June 10 ရက် COVID ကာလ သတင်းစုံ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🚨June 10 ရက် COVIDကာလသတင်းစုံ
~~~~~~~~~~~~~~~~~~~~~
🇲🇲 #မြန်မာနိုင်ငံမှာ ယနေ့အထိ COVID-19 တွေ့သူ ( 246 ) ယောက်ရှိပြီး သေဆုံးသူ 6 ယောက် ရှိပါပြီ။ ကုသမှုခံယူပြီးပိုးကင်းစင်သွားသူ ( 159 ) ယောက်ရှိသွားပါပြီ။

🌎 ကမ္ဘာမှာ ပိုးတွေ့သူ ( 7.3 ) သန်း ရှိသွားပါပြီ။
——————————
☕🍔 အချိန်ရသလောက် သတင်းအတိုအထွာအချို့ကို “5 မိနစ်သတင်းကဏ္ဍ” အနေနဲ့ တင်ဆက်ပေးပါမယ်။

🇺🇸 အမေရိကန်မှာ ဆန္ဒပြမှုဟာ 2 ပတ်နဲ့ 1 ရက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဆန္ဒပြမှုတွေဟာ အခုအထိမပြီးဆုံးသေးပါဘူး။

အခုဆန္ဒပြမှုနဲ့ မငြိမ်မသက်မှုတွေမှာပြည်ပက ပါဝင်ပက်သက်မှုတွေရှိနေတယ်လို့ ပြောဆိုနေကြပါတယ်။

အခု ဆိုရှယ်မီဒီယာတွေအပေါ်ကနေ သွေးထိုးလှုံဆော်မှုတွေမှာ ရုရှား၊ အီရန်နဲ့ တရုတ်ပြည်တို့ရဲ့ ပါဝင်ပတ်သက်မှုတွေရှိနေတယ်လို့ဆိုပါတယ်။

♦️ ထုံးစံအတိုင်း သတင်းအမှားတွေကလည်း ဆိုရှယ်မီဒီယာတွေပေါ်မှာ စိတ်ပျက်ဖွယ်ကောင်းလောက်အောင် တင်ကြတာရှိပါတယ်။

လူမည်းအမျိုးသား George Floyd ကိုသေစေခဲ့တဲ့ လူသတ်သမား Chauvin ဟာ သမ္မတ ထရမ့်နဲ့ စင်မြင့်ပေါ်မှာ အတူတူရှိခဲ့ဖူးတယ်လို့၊ Chauvin ဟာ Make Whites Great Again စာတန်းပါတဲ့ ဦးထုပ်ကို ဝတ်ထားတယ်တို့ စတဲ့သတင်းအမှားတွေကို တင်ပြီးလူတွေကို သွေးထိုးပေးခဲ့ကြတာပါ။

🔥 ကျနော်တို့အတွက် သင်ခန်းစာယူရမှာက လူမျိုးရေးနဲ့ ဘာသာရေး ပြဿနာက #စလိုက်ရင်အကြီးအကျယ်ထိန်းမရသိမ်းမရ ဖြစ်တတ်ကာ အစိုးရအတွက် အခက်တွေ့စေရုံသာမက ပြည်သူတွေအတွက် #စီးပွားရေးအကျပ်အတည်းကို ပိုပြီးဖြစ်စေတတ်ပါတယ်။

🇺🇸 အမေရိကန် သမ္မတထရမ့်က တရုတ်ပြည်ဟာ အမေရိကန်ရဲ့ ထွက်ကုန်တွေကို တိုးပြီးဝယ်ယူနေတယ်လို့ ဆိုပါတယ်။

အခု အမေရိကန်ရဲ့ ပြည်ပပို့ကုန်ဒေတာတွေအရ တရုတ်ပြည်ဟာ အမေရိကန်ရဲ့ လယ်ယာထွက်ကုန်တွေကို အဝယ်သိသိသာသာတက်လာတာကို တွေ့ရပါသတဲ့။

အခုလိုဝယ်နေတာကောင်းပြီး ကုန်သွယ်ရေးသဘောတူညီမှုကို ဆက်လက်တည်မြဲစေမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

🇮🇳 အိန္ဒိယနိုင်ငံ Bihar က ရွာအတော်များများမှာ အမျိုးသမီးတွေဟာ “ကိုရိုနာနတ်သမီး”ကို ပူဇော်ပသမှု ပြုလုပ်နေကြပါတယ်။

🕳️ တွင်း 7 တွင်းကို တူးကာ ထန်းလျက်ရည်တွေလောင်းထည့်ပါတယ်။ ပန်းတွေ ဖာလာစေ့၊ လေးညှင်းစသည်တို့ထည့်ကာ ကိုရိုနာကပ်ကြီးပြီးဆုံးပါရန် ကိုရိုနာနတ်သမီးဆီက ဆုတောင်းကြပါတယ်တဲ့။

အိန္ဒိယက ဂင်္ဂါမြစ်ဘေးက တချို့ဒေသတွေ ရွာတွေမှာလည်း အဲ့လိုတွင်းတွေတူး၊ အမွှေးတိုင်တွေထွန်းကာ ထန်းလျက်တွေ၊ နှမ်းတွေနဲ့ ကိုရိုနာနတ်သမီးကို ပူဇော်ကြပါသတဲ့။

👉 ဟိုးအရင်က လူတွေရဲ့ ပူဇော်ကိုးကွယ်မှုစခဲ့ပုံကို တွေးတောဆင်ခြင်မိပါတယ်။

🇸🇬 စင်ကာပူမှာ အသက် 78 နှစ်အရွယ် အဖိုးအိုတစ်ယောက်ဟာ Quarantine အမိန့်ကို လိုက်နာဖို့ အကြိမ်ကြိမ် ငြင်းဆန်ခဲ့လို့ တရားစွဲခံခဲ့ရပါတယ်။

အဲ့ဒီအဖိုးအိုဟာ ကျနော်တို့နေတဲ့ Hougang အရပ်ကပဲဖြစ်ပြီး Covid လူနာနဲ့ထိတွေ့ခဲ့သူမို့ သူ့ကို Q ဝင်ခိုင်းထားတာပါ။

သူဟာခေါင်းမာပြီး ဆရာဝန်က သူ့ကို ကျန်းမာရေးကောင်းပြီး Q ဝင်ဖို့မလိုဘူးလို့ ပြောထားတယ်လို့ ဆိုကာ Q ဝင်ဖို့အကြိမ်ကြိမ်ငြင်းဆန်ခဲ့ပါသတဲ့။

♦️ လူကြီးတွေဟာ အသက်ကြီးလာတဲ့အခါမှာ ခေါင်းပိုမာလာပြီး အင်မတန်မှ ပြောရခက်လာပါတယ်။

အထူးသဖြင့် နားမကြားရင် ပိုဆိုးပါတယ်။ နားမကြားတဲ့သူတွေဟာ အိမ်သားတွေနဲ့ ပိုပြီးဝေးကွာလာကာ ပိုပြီးပြောရခက်လာပါတယ်။

🇸🇬 စင်ကာပူမှာ 🍞 🥪 BreadTalk ဟာ စင်ကာပူစတော့ရှယ်ယာစျေးကွက်ကနေ June လ 5 ရက်နေ့မှာ နုတ်ထွက်ခဲ့ပါတယ်။

အခုလို အများပိုင်ကုမ္ပဏီမဟုတ်တော့တဲ့အတွက် အဓိကရှယ်ယာပိုင်ရှင် George Quek နဲ့ သူ့အမျိုးသမီး Catherine Lee နဲ့ ထိုင်းကုမ္ပဏီတို့က ရှယ်ယာတစ်ခုကို S$ 0.77 နဲ့ပြန်ဝယ်မယ်လို့ဆိုပါတယ်။

BreadTalk ရဲ့ ပေါင်မုန့်စျေးတွေ ခုန်တက်သွားတာ သတိပြုမိပါတယ်။ ခါတိုင်း မြန်မာငွေ 1600 – 1700 လောက်ပေးရတဲ့ ပေါင်မုန့်တွေဟာ 2500 အထိတက်သွားတာတွေ့ရပါတယ်။

ဒီလောက်ခုန်တက်ရင် ကျနော့်အနေနဲ့ လောလောဆယ် ဝယ်စားဖို့ အစီအစဉ်မရှိသေးပါ။

တဖက်ကလည်း ပေါင်မုန့်ဆိုင်ဖွင့်ရတာမလွယ်တာကို သတိပြုမိပါတယ်။

BreadTalk group ဟာ လုပ်ငန်းကို ချဲ့ထွင်ရင်း 2019 အကုန်မှာ စင်ကာပူဒေါ်လာ သန်းပေါင်း 247.3 သန်းအထိ အကြွေးတင်လာတာ တွေ့ရပါတယ်။

2014 မှာ S$ 22.2 သန်း ဆုံးရှုံးရာက 2015 မှာ S$7.6 သန်းအထိ ဆုံးရှုံးမှု လျော့ကျလာပါတယ်။

အမြတ်ပမာဏဟာ 2016 ခုနှစ်ကစတင်ပြီး လျော့ကျလာတာပါ။

BreadTalk ဟာ စင်ကာပူမှာ မနက်ရုံးသွားရင် ဝယ်နေကျဖြစ်ပြီး အမြဲလက်မလည်အောင်ရောင်းနေရတာပါ။

ပေါင်မုန့်အသားမှာ BreadTalk ဟာ စံမှီပြီး စားကောင်းပါတယ်။ သူ့ရဲ့ Ramen 🍜 ကိုတော့ သဘောမကျပါ။

♦️ဒီလောက်လက်မလည်အောင်ရောင်းနေရတာတောင် အရှုံးပေါ်တယ်ဆိုရင် Bakery နဲ့ Cafe အလုပ်ဟာ ထင်သလောက် မလွယ်လှကြောင်းတွေးမိပါတယ်။

🇺🇸 အမေရိကန်မှာ Covid-19 နောက်ဆက်တွဲအဖြစ် မိလ္လာပိုက်တွေ ပိတ်ဆို့မှုဖြစ်စေခဲ့ပါတယ်။

♦️ မိလ္လာပိုက်ထဲမှာ Fatbergs လို့ခေါ်တဲ့ mask တွေ၊ ရာဘာလက်အိတ်တွေ၊ wipes အစတွေဟာ စုစည်းပြီး ပိတ်ဆို့မှုကို အကြီးအကျယ်ဖြစ်စေပါတယ်။

👉 မြန်မာပြည်မှာလည်း mask တွေ၊ ရာဘာလက်အိတ်တွေ၊ wipes တွေ၊ တစ်ခါသုံး PPE အင်္ကျီစတွေဟာ ရေမြောင်းတွေ မိလ္လာပိုက်တွေကို #ပိတ်ဆို့စေနိုင်တာမို့ သတိပြုကြစေချင်ပါတယ်။

ပိုက်တွေလည်းပိတ်ဆို့စေကာ ရောဂါပိုးကိုလည်း ကူးစက်စေနိုင်တာမို့ စနစ်တကျစွန့်ပစ်ကြပါလို့ တိုက်တွန်းပါတယ်။

🇮🇳 အိန္ဒိယမှာ လူသားစားကျားတစ်ကောင်ကို Zoo ပို့ပြီး ထောင်ချလိုက်ရပါတယ်။

🐅 အဲ့ဒီ အသက် 5 နှစ်အရွယ် ကျားထီးဟာ “Vagabond” “Nomad” စသည်ဖြင့် နာမည်မျိုးစုံနဲ့ နာမည်ကြီးနေခဲ့ပြီး ကျွဲနွားတွေနဲ့ လူသုံးယောက်ကို သတ်စားထားတာ ဖြစ်ပါတယ်။

အရင်က သူ့ကိုဖမ်းပြီး ရွာတွေနဲ့ ဝေးရာတောနက်ထဲသွားသွားလွှတ်ခဲ့ပေမယ့် သူက ရွာတွေရှိရာပဲ ပြန်ပြန်လာပြီး ချဉ်းကပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို သဘာဝတောထဲမှာ ဘယ်လိုမှထားလို့မရအောင် အန္တရာယ်ကြီးလာတာကြောင့် နောက်ဆုံးမှာ မေ့ဆေးသေနတ်နဲ့ ပစ်ဖမ်းပြီး Zoo ပို့ကာ လှောင်ချိုင့်နဲ့ ထားလိုက်ရတယ်လို့ ဆိုပါတယ်။

🇸🇬 စင်ကာပူမှာ သီရိလင်္ကာ နိုင်ငံသားနှစ်ယောက်ကို စင်ကာပူ passport နဲ့ မှတ်ပုံတင်ကဒ်ပြားအတုလုပ်မှုနဲ့ ထောင်ဒဏ် 8 လ ချမှတ်ခဲ့ပါတယ်။

ဖြစ်ပုံက ပုပ္ပရာဇာဆိုသူဟာ ကနေဒါနိုင်ငံကို သွားချင်ပါသတဲ့။ အဲ့ဒါနဲ့ သူက ဆမ်ဆိုသူကို အကူအညီတောင်းပါတယ်။

ဆမ်က စုစုပေါင်း မြန်မာငွေ သိန်း 450 တောင်းပြီး ကနေဒါကို ရောက်ဖို့ တာဝန်ယူလိုက်ပါတယ်။

စင်ကာပူနိုင်ငံသားတွေဟာ ကနေဒါကို ဗီဇာမလိုတော့ ပုပ္ပရာဇာကို ရာမာချန်ဒရာဆိုသူနဲ့အတူ မလေးရှားမှာ စင်ကာပူ passport နဲ့ မှတ်ပုံတင်ကဒ်ပြားအတုလုပ်ဖို့ လွှတ်လိုက်ပါတယ်။

ကွာလာလမ်ပူမှာ အတုလုပ်ပြီးလို့ စင်ကာပူကို Tuas ကပြန်အဝင်မှာ ပုပ္ပရာဇာ က သူ့ရဲ့ သီရိလင်္ကာ passport ကို ထုတ်ပြပါတယ်။ ဘာမှပြဿနာတက်စရာမရှိပါ။

အဲ့ဒါကို ICA အရာရှိက စိတ်ထဲမှာ မသင်္ကာဖြစ်ပြီး ပုပ္ပရာဇာရော ရာမာချန်ဒရာကိုရော အခန်းထဲခေါ်ပြီး စစ်ဆေးပါတယ်။

အဲ့လိုခေါ်စစ်ချိန်မှာ ပုပ္ပရာဇာရဲ့ အိတ်ထဲကနေ စင်ကာပူ passport နဲ့ IC ကဒ်ကိုတွေ့ခဲ့တာပါ။

စင်ကာပူ passport မှာ ပုပ္ပရာဇာရဲ့ဓာတ်ပုံနဲ့ biodata ကိုတွေ့ပြီး ဘာမှပြောစရာမရှိပေမယ့် အတွင်းက ဒေတာတွေက လွဲနေပါတယ်။

အဲ့ဒါနဲ့ နှစ်ယောက်လုံးကို ထောင်ဒဏ် 8 လ ချမှတ်လိုက်တာပါ။ ပုပ္ပရာဇာခမျာမှာ ကနေဒါမရောက်ပဲ ငွေလည်းဆုံး ထောင်လည်းကျ ဖြစ်သွားရှာပါတယ်။

♦️ Tuas check point က ICA အရာရှိတွေဟာ တကယ့်ကို အနံ့ခံကောင်းပါတယ်။ ဒီလူဟာ မလေးမှာ အိုနဲ့နေတာလား။ တစ်ခုခုမှားနေသလားကို အတွေ့အကြုံအရသိတတ်ကြပါတယ်။

ကြုံလို့ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေ အကြောင်းပြောရရင် အင်ဒိုနီးရှား ဘာတန်ကျွန်းကိုသွားရင် သတိထားပါ။

အပြန်မှာ White card ကို အဖျောက်ခံရတတ်ပါတယ်။ သူတို့ကိုပေးလိုက်တုန်းက ကိုယ့် passport ထဲမှာ white card အသေအချာပါပေမယ့် သူတို့က ဖဲသမားလက်နဲ့ ကဒ်ခိုးတတ်ပါတယ်။

ကျနော့်ကဒ်ကို ဖျောက်ပြီးပြဿနာရှာလို့ Passport ပြန်ယူပြီး စင်ကာပူ 5 ဒေါ်လာတန်ညှပ်ထည့်ပြီး အထဲမှာပါတယ်လေလို့ ပြောမှ မကြည်မသာနဲ့ လွှတ်ပေးဖူးပါတယ်။

ဒါတောင် ကိုယ့်ကိုဘေးထုတ်ပြီးရစ်နေတုန်း နောက်က မလေး passport နဲ့ကောင်ကို တပုံစံထဲလုပ်တာ မလေးကလူက 15 ဒေါ်လာကနေ 5 ဒေါ်လာနဲ့ ညှိသွားတာမြင်လို့ ကိုယ့်လည်း 5 ဒေါ်လာနဲ့ မတတ်သာပဲပေးလိုက်တာရပါ။

🛩️ ကမ္ဘာအနှံ့လေကြောင်းလိုင်းတွေအတွက် ဒီနှစ်ဟာ ကပ်ဆိုက်တဲ့ နှစ်ဖြစ်ပါတယ်။ စုစုပေါင်း ဒေါ်လာ 84 ဘီလီယံအထိအရှုံးပေါ်ခဲ့ကြပါတယ်။

———————————-
🌍 ယနေ့ တကမ္ဘာလုံး ရောဂါပိုးတွေ့သူ 7311516 ယောက်၊ သေသူ 413000 ယောက်။ ပြန်ကောင်းသူ 3594733 ယောက်။

👉 အခုထိစစ်တမ်းအရ လူ ၁၀၀ ဖြစ်ရင် 2% က အသည်းအသန်ဖြစ်ပါတယ်။ 16% မှ ကျလာတာပါ။

👉 ပိတ်လိုက်တဲ့ case 4007733 မှာ 3594733 ပြန်ကောင်းပြီး 413000 ယောက်သေဆုံးခဲ့တာကြောင့် သေနှုန်းက 🔻🔻10% ဖြစ်ပါတယ်။
——————————
🇺🇸 အမေရိကန်မှာ ရောဂါတွေ့သူ စုစုပေါင်း 2 သန်းရှိသွားပါပြီ။ မနေ့က 18912 ယောက်အသစ်တိုးပါတယ်။ ဆန္ဒပြမှုနဲ့ ပိုဆိုးနိုင်ပါတယ်။

🇧🇷 ဘရာဇီးက တွေ့သူ 742084 ယောက်ရှိသွားပါပြီ။ မနေ့က 31197 ယောက်အသစ်တိုးပါတယ်။

🇮🇳 အိန္ဒိယက တွေ့သူ 276146 ယောက်ရှိသွားပါပြီ။ မနေ့က 10218 ယောက်အသစ်တိုးပါတယ်။ ပိုလို့တိုးလာနေပါတယ်။

🇨🇳 တရုတ်ပြည်မှာ မနေ့က အသစ် 3 ယောက်တွေ့ခဲ့ပါတယ်။

🇧🇩 ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တွေ့သူ 71675 ယောက်ရှိသွားပါပြီ။ သေဆုံးသူ 975 ယောက်ရှိပါပြီ။

မနေ့က 3171 ယောက်အသစ်တိုးပါတယ်။ အသစ်တွေ့နှုန်းကနောက်ရက်တွေမှာ ဆက်ပြီး 3000 ကျော်လာနိုင်ပါတယ်။

Richard Myo Thant
10-June-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •