဘူး။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်ပြီး တစ်လှမ်းပြီးတစ်လှမ်း တစ်ဆင့်ပြီးတစ်ဆင့် ဖော်ဆောင်နိုင်မယ့် အဆင့်လိုက်အစီအစဉ်တစ်ခုကို ရယူနိုင်တဲ့ အနေအထားကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ဒါဟာလည်း ဒီကနေ့ အစည်းအဝေးကို တက်ရောက်လာခဲ့ကြတဲ့ နှစ်ဖက်က ခေါင်းဆောင်တွေ နှစ်ဖက်လုံးက အလုပ်အဖွဲ့တွေ အဖက်ဖက်က ပံ့ပိုးကူညီသူတွေရဲ့ ငြိမ်းချမ်းရေးအပေါ် နှစ်နှစ်ကာကာ အလေးအနက်ထားမှုတွေကြောင့် ဒီကနေ့လိုအနေအထားအထိ ရောက်ရှိလာခဲ့တယ်ဆိုတာကို အလေးအနက် ပြောကြားလိုပါတယ်” ဟု ပြောသည်။
မိမိတို့ပြည်ထောင်စုအနာဂတ်ခရီးအတွက် အသက်ရှင်နေစဉ် ကြိုးစားခွင့်ရနေတုန်းတွင် အတတ်နိုင်ဆုံး ကြိုးပမ်းအားထုတ်ကာ မျိုးဆက်သစ်များလက်ထဲသို့ ငြိမ်းချမ်းရေးအမွေအနှစ်တစ်ခု ခိုင်ခိုင်မာမာ လက်ဆင့်ကမ်းဆောင်ကျဉ်းပေးရန်လည်း တက်ရောက်လာသူအားလုံးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းခဲ့သည်။
“ကျွန်မတို့နိုင်ငံ ကျွန်မတို့ပြည်ထောင်စုရဲ့ အနာဂတ်ခရီးအတွက် ကျွန်မတို့ အသက်ရှင်နေတုန်း ကျွန်မတို့ ကြိုးစားခွင့်ရနေတုန်းမှာ အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးပမ်းအားထုတ်ကြပြီးတော့ ကျွန်မတို့ရဲ့ မျိုးဆက်သစ်တွေလက်ထဲကို ငြိမ်းချမ်းရေး အမွေအနှစ်တစ်ခု ခိုင်ခိုင်မာမာ လက်ဆင့်ကမ်း ဆောင်ကျဉ်းပေးနိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားကြဖို့ တိုက်တွန်းပါတယ်” ဟု ပြောကြားခဲ့သည်။

 

 

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •