YBS ယာဉ်လိုင်းများပေါ်မှ ခါးပိုက်နှိုက်မှုကျူးလွန်သူ(၆)ဦးကို ဖမ်းဆီးရမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

YBS ယာဉ်လိုင်းများပေါ်တွင် လိုက်ပါ၍ ခရီးသွားပြည်သူများထံမှ ခါးပိုက်နှိုက်မှုကျူးလွန်သူ(၆)ဦးကို ဖမ်းဆီးရမိ

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များသည် ၉.၁.၂၀၂၁ ရက်နေ့ ၁၀၀၀ အချိန်တွင် ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများနှင့် YBS ကားမှတ်တိုင်များတွင် ခါးပိုက်နှိုက်ဖမ်းဆီးရမိရေး ဆောင်ရွက်နေစဉ် တောင်ဥက္ကလာပမြို့နယ်၊ (၁၅)ရပ်ကွက်၊ သံသုမာလမ်း၊ ဘေလီကားမှတ်တိုင်၌ YBS-84 ယာဉ်ပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက်သတင်းရှိသူ ထွန်းထွန်း၊ ဝိုင်းချစ်အောင်(ခ)ကုလား၊ ဇော်ဝင်းထွဋ်(ခ)ကြွက်နီ နှင့် သူရ (ခ)သူရမျိုးထွဋ် တို့(၃)ဦးအား တွေ့ရှိစစ်ဆေးရာ ၎င်းတို့လက်အတွင်းကိုင်ဆောင်ထားသော Redmi-6 အမျိုးအစား ဖုန်း(၁) လုံးနှင့် VIVO အမျိုးအစား ဖုန်း(၁)လုံးတို့မှာ အဆိုပါယာဉ်ပေါ်ပါ အသက်(၄၅)နှစ်ခန့်ရှိ အမျိုးသား (၁)ဦး၏ ကျောပိုးအိတ်အတွင်းမှ လူကာ၍နှိုက်ယူခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဖမ်းဆီးခဲ့ပါသည်။

ဖမ်းဆီးရမိသူ ထွန်းထွန်း ပါ(၄)ဦးကို အခြားပြစ်မှုများ ကျူးလွန်ခဲ့ခြင်းရှိ/မရှိ အသေးစိတ် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းတို့(၄)ဦးသည် ပူးပေါင်းပါဝင်သူ သူရဝင်းနိုင်၊ ကျော်မင်းသူ တို့နှင့်အတူ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်း မြောက်ဥက္ကလာပမြို့နယ်မှ YBS ယာဉ်လိုင်းများပေါ်သို့ လိုက်ပါစီးနင်း၍ ယာဉ်ပေါ်ပါ ခရီးသွားပြည်သူများထံမှ လက်ကိုင်ဖုန်းအမျိုးမျိုး (၆)လုံး နှင့် ၄.၁၂.၂၀၂၀ ရက်နေ့ ၁၉၃၀ အချိန်တွင် အသက်(၄၅)နှစ်ခန့်ရှိ အမျိုးသမီး(၁)ဦး၏ လက်ကိုင်အိတ် အတွင်းမှ ရွှေဆွဲကြိုး(၁)ကုံး အား နှိုက်ယူခဲ့ကြကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်း လက်ကိုင်ဖုန်းအမျိုးမျိုး(၈)လုံးနှင့် ရွှေဆွဲကြိုး (၁)ကုံး တို့အား ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ခါးပိုက်နှိုက်မှုကျူးလွန်သူ ထွန်းထွန်း ပါ(၆)ဦးကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •