NLD သေချာပေါက် အနိုင်ရမည်၊ ကိုဗစ် အကြောင်းပြု၍ ကရိုနီ အရင်းရှင် စနစ်ကို အမြစ်ဖြတ်ရန်လို ဟု ဦးသန့်မြင့်ဦး ပြော

Spread the love
  •  
  •  
  •  
  •  
  •  
  •  

NLD သေချာပေါက် အနိုင်ရမည်၊ ကိုဗစ် အကြောင်းပြု၍ ကရိုနီ အရင်းရှင် စနစ်ကို အမြစ်ဖြတ်ရန်လို ဟု ဦးသန့်မြင့်ဦး ပြော
**************************************

အစိုးရ အနေဖြင့် ကိုဗစ်-၁၉ ကြောင့် ကျဆင်းလာနေသော စီးပွားရေး ဒဏ်ကို အလူးအလဲ ခံနေကြရသည့် ဆင်းရဲသော အိမ်ထောင်စုများကို ငွေကြေး အထောက် အပံ့ အရေးတကြီး ပေးရန် လိုအပ်နေပြီ ဖြစ်သည်။

ကပ်ရောဂါဆိုးကြီး နှင့် ဆက်စပ် ဖြစ်ပေါ်လာသည့် အကျပ်အတည်းကြီး ကို အခွင့်အရေး တခု အဖြစ် အသုံးချ၍ နှစ်ပေါင်း သုံးဆယ် လုံးလုံး အမြစ်တွယ်လာသည့် ကရိုနီ အရင်းရှင် စနစ်ကို ပို၍ မျှတမှု ရှိပြီး စွမ်းအင်သစ်များ အသုံးချနိုင်မည့် စက်မှု ဖွံ့ဖြိုးသော အနာဂတ် အဖြစ် အသွင်းပြောင်းသင့်ပေပြီ။ ထိုသို့ အသွင်ပြောင်းနိုင်ရေး အတွက် အဓိက သော့ချက်သည် ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီ အလားအလာ များ ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်သွားနိုင်ရေးပင် ဖြစ်သည်။ သို့မဟုတ်က မျိုးဆက်ပေါင်းများစွာ အစဉ်အဆက် အမြစ်တွယ်နေသည့် လူမျိုးစု အမျိုးသားရေး ဝါဒ ဆိုသည့် လမ်းကြောင်းကြီးအတိုင်း ဆက်လက် လျှောက်လှမ်းကြရဦးမည် ဖြစ်သည်။

မတ်လ မှ စတင်ပြီး အစိုးရသည် နိုင်ငံသားများ အား ကိုဗစ်-၁၉ ရန်မှ အကာအကွယ် ပေးနိုင်ရန် အသဲအသန် ကြိုးစားနေခဲ့သည်မှာ အထင်အရှား ဖြစ်သည်။ ရန်ကုန်တွင် ရောဂါ ဖြစ်ပွားနှုန်း အများဆုံး မြင့်တက်ခဲ့ သော်ငြားလည်း တနိုင်ငံလုံး အတိုင်းအတာ နှင့် ခြုံကြည့်လျှင် အောက်တိုဘာ ၁၄ ရက်နေ့အထိ အတည်ပြုလူနာ ၃၀,၀၀၀ နှင့် သေဆုံးသူ ၇၀၀ ခန့်သာ ရှိသေး၍ ဗိုင်းရပ်စ် ကူးစက်နှုန်းသည် လူဦးရေ ၅၅ သန်း ရှိသော တိုင်းပြည်အတွက် အနည်းငယ်မျှသာ ရှိသည်ဟု ပြော၍ရပေသည်။

သို့သော် စီးပွားရေး ဖက်တွင်တော့ ကဗြောင်းကဗြန် ဖြစ်လာခဲ့ရသည်။ အဓိက ဖြစ်သော တရုတ်နှင့် ကုန်သွယ်ရေး ထိခိုက်လာရပြီး ကမ္ဘာလှည့် ခရီးသွား၊ အထည်အလိပ် ပြည်ပတင်ပို့မှု နှင့် ပြည်ပမှ ရွှေ့ပြောင်း အလုပ်သမားများ၏ ငွေလွှဲနိုင်မှု များ တွင် ပြိုလဲကုန်၍ အိမ်ထောင်စုများ၏ ဝင်ငွေသည် ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ရသည်။

ပထမ အချီ လော့ဒေါင်းတွင် နေ့စဉ် လုပ်ခနှုန်းထားကိုသာ လုံးဝဥဿုံအမှီသဟဲ ပြုနေရသည့် စီးပွားရေး ကဏ္ဍ၏ ပြင်ပမှ လက်လုပ်လက်စား အလုပ်သမားများ သန်း ချီပြီး အလုပ်လက်မဲ့ ဖြစ်သွားကြရသည်။ ယခု ဒုတိယ အချီ လော့ဒေါင်းတွင် အထူးသဖြင့် ရန်ကုန်၌ မိသားစုများစွာမှာ စားဝတ်နေရေး အတွက် အခက်အခဲ များစွာ နှင့် ရင်ဆိုင်ခဲ့ကြရသည်။

မေလ အတွင်း လွှတ်တော်တွင် ဝန်ကြီးများက ဂျီဒီပီ၏ ၅ % ဖြစ်သော ဒေါ်လာ ၃.၅ ဘီလီယံ အပြင် နောက်ထပ် လည်း ထုတ်နှုတ်သုံးစွဲ၍ ရနိုင်ဖွယ် ရှိသည်ဟု တင်ပြခဲ့ကြသည်။ ထိုအချိန်မှစ၍ အစိုးရ ဘတ်ဂျက်၏ အခြား အစိတ်အပိုင်းများမှ ဒေါ်လာ တစ် ဘီလီယံ ကျော်ကို ရရှိလာခဲ့သည့်အပြင် နိုင်ငံတကာ အဖွဲ့အစည်းများမှ နောက်ထပ် ဒေါ်လာ တစ် ဘီလီယံ နည်းပါးလည်း အကူအညီများ ရလာခဲ့သည်။

အစိုးရ၏ ဘတ်ဂျက် လိုငွေပြမှုသည် အနိမ့်ဆုံး အဆင့်တွင်သာ ရှိနေသည့် အပြင် ပြည်တွင်း ပြည်ပ ကြွေးမြီသည်လည်း အလားတူ လျော့နည်းနေဆဲပင် ဖြစ်သည်။

သို့သော် ဧပြီလ မှ စ၍ ဆင်းရဲသော အိမ်ထောင်စုများသည် အစိုးရ၏ ထောက်ပံ့မှုကို တကြိမ်လျှင် ၁၅ ဒေါ်လာခန့် နှင့် နှစ်ကြိမ် အပြင် အစားအသောက် ဖြန့်ဝေပေးမှု တကြိမ်သာ ရရှိခဲ့သေးသည်။ အချို့ အသေးစား စီးပွားရေး လုပ်ငန်းများသည် အစိုးရ ချေးငွေများကို ပမာဏ အားဖြင့် ဒေါ်လာ သန်း ၁၅၀ ခန့် ရရှိခဲ့ကြသည်။

အစိုးရ အတွက်လည်း ငွေအမြောက်အမြားကို ပုံအောသုံး၍ မလွယ်သည့် အနေအထားတွင် ရှိနေသည်။ အကူအညီ လိုအပ်နေသူများအား ဖြန့်ဝေ ပေးနိုင်မည့် လုပ်ငန်း အစီအစဉ်များ အားနည်းနေဆဲ ဖြစ်၍ မရသင့် မရထိုက်သူများ လက်ထဲ ရောက်သွားမည်ကို စိုးရိမ်နေကြသည်မှာလည်း သဘာဝကျပေသည်။

အဓိက ဟန့်တားနေသော အရာမှာ အတွေး အခေါ် အယူအဆ ပိုင်းနှင့် ဆိုင်နေသည်။ ဤသည်များက ဈေးကွက်နှင့် စပ်လျှင်းပြီး လစ်ဘရယ် အသားပေး လုပ်ထုံးလုပ်နည်းများ၊ (လွတ်လပ်သော ဈေးကွက် ဖြစ်ပေါ်ရေး၊ ကြိုးနီ စနစ် လျော့ချရေး၊ အစိုးရ အသုံးစရိတ် လျော့ချပြစ်ရေး ကို ဆိုလိုသည်) အစိုးရ ဘတ်ဂျက် မျှခြေတွင် ရှိရေး ၊ လူမှု အသုံးစရိတ် အနည်းဆုံး ဖြစ်ရေး နှင့် ဆင်းရဲနွမ်းပါးသူများအား ပုဂ္ဂလိက အဖွဲ့အစည်းများ မှ ဝင်ရောက်ကူညီရန် ဆန္ဒရှိနေခြင်း တို့ပင် ဖြစ်သည်။ ရေရှည် ကျင့်သုံးသွားရမည့် လူမှု ဖူလုံရေး စနစ် တခု အုတ်မြစ်ချရမည့် အစား စီးပွားရေး ကို ယခင်အတိုင်း ပုံမှန် ပြန်လည် လည်ပတ်နိုင်ရေး ကိုသာ အားသန်နေသည်ကို ပြဆိုနေပေသည်။

မြန်မာသည် ဖွံ့ဖြိုးမှု အပိုင်းတွင် ကာလကြာမြင့်စွာကပင် အခြားနိုင်ငံများထက် နိမ့်ကျနေဆဲ ဖြစ်သဖြင့် စီးပွားရေး လုပ်ငန်းများ ယခင်အတိုင်း လည်ပတ်နိုင်ရေး ကို နောက်ဆုံးမှသာ ထားသင့်သည်။ ကိုလိုနီခေတ် စီးပွားရေးသည် အခြေခံ လူသုံးကုန်များ ပြည်ပတင်ပို့ နိုင်ရေးကို လုံးဝဥဿုံအမှီသဟဲ ပြုထားပြီး ဈေးပေါသော အိန္ဒိယ အလုပ်သမား များ ကို တင်သွင်း အသုံးချခဲ့ကြသည်။ လွတ်လပ်ရေး ရပြီး နောက်တွင်လည်း လက်ဝဲသမား တို့ ဆန့်ကျင်လာမှု နှင့် အတူ ပြည်တွင်းစစ်ပွဲကြီး ပေါ်ပေါက်လာပြီး နောက်ပိုင်းတွင် နိုင်ငံတကာ နှင့် အဆက်အဆံ မလုပ်တော့သည့် အနေအထားများဖြင့် စုံးစုံးမြုပ်သွားခဲ့ရသည်။

၁၉၈၈ တွင် ပေါ်ပေါက်လာသော စစ်အစိုးရသည် အရင်းရှင် ခေတ်သစ် တခု ကို ဖန်တီးသွတ်သွင်းလာခဲ့သည်။ အဆိုပါ စနစ်ကြီး အားလည်း တဖက်အိမ်နီးချင်း နိုင်ငံကြီး၏ အရှိန်အဟုန် မြင့်မားလာသော စက်မှု တော်လှန်ရေးကြီးနှင့် ပြိုင်ဖက် လက်နက်ကိုင် အဖွဲ့အစည်းများကို နီးနီးကပ်ကပ် ဆက်နွယ်ထားပြန်သည်။ ပေါ်ထွန်းလာသော ဈေးကွက်များကြောင့် လယ်ယာမြေများ သိမ်းယူခံရခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းမှု ပျက်ပြားလာခြင်း၊ လူနည်းစုတိုင်းရင်းသားများ နေရပ်များမှ ဖယ်ထုတ်ခံရခြင်း အစရှိသည်များကြောင့် ကိုလိုနီ ခေတ် နောက်ပိုင်းတွင် အဆိုးဝါးဆုံးသော လူတန်းစား မညီမျှသည့် လူ့နေမှု အဖွဲ့အစည်းကြီး ပေါ်ပေါက် လာခဲ့ရသည်။

၂၀၁၁ နောက်ပိုင်း ပြုပြင်ပြောင်းလဲမှုများကြောင့် စစ်အစိုးရခေတ်တွင် အရင်းရှင်စနစ်၏ အဆိုးဝါးဆုံးသော အနေအထား အချို့ကို ထင်ရှားအောင် ပြုလုပ်ပေးသလို ဖြစ်လာရပြန်သည်။ ထိုကာလများ၏ စီးပွားရေး တိုးတက်လာမှုများသည်လည်း အနောက်နိုင်ငံများမှ စီးပွားရေး ဒဏ်ခတ်မှုများ ဖယ်ရှားပေးလာခြင်း နှင့် ကျွမ်းကျင်မှု မရှိသော ပြည်တွင်း အလုပ်သမားများအား ပြည်ပ မှ ပို၍ ခေါ်ယူ အသုံးပြုလာခြင်းများ ကြောင့်သာ ဖြစ်သည်။ ထို့အတွက် လူတန်းစား မညီမျှမှုများသည် ထပ်မံ နက်ရှိုင်းလာခဲ့ရသည်။

နိုဝင်ဘာ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပင် အနိုင်ရမည် ဆိုသည်က စိုးစိမျှပင် ယုံမှား သံသယ ဖြစ်စရာ မလိုပေ။ မြန်မာ၏ နိုင်ငံရေးသည် အဓိကအားဖြင့် ယုံကြည်မှု ပေါ်တွင်သာ အမှီသဟဲ ပြုနေပေသည်။ နိုင်ငံတွင်း ရှိ မြန်မာ စကား ပြောသူ အများစုသည် ဒေါ်အောင်ဆန်းစုကြည်မှ လွဲ၍ အခြားမည်သည့် ပုဂ္ဂိုလ်တဦးတလေကိုမျှ အယုံအကြည်လည်း မရှိကြပေ။ တိုင်းရင်းသား လူနည်းစုများကတော့ သူတို့ နှင့် သက်ဆိုင်သည့် ပါတီများကိုသာ မဲပေးကောင်း ပေးကြမည် ဖြစ်သည်။ သို့သော်လည်း မဲအများစု ရသူသည်သာ ပန်းဝင်သူ ဖြစ်လာမည့် First-Past-the-Post စနစ်နှင့် မဲဆန္ဒနယ် အများစုတွင် တိုင်းရင်းသား လူနည်းစုများ သည် အရောရော အထွေးထွေး နေထိုင်နေကြခြင်း အစရှိသည် တို့ကြောင့် အားလုံးခြုံကြည့်လျှင် မည်သို့မျှ ရိုက်ခတ်နိုင်မှု ရှိမည် မဟုတ်ပေ။

မြန်မာ နိုင်ငံရေး တွင် သာမန်ပြည်သူလူထု ရင်ဆိုင်နေရသော စီးပွားရေး အကြပ်အတည်းများ နှင့် စိုးရိမ်ကြောင့်ကြမှုများက ယခုအချိန်အထိ ထင်ဟပ်နိုင်စွမ်း မရှိသေးပေ။ လာမည် နှစ်များ အတွင်း နောက်လာမည့် မျိုးဆက်သစ်များ ကို ပုံဖေါ်ပေးနိုင်မည့် လူမှုရေး အင်အားစုများက ရှေ့တန်းသို့ ရောက်လာကြမည် ဖြစ်သည်။ ထိုအခါတွင် ကြွယ်ဝမှုများကို အတူတကွ ညီတူမျှတူ ခံစားနိုင်ရမည် ဆိုသည့် အမြင်အစား ဆင်းရဲသော မြန်မာစကားပြော ဗုဒ္ဓဘာသာ လူများစုနှင့် လူနည်းစု တိုင်းရင်းသား များ အကြား မိမိတို့၏ ကိုယ်ပိုင် လက္ခဏာ များ နှင့် စပ်လျှင်းသော ပြဿနာများ ကြောင့် တဦးကို တဦး ရန်စွယ်ငေါငေါ ဖြစ်လာဖို့က မရည်ရွယ်ဘဲနှင့် အလိုအလျှောက် ပေါ်ပေါက်လာပေလိမ့်မည်။

တိုင်းပြည် ဖွံ့ဖြိုးရေး အတွက် ပို၍ မဟာဗျူဟာ ကျသည့် နည်းလမ်းမျိုးဖြင့် ချဉ်းကပ်လုပ်ဆောင်သွားရန် လိုအပ်နေသည်။ မြန်မာသည် အာရှ၏ အလယ်ခေါင်တည့်တည့် တွင် ရှိနေသည့် ပထဝီ အနေအထားကြောင့် သာမက အခြား ဒီထက်မက လွန်စွာ အရေးပါသော စွမ်းရည် များ နှင့် ပြည့်နှက်နေသည့် နိုင်ငံမျိုးလည်း ဖြစ်သည်။

အဆိုပါ ရှိရင်းစွဲ စွမ်းဆောင်နိုင်မှုများကို လက်တွေ့ အကောင်အထည် ဖေါ်လာအောင် အသုံးချနိုင်ဖို့ ဆိုသည်က ပြည်တွင်းရှိ အရင်းအမြစ်များကို အကြီးအကျယ် စုစည်းနေရာချထားနိုင်ရမည် ဖြစ်သည့်အပြင် စက်မှု ထွန်းကားသည့် မြို့ပြ များ ပေါ်ထွန်းရေးကို ဦးတည်စေမည့် ကျန်းမာရေး၊ ပညာရေး၊ သယ်ယူပို့ဆောင်ရေး နှင့် သန့်စင်သော စွမ်းအင်များ အသုံးပြုရေး ကဏ္ဍများတွင် ပြည်ပမှ ရင်းနှီးမြှုပ်နှံလာအောင် ပြုလုပ်ရမည် ဖြစ်သည်။

ထို့အတွက် ဂျီဒီပီ ပမာဏ တိုးမြှင့်ရေးကို ဦးစားပေးနေသည်ထက် နိုင်ငံ တွင်းရှိ အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် တိုးတက်လာရေး၊ အစိုးရပိုင်း နှင့် ပုဂ္ဂလိက ပိုင်းများရှိ စက်မှု ကုန်ထုတ်လုပ်ငန်းများ၊ သုတေသန နှင့် တီထွင်နိုင်မှုများ မြှင့်တင်ရေး များကို ပို၍ အာရုံစိုက် လုပ်ဆောင်သွားရမည်သာ ဖြစ်သည်။ မိမိတို့ ပြုလုပ်ရန် ရှိနေသည့် ဖွံ့ဖြိုးရေး အစီအမံများကို အထောက်အကူ ပြုပေးနိုင်ရန် ဗျူရိုကရေစီ ယန္တယားအားလည်း ပြုပြင် ပြောင်းလဲရမည်။ ပို၍ မျှတပြီး တန်းတူရည်တူ ရှိမည့် လူ့ဘောင်ကြီး ပေါ်ထွန်းရေး မဟာဗျူဟာ နှင့် လိုက်လျောညီထွေရှိမည့် ဈေးကွက်များ ဖြစ်ပေါ်စေရေးကို ပျိုးထောင်ပေးသွားရမည်။

နှစ်ပေါင်း ခုနှစ်ဆယ် နီးပါး လက်နက်ကိုင် ပဋိပက္ခများ နှင့် လူမျိုးရေး ကွဲပြားနေမှု ဒဏ်ရာဒဏ်ချက်များကြောင့် စိတ်အနာတရ ဖြစ်နေသော နိုင်ငံအား အတူတကွ ပြန်လည် စုစည်း ချုပ်လုပ်ပေးနိုင်မည့် တခုတည်းသော အပ်တချောင်းသည်ကား ဖွံ့ဖြိုးလာမှုပင် ဖြစ်သည်။ ဤသည်က ဆင်းရဲ ပြီး အန္တရာယ်များနှင့် မလုံမခြုံ နေထိုင်နေရသူ များ အပါအဝင် လူတိုင်း အတွက် အသင့်တော်ဆုံးပင် ဖြစ်သည်။

ပထမဦးဆုံး ခြေလှမ်းအဖြစ် ဆင်းရဲနွမ်းပါးသူများအား ငွေကြေး ကို တိုက်ရိုက်ရောက်ရှိအောင် စီမံရမည် ဖြစ်သည်။ ကပ်ရောဂါဆိုးကြီး မှ လွန်မြောက်လာမည့် ကမ္ဘာကြီးအား နည်းပညာ အသစ်အဆန်းများ၊ ရာသီဥတု ပြောင်းလဲရေး ကို ထိန်းချုပ်လာမှု များ နှင့် ရွေ့လျားနေပြီဖြစ်သော ဘူမိနိုင်ငံရေး အနေအထားများက ပဲ့ကိုင် မောင်းနှင်သွားတော့မည်လည်း ဖြစ်သည်။

ထိုအနေအထားနှင့် အံဝင်ဂွင်ကျ ဖြစ်နိုင်ရေး အတွက် ဘဏ္ဍာငွေကြေးများ အပိုင်းတွင် အသုံးမပြုရသေးသော ဘီလီယံပေါင်း များစွာ ကို ဆွဲထုတ် စုစည်းပေးနိုင်မည့် စွမ်းဆောင်ရည်များ မြန်မာတွင် အပြည့်အဝ ရှိနေပြီ ဖြစ်သည်။ ထို့အပြင် ပြည်ပမှလည်း ဘီလီယံပေါင်းများစွာ ချေးငှား နိုင်ပေဦးမည်လည်း ဖြစ်သည်။ သို့မှသာ အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရေး၊ အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ စီးပွားရေးကို ပြန်လည် ပုံဖေါ်ရေး စသည့် အစီအမံ အသစ်များကို ချက်ခြင်း ဆိုသလို ပုံအော စတင်နိုင်မည် ဖြစ်သည်။

မြန်မာတို့ အချိန် ထပ်ဖြုန်း၍ မရတော့ပေ။

(Nikkei Asia Review စာစောင်တွင် ပါရှိသော ကုလ အတွင်းရေးမှုးချုပ်ဟောင်း ဦးသန့်၏ မြေး ဦးသန့်မြင့်ဦး ရေးသားသည့် “Myanmar should use Covid-19 crisis to end 30 years of crony capitalism” ကို ပြန်ဆိုသည်)


Spread the love
  •  
  •  
  •  
  •  
  •  
  •