NLD ပါတီ၏ ဒီမိုကရေစီဖယ်ဒရယ် တည်ဆောက်ရေး ကမ်းလှမ်းစာ ANP ပါတီ ကြိုဆို

Spread the love
  •  
  •  
  •  
  •  
  •  
  •  

NLD ပါတီ၏ ဒီမိုကရေစီဖယ်ဒရယ် တည်ဆောက်ရေး ကမ်းလှမ်းစာ ANP ပါတီ ကြိုဆို

နေပြည်တော်၊ နိုဝင်ဘာ ၂၅

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ နိုဝင်ဘာ ၂ ရက်နေ့က တိုင်းရင်းသားပါတီများသို့ ပေးပို့ခဲ့သော “နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှု့ရမည့် ပြည်ထောင်စု အရေးကိစ္စ” ဟူသော စာနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ (ANP) က ကြိုဆိုကြောင်းနှင့် ယင်းကမ်းလှမ်းချက် အပေါ် ပါတီတွင်း ဆွေးနွေးမှုများ ပြုသွားမည် ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ANP ဗဟိုအလုပ်မှုဆောင် ဦးထွန်းအောင်ကျော်က Western News မီဒီယာ သို့ ပြောကြားထားသည်။

“ပါတီတစ်ခုနဲ့တစ်ခု တိုင်းပြည်ကောင်းကျိုး အတွက် ပူးပေါင်းလုပ်တယ် ဆိုတဲ့နေရာမှာ ကျွန်တော်တို့ အနေနဲ့ ဒီကမ်းလှမ်းစာ တစ်စောင်နဲ့ လတ်တလောကြီး ဆုံးဖြတ်လို့ မရဘူး။ ဖယ်ဒရေ ပြည်ထောင်စု တည်ဆောက်ဖို့ ဘယ်လို ပုံစုံနဲ့ သွားမှာလဲ၊ ဘယ်လို အတိုင်းအတာတွေနဲ့ တိုင်းရင်းသားပါတီတွေ အပေါ်မှာ သဘောထားမှာလည်း ဆိုတာတွေလည်း ရှိသေးတယ်။ ဘယ် မူတွေနဲ့ လုပ်မလဲ ဆိုတာကိုလည်း ကြည့်ရဦးမယ်။ ခုပဲ ဒီမိုကရေစီ ဖယ်ဒရယ်လို့ ပြောနေပြီး၊ ကျွန်တော်တို့က ဖယ်ဒရယ်ဒီမိုကရေစီကို သွားမယ်ဆိုရင် ဘယ်လို လုပ်မလဲ၊ ဒါတွေလည်း ကြည့်ရဦးမယ်။ သို့သော်လည်း ဒီလို ကမ်းလှမ်းတာကိုတော့ ကျွန်တော်တို့က အများကြီး ကြိုဆိုပါတယ်။ ဒါက တိုင်းပြည်ကောင်းကျိုး အတွက် ဆိုတာ လက်ခံနိုင်စရာ ဖြစ်တယ်။ လောလောဆယ်တော့ အဲဒါကို ဗဟိုအလုပ်အမှုဆောင်ကို တင်ပြပြီးမှ ဗဟိုအလုပ်အမှုဆောင်က ဆုံးဖြတ်ချက် ချပြီးမှ ကျွန်တော်တို့ ပါတီရဲ့ သဘောထားကို ပြောနိုင်မှာဖြစ်တယ်” ဟု ဉီးထွန်းအောင်ကျော် က ပြောဆိုသည်။

NLD ပါတီအနေဖြင့် နောင်အနာဂတ်၌ ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး အတွက် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် NLD ပါတီ၏ ရည်မှန်းချက်များနှင့် တူညီသည့်အတွက် နောင်အနာဂတ်၌ တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒကို အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားပါတီများ အနေဖြင့် NLD ပါတီက ဖော်ဆောင်မည့် ဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စု အရေးတွင် တက်တက်ကြွကြွ ပူးပေါင်း ပါဝင်ကြလိမ့်မည်ဟု မျော်လင့်ကြောင်း တိုင်းရင်းသား ပါတီများထံသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စာပေးပို့ထားခဲ့သည်။

Photo – Western News

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •