“R2P ကို တောင်းဆိုရတော့မည်လော”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

R2P ကို တောင်းဆိုရတော့မည်လော
**********************************

ငြိမ်းချမ်းစွာ ဆန္ဒပြနေသော အသက် ၁၉ နှစ်အရွယ်ရှိ မမြတ်သွဲ့သွဲ့ခိုင်၏ နှာခေါင်းပေါက်မှ အောက်စီဂျင်ပိုက်ကို မချိတင်ကဲကြေကွဲဝမ်းနည်းစွာ ရပ်ကြည့်နေရှာသော မိဘ၊မောင်၊ညီအမများ၏ သဘောတူညီချက် ဖြင့် ဖြုတ်လိုက်ရချိန်တွင်တော့ ဘရပ်ဆဲလ်ရှိ နိုင်ငံတကာ ရာဇဝတ်မှုများ ဆိုင်ရာ တရားရုံး ICC မှ တရားလို ရှေ့နေချုပ် အသစ်အဖြစ် အဆိုပါ အမှုများတွင် အတွေ့အကြုံများစွာ ရှိသော ဗြိတိသျှ ဝတ်လုံတော်ရ ကာရင် ခန် အား ရွေးချယ်လိုက်ပြီ ဖြစ်သည်။ ၎င်းသည် ကြန့်ကြာနေသော အမှုများ အမြန်ဆုံး တရားစွဲဆိုနိုင်ရေး အတွက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

သူသည် သက်တမ်းကုန်သွားပြီ ဖြစ်သော အာဖရိက အမျိုးသမီးကြီး ဖာတူ ဘင်တူဆာ ၏ နေရာတွင် ဇွန်လမှ စ၍ တာဝန်လွှဲပြောင်းယူမည် ဖြစ်သည်။

အိုင်စီစီ ၏ တရားစွဲခံရမည့် စာရင်းတွင် ထိပ်ဆုံးက ရှိနေသော မင်းအောင်လှိုင်သည် နိုင်ငံအနှံ့ တနေ့တခြား တိုးတက်များပြားလာနေသော ဆန္ဒပြကန့်ကွက်မှုများကို သန်းကောင်ယံ လူဖမ်းပွဲများ၊ ခြိမ်းခြောက် အကျပ်ကိုင်ခြင်းများ၊ ကာဖြူး အမိန့် ထုတ်ပြန်ခြင်း၊ တခါတရံ ကင်မရာရှေ့ထွက်ကာ အမြီးအမောက် မတည့် ပြောဆိုခြင်းများ လုပ်နေသော်လည်း ကျန်သော စစ်ကောင်စီဝင်များထဲမှ ထူးထူးခြားခြား ရှေ့တန်း ထွက်လာသူဟူ၍ မတွေ့ရသေးပေ။

ဤသည်ကလည်း ထိုမျှလောက်သာ လုပ်ပိုင်ခွင့် ပေးထား၍လော၊ သို့တည်းမဟုတ် သူ၏ အာဏာ တည်မြဲရေးအတွက် ကြီးမားစွာ အန္တရာယ် ပြုလာနေသည့် CDM ကို အရင်ဦးအောင် ဖြိုခွင်းပြီးမှ
လမ်းပေါ် ဆန္ဒပြသူများကို ရှင်းမည်ဟု စိတ်ကူးနေသည်လော။

စစ်တပ်သည် သံဃာတော်များကိုပင် ရိုက်နှက် သတ်ဖြတ်ရန် ဝန်လေးသူများ မဟုတ်ကြသဖြင့် မင်းအောင်လှိုင်ကို မည်သူကမျှ လျော့တွက်ထားကြခြင်းမရှိပေ။

ယခု နောက်ဆုံးကြံစည်လာသည်မှာ ဆိုက်ဘာ လုံခြုံရေး ဥပဒေဟုဆိုကာ တရုတ်၏ အကူအညီဖြင့် firewall တပ်ဆင်၍ အွန်လိုင်းမှ စောင့်ကြည့်ထောက်လှမ်းသွားမည်ဟု ခြိမ်းခြောက်လာခြင်းပင်
ဖြစ်သည်။ အွန်လိုင်း အသုံးပြုသူများ၏ အချက်အလက်များကို သိုမှိးထားရမည်ဖြစ်ပြီး လိုအပ်သလို အရေးယူသွားမည်လည်း ဖြစ်သည်။

မြန်မာသည် အရှေ့တောင်အာရှတွင် လွတ်လပ်စွာ ထုတ်ဖေါ်ရေးသားခွင့် အရှိဆုံး နိုင်ငံ အဖြစ်မှ နေ့ချင်းညချင်းဆိုသလို တရုတ် နိုင်ငံသားများ ဘဝ ဖြစ်သွားခဲ့ပေပြီ။ ဒုတိယ အဆင့်အနေဖြင့်
တရုတ်အကူ အညီ ယူကာဟင်းလျာပုံများ၊ အလှပုံများ သာ တင်လို့ရတော့မည့် ကျွန်တော် တခါက ပြောသလို shwebook ကို တီထွင်ကြပေဦးမည်။ ထို့ထက် ပို၍ ဆိုးသည်က စင်္ကာပူ ဝန်ကြီးချုပ် လီကွမ်ယု ပြောခဲ့သလို ကုန်စုံဆိုင်ကိုပင် ဖြစ်မြောက်အောင် မလုပ်နိုင်သူများက တိုင်းပြည်ကို အုပ်ချုပ်လာတော့မည့် အရေးပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရ၏ ငါးနှစ်တာ ကာလအတွင်း လျှာထွက်မက ကြိုးပမ်းတည်ဆောက်ယူခဲ့သော တိုးတက်လာခဲ့မှုများသည်ကား မင်းအောင်လှိုင်၏ အာဏာငမ်းဖမ်းမှု အောက်တွင် ပျောက်ကွယ်ရန် တာစူ လာနေပြီ ဖြစ်သည်။

သို့သော် တနိုင်ငံလုံးကို လက်ဝါးကြီးအုပ်၍ ထင်သလို အုပ်ချုပ်ရန် ဆိုသည့် မိုက်မဲလှသော စိတ်ကူးကို အကောင်အထည်ဖေါ်နိုင်ရေး အတွက် မနေ့ညက နောက်ထပ် နိုင်ငံသားတို့၏ အခွင့်အရေး ကို အကြီးအကျယ် ချိုးဖောက်လာသော ဥပဒေ တခုကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥပဒေအမှတ် (၄/၂၀၂၁) ဟု အမည်တပ်ကာ လက်မှတ်ထိုး၍ ပြောင်ပြောင်တင်းတင်း ကြေညာ လိုက်သည်။ အဆိုပါ ဥပဒေဖြင့် နိုင်ငံသား တဦး အိမ်သို့ ၎င်းတို့ စိတ်မထင်လျှင် မထင်သလို ဝင်စီး နိုင်ပြီး ရက်ပေါင်းများစွာ စွဲချက်မတင်ပဲ အမြင်ကပ် ပုဒ်မ သက်သက်ဖြင့် ဖမ်းချုပ်ထားနိုင်သည်။ အာဏာရှင်တို့၏ အသက်ငင်သံကြီးကြောင့် တိုင်းပြည်သည် နေ့ချင်းညချင်း ဆိုသလို ဂျပန်ခေတ်သို့ ပြန်လည် သက်ဆင်းသွားခဲ့ရပေတော့သည်။

မင်းအောင်လှိုင်၏ လုပ်ရပ်များက ၎င်းတို့အား တော်လှန်မှသာ ဖြစ်တော့မည်ဟူသော လူထု၏ စိတ်ဓါတ်ကို မာကျောသည်ထက် မာကျောအောင် ထုဆစ်သွန်းလောင်းပေးနေသလို ဖြစ်လာခဲ့ရသည် ကိုပင် မစဉ်းစား နိုင်တော့၊ အသက်ငင်လာနေသော လူတဦးသည် ဘာကိုများ စဉ်းစားနိုင်ဦး ပေမည်နည်း၊ သူ့အဖို့က လက်ရှိ ၎င်းအား ဆန့်ကျင် အုံကြွနေမှုကြီးကို မြန်နိုင်သမျှ မြန်အောင် နှိမ်နှင်းချင်စိတ်က လွှမ်းမိုးနေသည်။

ယခုအခါ ပြည်သူတရပ်လုံးက မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးရန် လက်နက်တပ်ဆင် ပေးလိုက်ပြီ ဖြစ်သော ထောင်ထွက်များ နှင့် မင်းအောင်လှိုင်၏ သစ္စာတော်ခံ အလုပ်အကျွေးများ ရန်မှ ကာကွယ်ရန် အချင်းချင်း အုပ်စုများ ဖွဲ့၍ စည်းလုံးစွာ ခုခံတွန်းလှန်သွားရန် စိုင်းပြင်းလာနေပြီ ဖြစ်၍ တင်းမာမှုများ မြင့်တက်လာနေပြီ ဖြစ်သည်။

မင်းအောင်လှိုင်၏ ထောင်ဖွင့်ပေးလိုက်မှုကြောင့် ဒုစရိုက်သမား နှစ်သောင်းကျော်ခန့် လမ်းများပေါ် ရောက်လာကြသည်နှင့် အတူ အဖျက်သမားများ ဖမ်းဆီးမိပြီ ဆိုသော သတင်းများ ထွက်ပေါ်လာနေ၍ ၈၈ ကလို မင်းမဲ့စရိုက်များ ဖြစ်မလာအောင် သတိကြီးစွာထားရတော့မည် ဖြစ်သည်။ မင်းအောင်လှိုင်၏ ရည်ရွယ်ချက်သည် လူထုအတွင်း မင်းမဲ့စရိုက်များ ဖြစ်လာပြီ ဆိုကာ နှိပ်ကွပ်ရန် အကြောင်း ပြ၍ ရသွားမည်။ ပြည်သူများကလည်း မိမိတို့ အား အကာအကွယ်ပေးပါရန် နိုင်ငံတကာသို့ ပန်ကြားနေသော အီးမေးလ်များ၊ မက်ဆေ့ချ်များက ပလူပျံအောင် ထွက်ပေါ်လာပြီး၊ ကုလသမဂ္ဂမှ ၂၀၀၅ ခုနှစ်တွင် နိုင်ငံအားလုံး၏ သဘောတူညီချက် ဖြင့် လက်မှတ်ရေးထိုး ပြဌာန်းလိုက်သော လူသားများ အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများမှ ကာကွယ်ရန် Responsibility to Protect (R2P) ကို ပင် တောင်းဆိုလာနေကြပြီ ဖြစ်သည်။

ယခုလောလောဆယ်တွင် မြန်မာပြည်သူများ နားအခါးဆုံး စကား နှစ်ခုမှာ “စစ်တပ်” နှင့် “တရုတ်” ဖြစ်သည်ဟု ဂျပန်ထုတ် Nikki Asia Review တွင် ရေးသားထားသည်။

လက်ရှိတွင် အမေရိကန် က တရုတ်နှင့် ပတ်သက်၍ စစ်ရေးမဟာဗျူဟာ ရေးဆွဲရန် ပင်တဂွန်တွင် အထူး လုပ်ငန်းအဖွဲ့ကို သမ္မတ ဘိုင်ဒင်က ဖွဲ့စည်းပေးလိုက်ပြီးဖြစ်ရာ ရှေ့လျှောက် တင်းမာလာတော့
မည့် တရုတ်-အမေရိကန် တင်းမာမှုအကြားတွင် အာဏာသိမ်းအဖွဲ့ အဖို့ အသက်ရှူ ချောင်လာစရာ ဘယ်နည်းနှင့်မျှ မရှိနိုင်တော့ပေ။ ထိုအကြောင်းကို အာဏာငမ်းဖမ်းနေသော မင်းအောင်လှိုင်မှလွဲ၍
အားလုံးက သိမြင်နေကြပြီ ဖြစ်သည်။

အမေရိကန်သည် ယခုအခါ စစ်ခေါင်းဆောင်များကို ပြင်းပြင်းထန်ထန် ဆန့်ကျင်လာခြင်းသည် ဒီမိုကရေစီကို ကာကွယ်ပေးဖို့ထက် ၎င်းတို့၏ အကျိုးစီးပွားနှင့် ဘူမိနိုင်ငံရေး အနေအထားကို
ရှေ့တန်းတင်လာခြင်း ဖြစ်၍ ပိုမိုပြင်းထန်လာဖွယ်ရှိသည်ဟု ကမ္ဘာဆိုရှယ်လစ် အဖွဲ့ချုပ် ဝက်ဆိုက် တွင် သုံးသပ်ထားသည်။

အာဏာသိမ်း အဖွဲ့သည် ၎င်းတိုအပေါ် ကျရောက်လာရန် ရှိနေသည့် အဆိုပါ အန္တရာယ်ကြီးကို သတိမူ မိခြင်း မရှိသေးဘဲ ကိုယ့်လိပ်ပြာ ကိုယ်မရှက် ၎င်းတို့အား အာဏာသိမ်း အစိုးရဟု မီဒီယာ များမှ သုံးနှုံးနေမှုကိုလည်း အမိန့်ထုတ်ပြန်၍ တားမြစ်လာကြလေသည်။

ယခုအခါ တရုတ် ဓါတ်ငွေ့ပိုက်လိုင်းအား ဖေါက်ခွဲပြစ်မည်ဟု ခြိမ်းခြောက်လာနေသဖြင့် တောင်သာ မြို့နယ်တဝိုက်တွင် လုံခြုံရေး တင်းကျပ်စွာ ချထားနေရပြီဟု သိရသည်။ ထို့အတွက် ပိုက်လိုင်းကို ကာကွယ်ရန် တရုတ်စစ်တပ် (၎င်းတို့ထုံးစံ ဗော်လန်တီယာများ) ရောက်ရှိလာနိုင်သည်ဟု စိုးရိမ်မကင်း ဖြစ်လာနေကြသည်။

လက်ပံတောင် နှင့် ကြေးစင်တောင် ကြေးနီစီမံကိန်းမှ အလုပ်သမားများလည်း အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုကြီးတွင် ပါဝင်လာကြပြီး မြန်မာမီးရထားမှာ လုပ်ငန်းများ ရပ်ဆိုင်းသွားပြီ ဖြစ်သည်ဟု သိရသည်။

ရေနံ နှင့် သဘာဝဓါတ်ငွေ့ ဝန်ထမ်းများသည် အထွေထွေ သပိတ်ကြီးတွင် ပါဝင်လာသဖြင့် CNG အရောင်းဆိုင်အားလုံး ပိတ်လိုက်ရပြီ ဖြစ်၍ ရန်ကုန်တွင် YBS ယာဉ် ပြေးဆွဲမှု ရပ်တန့်သွားပြီဟု မြန်မာတိုင်းမ်တွင် ဖေါ်ပြထားသဖြင့် ယင်းသည် အာဏာသိမ်း အဖွဲ့အား အကြီး အကျယ် ထိုးနှက်လိုက်ခြင်းပင် ဖြစ်သည်။

အိန္ဒိယ လွှတ်တော်တွင် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲ ရလဒ်ကို လေးစားလိုက်နာပြီး ဒီမိုကရေစီ ပြန်လည် ရရှိရေး အတွက် အိန္ဒိယ မှ ကူညီပေးနိုင်မည့် အလားအလာများကို ဆွေးနွေး ခဲ့ကြသည်ဟု သိရသည်။

တခါက မြသန်းတင့် မသိ၊ မာမာအေး မသိ ၍ ပြစ်ရပြီဟု ယူဆထားသော လူငယ်များက လူကြီးများ၏ မပြီး ပြတ်ခဲ့သော တော်လှန်ရေးကို ရှေ့ဆုံးမှ ဦးဆောင်လာသည်ကိုတော့ မည်သို့မျှ မချီးကျုးပဲ နေ၍မရပေ။

အရေးတော် အောင်ရမည်!!!


Spread the love
  •  
  •  
  •  
  •  
  •  
  •