June 6 ရက် COVIDကာလသတင်းစုံ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

🚨June 6 ရက် COVIDကာလသတင်းစုံ
~~~~~~~~~~~~~~~~~~~~~
🇲🇲 #မြန်မာနိုင်ငံမှာ ယနေ့အထိ COVID-19 တွေ့သူ ( 236 ) ယောက်ရှိပြီး သေဆုံးသူ 6 ယောက် ရှိပါပြီ။ ကုသမှုခံယူပြီးပိုးကင်းစင်သွားသူ ( 151 ) ယောက်ရှိသွားပါပြီ။

🌎 ကမ္ဘာမှာ ပိုးတွေ့သူ 6.8 သန်း ရှိသွားပါပြီ။ နိုင်ငံစုံစာရင်းကို မတင်ပေးနိုင်တော့ပါ။
——————————
☕🍔 အချိန်ရသလောက် သတင်းအတိုအထွာအချို့ကို “5 မိနစ်သတင်းကဏ္ဍ” အနေနဲ့ တင်ဆက်ပေးပါမယ်။

🇺🇸 အမေရိကန်မှာ ဆန္ဒပြမှုဟာ 10 ရက်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့ Covid-19 ရောဂါအများဆုံးဖြစ်နေတဲ့နိုင်ငံမှာ ဒီလို လူတွေစုရုံးမှုကနေ ထပ်မံပြီး ရောဂါသည်တိုးပွားလာအုံးမှာ ဖြစ်ပါတယ်။

⚰️ ဂျွန်လ 2 ရက်နေ့အထိ စုစုပေါင်း လူ 17 ယောက်သေဆုံးခဲ့ပြီဖြစ်ပါတယ်။

16 ယောက်ဟာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်ပြီး 1 ယောက်ကတော့ လူတွေလုယက်ဘေးကနေ မောင်းပြေးတဲ့ FedEx 🚚 delivery car ကြိတ်မိတာဖြစ်ပါတယ်။

ပထမဆုံးစပြီးသေဆုံးခဲ့သူဟာ မေလ 27 ရက်နေ့မှာ ဆိုင်တစ်ဆိုင်ကို သွားလုခဲ့သူ Horton ဆိုသူဖြစ်ပြီး ဆိုင်ပိုင်ရှင်က သေနတ်နဲ့ ပစ်ခဲ့တာဖြစ်ပါတယ်။

💥 ဒုတိယမြောက်သေဆုံးခဲ့သူဟာ လုံခြုံရေးဝန်ထမ်းဖြစ်ပြီး တရားရုံကို စောင့်ရှောက်မှုပေးနေစဉ်မှာ အပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

🥃 နောက်တစ်ယောက်ကတော့ အရက်ဘားအပြင်ဘက်မှာ ဆွမ်းခံရင်းငှက်သင့်သူဖြစ်ပါတယ်။

သူကအပြင်မှာရပ်နေစဉ်မှာ အရက်ဘားပိုင်ရှင်က ဆန္ဒပြသူတွေရဲ့ရန်မှ မိမိကိုယ်ကို ကာကွယ်ရင်းပစ်လိုက်ရာမှာ သူ့သွားထိတာဖြစ်ပါတယ်။

💥 မေလ 31 ရက်နေ့မှာ မာဗင်ဖရန်ဆွိုက်ဆိုသူဟာ ဆန္ဒပြသူတွေထဲကနေ သူ့သားကိုသွားခေါ်ထုတ်နေရင်း လုယက်သူတွေက သေနတ်နဲ့ ပစ်လိုက်လို့ သေသွားရှာပါတယ်။

​ဂျွန်လ 1 ရက်နေ့မှာ ဒေးဗစ်ဆိုတဲ့ စားသောက်ဆိုင်ပိုင်ရှင်ဟာ ကာဖျုးကာလမှာ ရဲရဲ့ပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။

သူ့ရဲ့ စားသောက်ဆိုင်ထဲကို ရဲကမျက်ရည်ယိုဗုံးပစ်ထည့်လိုက်ရာမှာ သူ့တူမကိုထိမှန်လုနီးနီးဖြစ်သွားတဲ့အတွက် သူက သေနတ်နဲ့ပစ်လိုက်ရာက ရဲကပစ်သတ်လိုက်တာဖြစ်ပါတယ်။

💥 ဂျွန်လ 1 ရက်နေ့မှာပဲ အသက် 22 နှစ်ရှိ မာရီကယ်လီဆိုတဲ့ အမျိုးသမီးဟာ ဆူပူဆန္ဒပြနေတဲ့ လူအုပ်ဆီကနေ ထွက်ခွာလာချိန်မှာ လက်သရမ်းပြီးပစ်လိုက်တဲ့သူကြောင့် သေရတာပါ။

အဲ့ဒီ ဗီဒီယို Facebook မှာ ပြန့်နှံ့ခဲ့ပြီး မာရီကယ်လီရဲ့ ညီမဟာ ဆူပူဆန္ဒပြတဲ့သူတွေကို ငိုယိုပြီးအပစ်တင်ခဲ့ပါတယ်။

အကြမ်းဖက်မှုတွေကိုရပ်ကြဖို့ ရဲကိုပစ်ရုံတင်မဟုတ်၊ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့သူတွေကိုပါပစ်သတ်နေကြောင်း ပြောခဲ့ပါတယ်။

💥 ဂျွန်လ 2 ရက်နေ့မှာ သေနတ်အရောင်းဆိုင်ကို သွားလုသူတွေကို ဆိုင်ရှင်က သေနတ်နဲ့ပစ်ရာက ဝင်လုသူတစ်ယောက် သေဆုံးခဲ့ပါတယ်။

💣 အဲ့ဒီနေ့မှာပဲ ATM ငွေထုတ်စက်ကို ဖောက်ခွဲဖို့ကြိုးစားခဲ့သူတစ်ယောက် သူ့ဟာသူပြန်ထိပြီး သေဆုံးခဲ့ပါတယ်။

💥 အဲ့ဒီနေ့မှာပဲ အသက် 77 နှစ်ရှိ အငြိမ်းစားရဲအရာရှိတစ်ယောက်ဟာ လုယက်သူတွေရဲ့ ပစ်သတ်တာကို ခံခဲ့ရပါတယ်။

အဲ့နေ့မှာပဲ အင်္ကျီအိတ်ထဲမှာ အိမ်သုံး🔨 တူထည့်ယူလာတဲ့ လူတစ်ယောက်ကို ဒူးထောက်လက်မြှောက်ထားတဲ့ကြားက ရဲကသေနတ်နဲ့ ငါးချက်ပစ်သတ်ခဲ့ပါတယ်။

♦️ အခုထိသေဆုံးခဲ့မှုတွေကို ကြည့်မယ်ဆိုရင် မဆီမဆိုင်ခံရတာ၊ လုယက်လို့ပစ်သတ်ခံရတာနဲ့ လုယက်သူတွေက ပစ်သတ်သွားတာ၊ ရဲကအထင်လွဲပြီးပစ်သတ်တာ စသည်ဖြင့် စိတ်မချမ်းသာစရာတွေချည်းပဲ ဖြစ်ပါတယ်။

♦️ ငြိမ်းချမ်းစွာဆန္ဒပြမှုမဟုတ်ပဲ အကြမ်းဖက်မှု၊ လုယက်မှုတွေပါလာရင် (သို့မဟုတ်) ရဲကအကြမ်းဖက်လာရင်လည်း အခုလိုစိတ်မကောင်းစရာဖြစ်ရပ်တွေ ဖြစ်ပေါ်နေမှာဖြစ်ပါတယ်။

🇫🇷 ပြင်သစ်မှာ အဲ့ဒီကိစ္စနဲ့ပဲ လူ 2000 လောက်ဆန္ဒပြခဲ့ရာက ရဲက မျက်ရည်ယိုဓာတ်ငွေ့သုံးပြီး လူစုခွဲခဲ့ပါတယ်။

👮‍♂️ နိုင်ငံတကာမှာ Police Violence ရဲရဲ့အင်အားသုံးလွန်မှုကို လူမျိုးရေးပြဿနာနဲ့တွဲပြီး ဆန္ဒပြနေကြတာဖြစ်ပါတယ်။

🇺🇳 ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က Covid-19 ကာကွယ်ဆေးအသစ်ဟာ တကမ္ဘာလုံးအတွက် ရရှိဖို့လိုကြောင်း ပြောကြားသွားပါတယ်။

💉 နေရာမရွေး၊ ဒေသမရွေး၊ လူမျိုးဘာသာမရွေး ဒီကာကွယ်ဆေးကို ရရှိဖို့ လိုအပ်တယ်လို့ ဆိုသွားပါတယ်။

🇸🇪 ဆွီဒင်နိုင်ငံမှာ အခြားဥရောပနိုင်ငံတွေစာရင် Covid ကြောင့် သေနှုန်းများပါတယ်။ အခြားဥရောပနိုင်ငံတွေ တစ်နေ့ကို 100 – 200 ကျော်အထိကျလာချိန်မှာ ဆွီဒင်က တစ်နေ့ကို 1000 ကျော်တွေ့နေဆဲပါ။

🇧🇷 ဘရာဇီးသမ္မတ ဘိုဆိုနရိုက WHO ကနေနုတ်ထွက်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

ဘရာဇီးဟာ ရောဂါဖြစ်သူ ကမ္ဘာမှာ ဒုတိယအများဆုံးဖြစ်နေပြီး သေနှုန်းလည်း အီတလီထက်များပါတယ်။

ဒါ့ကြောင့် WHO က ရောဂါပြန့်နှုန်းကိုမထိန်းချုပ်နိုင်ခင်မှာ Lockdown ကို မဖြည်ဖို့တိုက်တွန်းရာက ဘိုဆိုနရိုက WHO ကနေနုတ်ထွက်မယ်လို့ ခြိမ်းခြောက်လိုက်ခြင်းဖြစ်ပါတယ်။

♦️ ဘရာဇီးရဲ့အခြေအနေက #လူတွေကစည်းကမ်းမလိုက်နာ၊ #ရောဂါကထိန်းမနိုင်အောင်ပြန့်နေ၊ #စီးပွားရေးကဆင်းရဲကျပ်တည်းကြတော့ #ကျန်းမာရေးနဲ့စီးပွားရေးရွေးကြရတော့မယ့်ပုံရှိပါတယ်။

🇮🇳 အိန္ဒိယနိုင်ငံက အချို့နေရာတွေမှာ မင်္ဂလာဆောင်ရင် မိန်းကလေးဘက်က လက်ဖွဲ့ပစ္စည်းထည့်ပေးရပါတယ်။

အဲ့ဒါ အူတာပရာဒက်ပြည်နယ်မှာ ပွန်နက်ဆိုသူဟာ မိန်းကလေးဘက်ကို ဆိုင်ကယ်အသစ်တစ်စီးတောင်းပါသတဲ့။

🏍️ မင်္ဂလာဆောင်ပြီးတာနဲ့ အဲ့ဒီဆိုင်ကယ်မရမှုနဲ့ မိန်းမကို ရိုက်နှက်ပါသတဲ့။ အဲ့ဒါနဲ့ မိန်းမက သူ့မိဘအိမ်ပြန်ပြေးမယ်အလုပ်မှာ ပွန်နက်က Facebook ကနေ သူ့မိန်းမပုံတင်ပြီး ငွေရှာပါသတဲ့။

သူ့မိန်းမရဲ့ပုံတွေနဲ့ ဖုံးနံပါတ်ကို တင်ပြီး သူမိန်းမနဲ့ ငွေပေးပြီး chat လို့ရကြောင်း။ sex ပါရကြောင်းကြေညာပါသတဲ့။

အဲ့ဒါနဲ့ သူ့မိန်းမဆီကို မိုးလင်းချုပ်ဖုံးတွေတဂွမ်ဂွမ်လာနေပါလေရောတဲ့။ ဒါနဲ့ သူ့မိန်းမက ဆိုင်ဘာရဲကို သူ့ယောက်ျားပွန်နက်နာမည်တပ်ပြီးတိုင်ပါသတဲ့။

ပွန်နက်ကို ရဲက တနင်္လာနေ့မှာဖမ်းပြီး ထောင်ထဲပို့ထားပြီး ဒါမျိုးကို #အပြစ်ဒဏ်ခပ်ပြင်းပြင်းချမယ်လို့ ရဲကပြောပါတယ်။

♦️ တကယ်တော့ အိန္ဒိယမှာ လက်ဖွဲ့ပစ္စည်းတင်တောင်းရတာဟာ တရားမဝင်တော့ပါဘူး။

📖 ကျနော့်အနေနဲ့ City of Joy ဝတ္ထုထဲက သမီးကို ယောက်ျားပေးစားရင် တင်တောင်းတဲ့ငွေရဖို့ လန်ချားဆွဲပြီးငွေစုတဲ့ ဟာစရီပါးကိုသွားသတိရမိပါတယ်။

🇧🇩 ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တွေ့သူ 60391 ယောက်ရှိသွားပါပြီ။ သေဆုံးသူ 811 ယောက်ရှိပါပြီ။

မနေ့က 2828 ယောက်အသစ်တိုးပါတယ်။ အသစ်တွေ့နှုန်းကနောက်ရက်တွေမှာ 3000 ကျော်လာနိုင်ပါတယ်။

🇯🇵 ဂျပန်နိုင်ငံ ဖူကိုဒါရှိ ဟာကာတရပ်ကွက်မှာ 17 နှစ်အရွယ်လူငယ်တစ်ယောက်ဟာ ရုပ်ရည်နဲ့ အရွယ်ရှိတဲ့မိန်းမတွေကို Sex လိင်ဖျော်ဖြေရေးလောကထဲ စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားမှုနဲ့ အဖမ်းခံခဲ့ရပါတယ်။

👮‍♀️ဒီလူငယ်က ရုပ်ချောချောအမျိုးသမီးတစ်ယောက်ကို သွားမြူဆွယ်ရာမှာ အဲ့ဒီအမျိုးသမီးက အသွင်ယူရဲဖြစ်နေပါတယ်တဲ့။

အခု Covid ကာလမှာ အမျိုးသမီးတွေအတွက် အလုပ်အကိုင်ရှားပါးလာတာကို အခွင့်ကောင်းယူပြီး အဲ့ဒီကောင်လေးက အမျိုးသမီးတွေကို လိင်ဖျော်ဖြေရေးရုပ်ရှင်ရိုက်ရင် ဝင်ငွေကောင်းတယ်လို့ မြူဆွယ်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ Sex ကုမ္ပဏီတွေက အပျော်တွဲဘားကနေ sex ရုပ်ရှင်အထိမျိုးစုံ အလုပ်ပေးနိုင်တယ်လို့ဆိုပါတယ်။

သူ့နောက်ကွယ်မှာ ကတုံးလိုလူမျိုးတွေရှိနေပြီး သူတို့လို မထင်ရတဲ့ လူငယ်တွေက ရှေ့ထွက်ကာ အဖော်မဲ့နေတဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထား မြူဆွယ်တာဖြစ်ပါတယ်။

ဒီကိစ္စကို အပြစ်တင်ဝေဖန်မှုတွေများလာအပြီးမှာ ဂျပန်အစိုးရက 2008 မှာ public nuisance law ကိုထုတ်ခဲ့ပါတယ်။

အစက ရှီဘူယာ၊ ရှင်ဂျူကူလို လိင်ကိစ္စရတဲ့ နေရာတွေမှာ ဒီဥပဒေကိုထုတ်ခဲ့ပေမယ့် နောက်တော့ အိုဆာကာနဲ့ ဆာပိုရိုတို့မှာပါ ဒါမျိုးတားမြစ်ခဲ့ပါတယ်။

အဲ့ဒီအကျိုးဆက်အနေနဲ့ အခုလို လူဆွယ်တဲ့ ပြဿနာလျော့ကျသွားခဲ့ပါတယ်။

အခုတော့ ခပ်ချောချောရဲမေကို သွားစည်းရုံးမိရာက သူအဖမ်းခံလိုက်ရတာဖြစ်ပါတယ်။

“သူက Covid ကြောင့် အလုပ်လက်မဲ့ဖြစ်နေသူပါတဲ့။”

🇸🇬 စင်ကာပူမှာ အမျိုးသမီးတစ်ယောက်ဟာ Covid circuit breaker ကာလအတွင်း သူငှားနေတဲ့ ကွန်ဒိုအခန်းထဲကို ဖောက်သည်တစ်ယောက်ကို အလာခံပြီး sex မာဆက်လုပ်ပေးမှုနဲ့ ဒဏ်ငွေ 7000 အချခံရပါတယ်။

သူဟာ တရုတ်ပြည်ကနေ စင်ကာပူကို စားပွဲထိုးလုပ်ရန် work permit နဲ့ လာခဲ့ပေမယ့် ကွန်ဒိုမှာ အခန်းငှားကာ ဒီအလုပ်လုပ်ခဲ့တယ်လို့ဆိုပါတယ်။

ကွန်ဒိုခန်းပိုင်ရှင်ကို 10 ရက်တစ်ခါ ဒေါ်လာ 1000 ပေးနေရတော့ Covid လည်းမသိတော့ပဲ ငွေရှာမိတာဖြစ်ပါတယ်။

🇬🇧 ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဟောင်ကောင်က လူသုံးသန်းလောက်ကို ဗြိတိန်က လက်ခံဖို့ အဆင်သင့်ရှိတယ်လို့ တရုတ်ပြည်ကို ပြောဆိုလိုက်ပါတယ်။

အကယ်လို့ တရုတ်ပြည်ဟာ ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေးဥပဒေကို ပြဌာန်းခဲ့ရင် ဒါဟာ 1984 ခုနှစ်က ကုလသမဂ္ဂမှာ သဘောတူညီချက်အတူယူထားခဲ့တာကို ချိုးဖောက်တာပဲလို့ ဆိုလိုက်ပါတယ်။

ထိုင်ဝမ်ဖက်ကို မျက်စောင်းထိုးကာ ခြေလှမ်းပြင်နေတဲ့ တရုတ်ပြည်အတွက်ကတော့ ဟောင်ကောင်ပြဿနာဟာ #ဖိနပ်ထဲခဲဝင်တာဖြစ်ပါတယ်။

🇨🇳 တရုတ်ပြည်မှာ မနေ့က အသစ် 5 ယောက်တွေ့ခဲ့ပါတယ်။ ရောဂါပိုးရှိပြီး ရောဂါလက္ခဏာမပြသူ 3 ယောက်လည်းတွေ့ခဲ့ပါတယ်။

🇭🇰 ဟောင်ကောင်မှာမနေ့က အစိုးရကတားမြစ်နေတဲ့ကြားက 1989 ခုနှစ် Tiananmen ရင်ပြင်ဆန္ဒပြမှု အမှတ်တရ ဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။

ဟောင်ကောင်မှာက လူကြီးတွေသာမက မျိုးဆက်သစ်လူငယ်တွေကပါ အခုဆုတောင်းပွဲမှာ ပါဝင်လာကြပါတယ်။

Tiananmen ရင်ပြင်ဆိုလို့ #ငယ်ငယ်တုန်းကကြားဖူးတာတစ်ခုကို သွားသတိရပါတယ်။

ကျနော်တို့ ပုသိမ်မှာ ဘုရားလူကြီး ဘုံရုံလူကြီးလုပ်တဲ့ စေတနာ့ဝန်ထမ်းဦးလေးကြီးတစ်ယောက်ရှိပါတယ်။

အဲ့ဒီတရုတ်ဦးလေးကြီးဟာ တိုက်ပုံကြီးဝတ်ပြီး ရင်ဘတ်မှာ ဘုရားတံဆိပ်မျိုးစုံချိတ်ကာ ငွေဖလားကြီးကိုင်ကာ အလှုခံထွက်လေ့ရှိပါတယ်။

သူ့ရင်ပတ်မှာ ဂေါပကတံဆိပ်မျိုးစုံ၊ ကျိုက်ထီးရိုးဘုရား၊ ဘာဘုရားညာဘုရားစသည်ဖြင့် ရွှေရောင်အဝိုင်းရော၊ ဟိုတုန်းက သံရင်ထိုးဝိုင်းတွေရော အစုံပါပါတယ်။

သူကဘုရားအလုပ်ကို တကယ်စေတနာထက်သန်စွာလုပ်သလို အဲ့ဒီတံဆိပ်တွေကိုလည်း ဂုဏ်ယူစွာချိတ်တတ်ပါတယ်။

1990 လောက်မှာ သူတရုတ်ပြည်သွားလည်တော့ Tiananmen ရင်ပြင်မှာ အင်္ကျီပေါ်မှာ အဲ့ဒီတံဆိပ်တွေ တကားကားနဲ့ ဓာတ်ပုံအရိုက်ခံနေတုန်း တရုတ်သတင်းထောက်တွေ ဝိုင်းလာတယ်လို့ဆိုပါတယ်။

အဲ့ဒီတုန်းက မြန်မာပြည်ကနေတရုတ်ပြည်ကို သွားလည်သူ ရှားပါသေးတယ်။ မြန်မာစစ်ခေါင်းဆောင်တွေလည်း သွားလည်မှု ရှားသေးတာမို့ တရုတ်သတင်းထောက်တွေက သိပ်မမြင်ဖူးကြပါ။

🏅🥇🥈🥉🏅 ရင်ဘတ်ကတံဆိပ်မျိုးစုံကိုကြည့်ပြီး မြန်မာပြည်ကဗိုလ်ချုပ်ကြီးလို့ထင်ကာ ဗိုလ်ချုပ်ကြီးဘယ်တုန်းက တရုတ်ပြည်ကို လာလည်ပါသလဲလို့ အင်တာဗျူးလုပ်တာနဲ့ ရှက်ရှက်နဲ့ Tiananmen ရင်ပြင်ကအမြန်ထွက်ပြေးလာခဲ့ပါသတဲ့။

———————————-
🌍 ယနေ့ တကမ္ဘာလုံး ရောဂါပိုးတွေ့သူ 6826932 ယောက်၊ သေသူ 397429 ယောက်။ ပြန်ကောင်းသူ 3312916 ယောက်။

👉 အခုထိစစ်တမ်းအရ လူ ၁၀၀ ဖြစ်ရင် 2% က အသည်းအသန်ဖြစ်ပါတယ်။ 16% မှ ကျလာတာပါ။

👉 ပိတ်လိုက်တဲ့ case 3710345 မှာ 3312916 ပြန်ကောင်းပြီး 397429 ယောက်သေဆုံးခဲ့တာကြောင့် သေနှုန်းက 🔻11% ဖြစ်ပါတယ်။
——————————
🇺🇸 အမေရိကန်မှာ ရောဂါတွေ့သူ စုစုပေါင်း 1.95 သန်းရှိသွားပါပြီ။ မနေ့က 29368 ယောက်အသစ်တိုးပါတယ်။ ဆန္ဒပြမှုနဲ့ ပိုဆိုးနိုင်ပါတယ်။

🇧🇷 ဘရာဇီးက တွေ့သူ 645826 ယောက်ရှိသွားပါပြီ။ မနေ့က 29956 ယောက်အသစ်တိုးပါတယ်။

🇮🇳 အိန္ဒိယက တွေ့သူ 236184 ယောက်ရှိသွားပါပြီ။ မနေ့က 9471 ယောက်အသစ်တိုးပါတယ်။ ပိုလို့တိုးလာနေပါတယ်။

Richard Myo Thant
6-June-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •