June 7 ရက် COVIDကာလ နိုင်ငံတကာ သတင်းစုံ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

June 7 ရက် COVIDကာလ သတင်းစုံ
~~~~~~~~~~~~~~~~~~~~~
🇲🇲 #မြန်မာနိုင်ငံမှာ ယနေ့အထိ COVID-19 တွေ့သူ ( 240 ) ယောက်ရှိပြီး သေဆုံးသူ 6 ယောက် ရှိပါပြီ။ ကုသမှုခံယူပြီးပိုးကင်းစင်သွားသူ ( 156 ) ယောက်ရှိသွားပါပြီ။

🌎 ကမ္ဘာမှာ ပိုးတွေ့သူ 6.96 သန်း ရှိသွားပါပြီ။ #နက်ဖြန်မှာ 7 သန်းပြည့်မှာ ဖြစ်ပါတယ်။
——————————
☕🍔 အချိန်ရသလောက် သတင်းအတိုအထွာအချို့ကို “5 မိနစ်သတင်းကဏ္ဍ” အနေနဲ့ တင်ဆက်ပေးပါမယ်။

🇺🇸 အမေရိကန်မှာ ဆန္ဒပြမှုဟာ 1 ပတ်နဲ့ 5 ရက်ရှိပြီဖြစ်ပါတယ်။ မနေ့ညက လူထောင်ပေါင်းများစွာဟာ သမ္မတအိမ်ဖြူတော်ကို ချီတက်ဆန္ဒပြခဲ့ပါတယ်။

🌎 ကမ္ဘာတစ်ဝှမ်းမှာလည်း ဒီကကူးစက်လာတဲ့ ဆန္ဒပြမှုကလည်း နိုင်ငံစုံမှာ ဖြစ်နေပါတယ်။

မနေ့က Buffalo Police Department က ရဲပေါင်း 57 ယောက်ဟာ နုတ်ထွက်လွှာတင်ခဲ့ပါတယ်။

သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် ရဲနှစ်ယောက်ကို တာဝန်ကအနားပေးမှုနဲ့ပတ်သက်ပြီး မကျေနပ်လို့ ဖြစ်ပါတယ်။

ဖြစ်ပုံက အသက် 75 နှစ်အရွယ် လမ်းလျှောက်တုတ်နဲ့အဖိုးအိုက ရဲတွေဆီချဉ်းကပ်လာရာမှာ ရဲတစ်ယောက်ကတွန်းလိုက်လို့ ခေါင်းထိသွားပြီးဆေးရုံရောက်သွားရာက ပြဿနာစခဲ့တာပါ။

အဲဒီမှာ “ဖယ်ကြ” “သူတို့ကို နောက်ကိုပြန်တွန်းလိုက်” လို့ အော်ခဲ့တဲ့ရဲနှစ်ယောက်ကို တာဝန်ကရပ်ဆိုင်းခဲ့ပါတယ်။

ရဲတွေဘက်ကတော့ အနားကပ်လာရင် လူဆိုးလူကောင်းမသိနိုင်လို့ တွန်းဖယ်ခဲ့တယ်။ ရဲအလုပ် ရဲလုပ်ခဲ့တာလို့ဆိုပါတယ်။

#အခြေအနေတွေကအားလုံးရှုပ်ခတ်နေပြီးလူဆိုးလူကောင်းခွဲခြားရခက်ခဲနေပါတယ်။

♦️ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့အထဲမှာ ဆန္ဒပြတဲ့သူက ဘက်စကတ်ဘောလုံးယူလာရင်း ရဲနဲ့ ဘက်စကတ်ဘောဆော့ခဲ့တာမျိုးလည်းရှိပါတယ်။

💖 နှစ်နှစ်သားလောက် လူမည်းကလေးက ဦးဦးရဲကြီးကပစ်မှာလားဟင်လို့မေးလို့ ရဲကဖက်ပြီး ကြင်နာစွာနဲ့ မပစ်ပါဘူးကလေးရဲ့။ ဖျက်ဆီးတာတွေမလုပ်ရဘူးနော်လို့ ပြောခဲ့တာမျိုးလည်း ရှိပါတယ်။

👉 တရုတ်ပြည်က မီဒီယာတွေကတော့ အမေရိကန်သမ္မတထရမ့် ဟောင်ကောင် ရဲတွေကို ဝေဖန်ခဲ့သမျှ ပြန်ဝဋ်လည်နေပြီလို့ လှောင်ခဲ့ကြပါတယ်။

🇳🇱 နယ်သာလန်နိုင်ငံမှာ သားမွေးထုတ်ဖို့ မွေးမြူထားတဲ့ မြွေပါခြံမှာ Covid-19 တွေ့ခဲ့လို့ မြွေပါတွေကို သုတ်သင်မယ်လို့ ဆိုပါတယ်။

မွေးမြူရေးခြံလုပ်သားတွေကနေ မြွေပါတွေဆီကူးစက်ခဲ့တာဖြစ်ပုံရပြီး ဆက်မကူးအောင် သုတ်သင်မှာဖြစ်ပါတယ်။

🇮🇩 အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသမှာ သမီးရည်းစား စုံတွဲတစ်တွဲကို မင်္ဂလာမဆောင်ခင် လိင်ဆက်ဆံခဲ့မှုနဲ့ လူရှေ့မှာ တစ်ယောက်ကို ကြိမ်ဒဏ်အချက် 100 စီပေးခဲ့ပါတယ်။

ဗလီရဲ့ရှေ့မှာ လုပ်တဲ့ ပြစ်ဒဏ်ပေးပွဲမှာ အဲ့ဒီစုံတွဲကို အပူချိန်တိုင်းကာ၊ 😷 mask ဝတ်ပေးပြီးမှ ကြိမ်ဒဏ်ပေးခဲ့တာ ဖြစ်ပါတယ်။

♦️ ယောက်ျားလေးကို ကြိမ်ဒဏ်ပေးစဉ်မှာ ကြိမ်ဒဏ်မခံနိုင်တော့တဲ့အတွက် ခေတ္တရပ်ပေးခဲ့ရပါတယ်။

အာချေးဒေသမှာ အရက်သောက်ခြင်း၊ လောင်းကစားခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်းနဲ့ gay sex လည်း အခုလို လူရှေ့မှာ ကြိမ်ဒဏ်ပေးပါတယ်။

♦️ မနှစ်က ကုန်စုံဆိုင်ထဲမှာ ပွေ့ဖက်မိတဲ့ စုံတွဲကို ကြိမ်ဒဏ် 17 ချက်စီပေးခဲ့ပါတယ်။

♦️ 2018 ခုနှစ်ကလည်း အသက် 61 နှစ်ရှိ Dahlan Silitonga နဲ့ အသက် 45 နှစ်ရှိ Tjia Nyuk Hwa ဆိုတဲ့ ခရစ်ယန်နှစ်ယောက်ဟာ ကလေးကစားကွင်းမှာ #ကလေးတွေအကြွေထည့်ဆော့တဲ့ဂိမ်းကိုဆော့မိလို့ ဗလီရှေ့မှာ အခုလိုပဲ လူရှေ့မှာကြိမ်ဒဏ်အပေးခံခဲ့ရပါတယ်။

👉 ရာနဲ့ချီတဲ့ လူအုပ်က လှောင်ပြောင်ပြီး ဖုံးနဲ့ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။

2018 တုန်းကပဲ လူခြောက်ယောက်ကို အင်တာနက်ဆိုင်မှာ #အွန်လိုင်းဂိမ်းဆော့လို့ ကြိမ်ဒဏ် 7 ချက်ကနေ 11 ချက်အထိ ပြစ်ဒဏ်ပေးခံခဲ့ရပါတယ်။

🇵🇰 ပါကစ္စတန်နိုင်ငံမှာ လူတစ်ယောက်ဟာ #သူ့မိန်းမနှစ်ယောက်အပါအဝင် မိသားစုဝင် 5 ယောက်ကို သတ်ခဲ့ပါတယ်။

သူ့မိန်းမနှစ်ယောက်ရယ်၊ သားတစ်ယောက်ရယ်၊ သမီးရယ်၊ ချွေးမရယ်ကို မိသားစုထဲ စကားများရာက သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

သူဟာပစ်သတ်ပြီးနောက် အိမ်ခြံဝင်းထဲမှာ မြေကျင်းတွေတူးနေခဲ့ကာ ပတ်ဝန်းကျင်ကလူတွေကို မလာဖို့ သတိပေးခဲ့တယ်လို့ ဆိုပါတယ်။

ရဲက ဖမ်းဆီးဖို့ကြိုးစားရာမှာ သူက အခြားမိသားစုဝင် 4 ယောက်ကို ဓားစာခံထားကာ ပြန်ပစ်ခဲ့လို့ သူ့ကို ရဲကအသေပစ်သတ်လိုက်ပါတယ်။

ရဲနှစ်ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ သူဓားစာခံလုပ်ခဲ့သူတွေကတော့ သူ့သားတစ်ယောက်၊ သူ့သမီးနှစ်ယောက်နဲ့ မြေးတစ်ယောက်ပါ။

သူဟာ နဂိုကတည်းက စိတ်ဖောက်နေသူဖြစ်ပြီး စကားများတဲ့အချိန်မှာ သေနတ်ထုတ်ပစ်ခဲ့တယ်လို့ဆိုပါတယ်။

#အရူးတွေလက်ထဲသေနတ်ရောက်သွားရင်တော်တော့်ကိုဒုက္ခပေးတတ်ပါတယ်။ အရူးကိုသေနတ်ပေးကိုင်လို့မရပါ။

အရေးကြီးတဲ့ သတင်းတစ်ပုဒ်က….

🇧🇩 ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းရှိ Covid positive ဖြစ်သူနှစ်ဦးဟာ #စခန်းကနေထွက်ပြေးသွားပါတယ်။

အခုလို ရိုဟင်ဂျာလို့ သူတို့ကိုယ်သူတို့ခေါ်တဲ့ လူတွေအဓိကထားတဲ့ စခန်းကြီးက ထွက်ပြေးသွားတာမို့ #မြန်မာပြည်ဘက်ခိုးဝင်လာမှာကို စိုးရိမ်ရပါတယ်။

🔥 အဲ့ဒီလိုခိုးဝင်လာခဲ့ရင် ဘူးသီးတောင်မောင်းတောမှာ ရောဂါပြန့်ကာ ထိန်းမနိုင်ဖြစ်သွားနိုင်ပါတယ်။

အခုအခါမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်ကို အဝင်အထွက်မရှိအောင် #ပိတ်ထားဖို့အလွန်အရေးကြီးကြောင်း အရင်ကလည်းခဏခဏရေးဖူးပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းက ဒုက္ခသည်စခန်းက လူတွေဟာ Covid Test စစ်ရမှာကို စိုးရိမ်နေကြပါတယ်။

Covid positive ဖြစ်ခဲ့ရင် ဘင်္ဂလားဒေ့ရှ်အစိုးရစီစဉ်ထားတဲ့ ကျွန်းမှာသွားနေရမယ်လို့ ထင်နေလို့ဖြစ်ပါတယ်။

🔥 အဲ့ဒီဒုက္ခသည်စခန်းမှာ အခုထိ 29 ယောက် positive တွေ့ထားပြီး 16000 ကို quarantine လုပ်ထားပါတယ်။ လောလောဆယ် အဲ့ဒီစခန်း ထဲက Covid နဲ့ တစ်ယောက် သေဆုံးထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တွေ့သူ 63026 ယောက်ရှိသွားပါပြီ။ သေဆုံးသူ 846 ယောက်ရှိပါပြီ။

🔥🔥 မနေ့က 2635 ယောက်အသစ်တိုးပါတယ်။ အသစ်တွေ့နှုန်းကနောက်ရက်တွေမှာ 3000 ကျော်လာနိုင်ပါတယ်။

🇨🇳 တရုတ်ပြည်မှာ မနေ့က အသစ် 3 ယောက်တွေ့ခဲ့ပါတယ်။ ရောဂါပိုးရှိပြီး ရောဂါလက္ခဏာမပြသူ 2 ယောက်လည်းတွေ့ခဲ့ပါတယ်။

ထူးခြားတဲ့နိုင်ငံရေးဖြစ်စဉ်တစ်ခုအနေနဲ့…

🇹🇼 ထိုင်ဝမ်နိုင်ငံတောင်ဘက် ကောင်းရှုံးမြို့ရဲ့ မြို့တော်ဝန် Han Kuo Yu ကို ပြည်သူတွေက ရွေးကောက်ပွဲပြန်ကျင်းပပြီး ဖြုတ်ချလိုက်ပါတယ်။ ဒါဟာ ထိုင်ဝမ်သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရွေးကောက်ခံထားရတဲ့ မြို့တော်ဝန်ကို ပြန်ဖြုတ်ချခြင်း ဖြစ်ပါတယ်။

သူဟာမကြာသေးခင်ကမှ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတအမျိုးသမီးနဲ့ ယှဉ်ပြိုင်ပြီးဝင်အရွေးခံရာမှာ ရှုံးနိမ့်ခဲ့သူဖြစ်ပါတယ်။

Han Kuo Yu ဟာ ဒီနှစ်ဆန်းကမှ ကောင်းရှုံးမြို့တော်အဖြစ်အရွေးခံထားရတာဖြစ်ပြီး Covid ကာလမှာ မြို့ရဲ့ Covid ကိစ္စဖိလုပ်ရမယ့်အစား သမ္မတရွေးကောက်ပွဲကို အာရုံစိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အခုအခြေအနေဟာ ဘာကိုပြသလဲဆိုရင် ထိုင်ဝမ်မှာ ပြည်သူတွေက #တရုတ်ပြည်အပေါ်မနှစ်သက်ကြောင်း ပြတာပါပဲ။

👉 တရုတ်ပြည်အနေနဲ့ ဟောင်ကောင်ကို နှစ်နိုင်ငံဝါဒနှစ်ခုနဲ့ အုပ်ချုပ်မယ်ဆိုပြီး ပေးခဲ့တဲ့ ကတိတွေကို လျော့ရိလျော့ရဲလုပ်ကာ အမျိုးသားလုံခြုံရေးဥပဒေလိုမျိုးပြဌာန်းကာ ဖိနှိပ်ခြင်းဟာ ထိုင်ဝမ်သားတွေအတွက် တရုတ်ပြည်မကြီးကို #ပိုလို့တောင်မယုံကြည်မှုဖြစ်စေပါတယ်။

🇿🇦 တောင်အာဖရိကနိုင်ငံမှာ 🦏 ကြံ့တွေကိုချိုလိုက်ဖြတ်ပစ်နေရပါတယ်။ Covid-19 ကာလမှာ ကမ္ဘာလှည့်ခရီးသည်တွေ အလည်အပတ်နည်းခဲ့ပြီးနောက် တောရိုင်းတိရိစ္ဆာန်ဥယာဉ်တွေထဲမှာ ကြံ့တွေကို ချိုလိုချင်လို့ ခိုးသတ်တာ ပိုများလာလို့ ဖြစ်ပါတယ်။

♦️ ကြံ့ချိုဟာ 1 ကီလိုဂရမ်ကို မြန်မာငွေ သိန်း 840 လောက်ပေါက်စျေးရှိတာမို့ ရွှေထက်များစွာတန်ကြေးရှိပါတယ်။

ဗဟုသုတအနေနဲ့ ကျနော်သိသလောက်ပြောရရင် ကြံ့ချိုဟာ ချိုမဟုတ်ပဲ ကြံ့နှာခေါင်းထိပ်မှာ စုစည်းကျစ်လစ်နေတဲ့ အမွေးစုဖြစ်ပြီး ပြန်ပေါက်ပါတယ်တဲ့။

🇸🇬 စင်ကာပူအစိုးရဟာ လူတိုင်းဆွဲထားလို့ရတဲ့ Covid-19 ထိတွေ့မှုရှိမှုကို ခြေရာခံတဲ့ ပစ္စည်းကို လူတိုင်းကို ဝေပေးမယ်လို့ဆိုပါတယ်။

အခုပစ္စည်းလေးကို ဆွဲထားခြင်းဖြင့် ဖုံးသုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ တစ်ယောက်ယောက်မှာ ရောဂါပိုးတွေ့တာနဲ့ သူနဲ့ထိတွေ့ခဲ့သမျှကို ချက်ချင်းခြေရာခံ လိုက်နိုင်မှာ ဖြစ်ပါတယ်။

🇸🇬 စင်ကာပူမှာ အသက် 75 နှစ်ရှိ အရင်နိုင်ငံ့ပြေးခုန်ပစ်လက်ရွေးစင် ကစားသမား Loh Chan Pew ကို အသက် 18 နှစ်အရွယ် မိန်းကလေးကို လက်သရမ်းမှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

ကလေးမလေးဟာ နိုင်ငံ့လက်ရွေးစင်အဖြစ် အရွေးခံထားရပြီး Loh Chan Pew က တစ်ယောက်ချင်း အနီးကပ်သင်ပေးနေတာဖြစ်ပါတယ်။

​ကလေးမလေးကို Tampines Stadium က အားကစားပစ္စည်းစတိုခန်းထဲခေါ်ပြီး ကြွက်သားတွေမနာကျင်အောင်လုပ်ပေးမယ်ဆိုပြီး လက်သရမ်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီကတည်းက ကောင်မလေးကရှောင်ခဲ့ပေမယ့် နောက်တစ်ကြိမ်ထပ်လုပ်ခဲ့ရာမှာ ကောင်မလေးက သူ့အဖေကို အိမ်မှာပြန်ပြောခဲ့ပါတယ်။

♦️ ကောင်မလေးရဲ့အဖေက Loh Chan Pew ကို နိုင်ငံ့လက်ရွေးစင်ဟောင်းအဖြစ်လေးစားသူမို့ ပေါင်ကြားလာကိုင်တယ်ဆိုတာ မတော်တဆဖြစ်မယ်ဆိုပြီး သမီးကိုတောင်ပြန်ဆူလိုက်ပါသေးတယ်။

👉 အဲ့ဒါနဲ့သူ့သမီးက ချက်ချင်း ပြန်ပြောလိုက်တဲ့ စကားတစ်ခွန်းမှာ အဖေဖြစ်သူ မျက်လုံးပြူးသွားပြီး သမီးခေါ်ကာ ချက်ချင်းရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တာဖြစ်ပါတယ်။

တရားရုံမှာ ကလေးမလေးက ဖြစ်သမျှကို အသေးစိတ်ရှင်းပြခဲ့သလို သူဟာ သူ့ရဲ့ဘအမျိုးသမီးအားကစားဆရာမနဲ့ နောက်သူ့ရဲ့ အတန်းကြီးတစ်ယောက်ကို ဖုန်းနဲ့ မက်ဆေ့ပို့ပြီး အကြောင်းကြားခဲ့တာကို တွေ့ရှိခဲ့ပါတယ်။

ဘယ်သူကမှ ဒီကိစ္စကို အရေးတယူမလုပ်ခဲ့ပါ။ ဒါကြောင့်နောက်ဆုံးမှာ သူ့အဖေကို ဖွင့်ပြောခဲ့တာဖြစ်ပါတယ်။

♦️ Loh Chan Pew ကို လာမယ့် June လ 26 ရက်နေ့မှာ အပြစ်ဒဏ်ချပါလိမ့်မယ်။

———————————-
🌍 ယနေ့ တကမ္ဘာလုံး ရောဂါပိုးတွေ့သူ 6966495 ယောက်၊ သေသူ 401607 ယောက်။ ပြန်ကောင်းသူ 3406217 ယောက်။

👉 အခုထိစစ်တမ်းအရ လူ 100 ဖြစ်ရင် 2% က အသည်းအသန်ဖြစ်ပါတယ်။ 16% မှ ကျလာတာပါ။

👉 ပိတ်လိုက်တဲ့ case 3807824 မှာ 3406217 ပြန်ကောင်းပြီး 401607 ယောက်သေဆုံးခဲ့တာကြောင့် သေနှုန်းက 🔻11% ဖြစ်ပါတယ်။
——————————
🇺🇸 အမေရိကန်မှာ ရောဂါတွေ့သူ စုစုပေါင်း 1.98 သန်းရှိသွားပါပြီ။ မနေ့က 22836 ယောက်အသစ်တိုးပါတယ်။ ဆန္ဒပြမှုနဲ့ ပိုဆိုးနိုင်ပါတယ်။

🇧🇷 ဘရာဇီးက တွေ့သူ 673587 ယောက်ရှိသွားပါပြီ။ မနေ့က 27581 ယောက်အသစ်တိုးပါတယ်။

🇮🇳 အိန္ဒိယက တွေ့သူ 246622 ယောက်ရှိသွားပါပြီ။ မနေ့က 10438 ယောက်အသစ်တိုးပါတယ်။ ပိုလို့တိုးလာနေပါတယ်။

Richard Myo Thant
7-June-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •