NLD အစိုးရ လက်ထက် (၄) ကြိမ်မြောက် ငြိမ်းချမ်းရေး ညီလာခံ သြဂုတ်လတွင် ကျင်းပမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

NLD အစိုးရ လက်ထက် (၄) ကြိမ်မြောက် ငြိမ်းချမ်းရေး ညီလာခံ သြဂုတ်လတွင် ကျင်းပမည်

 

နေပြည်တော်၊ ဇူလိုင် ၆

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထ အကြိမ် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် သြဂုတ် ၁၂ ရက်မှ ၁၄ ရက်အထိ (၃) ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ယခင် အစည်းအဝေး များတွင် ကိုယ်စားလှယ် (၇၀၀) မှ (၁၀၀၀) အတွင်း တက်ရောက် ခဲ့သော်လည်း ယခု စတုတ္ထအကြိမ် အစည်းအဝေးတွင် သုံးပုံ နှစ်ပုံအထိ လျှော့ချ ကျင်းပမည် ဖြစ်ကြောင်း ရခိုင် လက်နက်ကိုင်အဖွဲ့(ALP) ဗဟို အလုပ်အမှုဆောင် ဒေါ်စောမြရာဇာလင်းက ဘီဘီစီ သတင်းဌာနသို့ ပြောကြားထားသည်။

ညီလာခံများကို ယခင်က (၅) ရက်ကြာ ကျင်းပခဲ့သော်လည်း လက်ရှိ အချိန်တွင် COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် (၃) ရက်သာ ကျင်းပမည် ဖြစ်ပြီး ကိုဗစ် ရောဂါဆိုင်ရာ သတ်မှတ် စည်းကမ်းချက်များ နှင့်အညီ ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစု ပင်လုံ၊ ပြည်ထောင်စု သဘောတူ စာချုပ်တွင် ထည့်သွင်း ချုပ်ဆိုမည့် အချက်များကို အစိုးရနှင့် အပစ်ရပ်စာချုပ် လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညှိနှိုင်းနေကြောင်း ဒေါ်စောမြရာဇာလင်းက ပြောဆိုသည်။

မကြာမီ ကာလတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအဝေးများ ကျင်းပရန် ရှိနေပြီး အဆိုပါ အစည်းအဝေး များတွင် ညီလာခံ ကျင်းပမည့် ရက်ကို အတည်ပြု ကြေညာသွားမည် ဖြစ်ကြောင်း သိရှိရသည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •